ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၅ (မော်ကွန်း)
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က ကလေးမြို့ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လေကြောင်းကနေ ပစ်ခတ်၊ တိုက်ခိုက်၊ ကျူးလွန်ခဲ့တဲ့အပြင် ကျေးရွာအတွင်း ဖမ်းဆီး သတ်ဖြတ်မှုတွေ လုပ်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့ပြီး အခုအချိန်ထိ အလောင်းတွေ ကောက်လို့ မရသေးကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ရွာထဲကမှာကို အရပ်ဝတ်တွေနဲ့ ပတ်နေတာ ထွက်လာတဲ့ ပြည်သူမှန်သမျှ အကုန်ပစ်တယ်။ လမ်းမပေါ်မှာ အဲဒီနေ့က သေဆုံးသွားတဲ့ အမျိုးသမီးငယ်ရဲ့ အလောင်းကိုလည်း ခုထိ ကောက်လို့မရသေးဘူး။ လမ်းမပေါ်မှာ အလောင်းတွေကျန်သေးတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်အပြီး နောက်ရက်တွေမှာ ထပ်မံသေဆုံးသူတွေရှိပြီး အလောင်းကောက်ဖို့ လာတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ သူက ဆိုပါတယ်။
ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ညနေပိုင်းမှာ ရွာကို မီးရှို့ခဲ့ပါသေးတယ်။
နတ်မြောင်းရွာနဲ့ နတ်ချောင်းရွာက တဆက်တည်းဖြစ်ပါတယ်။
လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၂၀ ရှိနိုင်ပြီး ရဟတ်ယာဉ်တွေရဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွေအတွင်းမှာ ထိမှန် သေဆုံးနိုင်သူတွေရှိသလို ခုအထိ ရှာဖွေလို့ မရသေးတာကြောင့် နောက်ထပ် သေဆုံးသူတွေကို အတည်မပြုနိုင်သေးပါဘူး။
နတ်မြောင်းဟာ အိမ်ခြေ ၆၀၀ နီးပါးရှိပြီး နတ်ချောင်းဟာ အိမ်ခြေ ၂၀၀၀ ဝန်းကျင်ရှိတဲ့ ရွာတွေဖြစ်ကာ ဒီလို စစ်ကောင်စီတပ်တွေ တပ်စွဲပြီး ဖမ်းဆီး ရှာဖွေ သတ်ဖြတ်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လတ်တလော အခက်အခဲကတော့ စားနပ်ရိက္ခာတွေ ပြတ်လပ်စပြုလာပြီလို့ ဒေသခံကဆိုပါတယ်။
“ဘုန်းကြီးကျောင်းတောင် ရိက္ခာပြတ်လပ်လို့ ဒီကောင်တွေကို တောင်းပန်ပြီး ရှာဖွေနေရတယ်။ ဘုန်းကြီးကားကြည့်တော့ ကျည်ရာတွေနဲ့ သူတို့ ရဟတ်ယာဉ်နဲ့ပစ်တဲ့နေ့က ထိမှန်ထားတာ” လို့ ဒေသခံကဆိုပါတယ်။
ကျေးရွာအတွင်း ပိတ်မိနေသူတွေမှာ စားနပ်ရိက္ခာ အခက်အခဲရှိသလို တခြားနေရာတွေဆီ စွန့်ခွာပြေးရတဲ့ ဒေသခံတွေလည်း အတူတူပဲလို့ သူက ဆိုပါတယ်။
ကူညီထောက်ပံ့ဖို့ ရိက္ခာတွေပို့မယ်ဆိုရင်တောင် နတ်ချောင်းနဲ့ နတ်မြောင်းကို လာလို့ ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒီကောင်တွေက ကလေးမြို့ဘက်က လာမယ်ဆို လမ်းတဝက်လောက်ကတည်းက ပိတ်ထားတာ။ ဖြတ်တောက်ထားတာ။ အဲဒီနေရာကနေပြီးတော့လည်း နေ့တိုင်း နေ့နေ့ ညည ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်နေတာ” လို့ ဒေသခံက ပြောပါတယ်။
သူတို့ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းကို ပါထိမှန်ခဲ့သေးတယ်။
ခုလောလောဆယ်မှာ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲတွေ တိုက်ပွဲတွေ ထပ်ဖြစ်နိုင်တဲ့ အလားအလာရှိနေသလို စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းထားတာတွေ ကြားနေရတယ်လို့ ဒေသခံကပြောပါတယ်။
“တိုက်ပွဲထပ်ဖြစ်မှာ သေချာတယ်။ သေချာတာက ဒီကောင်တွေဘက်မှာ ပျူတွေပါ ပါတယ်ဗျ” လို့ သူကပြောပါတယ်။
သက်ကြီးရွယ်အိုတွေ ကျေးရွာတွေထဲမှာ ကျန်ခဲ့ပြီး ပိတ်မိနေတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာရှိနေတယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေကို လေကြောင်းနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပြီး အဲဒီဒေသက ပြည်သူတွေဟာ စစ်ရှောင်နေကြရပါတယ်။
ဒီကနေ့မှာလည်း ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ (၆) က လေးကေ့ကော်မြို့သစ်ကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့ပြန်ပါသေးတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်လို့ ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။
ဒါအပြင် စစ်ကောင်စီဟာ သူတို့နဲ့ တိုက်ပွဲဖြစ်ရာ ဒါမှမဟုတ် အဲဒီနေရာတဝိုက်က ပြည်သူတွေရဲ့ နေအိမ်တွေ၊ ရွာတွေကို ဝင်ရောက်ကာ ပစ္စည်းတွေ ခိုးယူတာ၊ မီးရှို့တာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီး မီးရှို့ သတ်ဖြတ်တာတွေပါ လုပ်ဆောင်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ဒီကနေ့ထိ စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ပြည်သူဟာ အနည်းဆုံး ၁၃၇၅ ဦး ရှိလာပါပြီ။
#Dailynews

