ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ နတ်ချောင်းစံပြကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ပြီး ရွာကိုလည်း စစ်ကောင်စီအဖွဲ့တွေက မီးရှို့နေကြောင်း ဒေသခံဆီက သတင်းရရှိပါတယ်။
ဒီကနေ့ ညနေပိုင်းမှာ မုံရွာလေတပ်စခန်းကနေ လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးက နတ်ချောင်းရွာကို လာရောက်ကာ စတင် လှည့်ပတ်ပစ်ခတ်ပြီး ကလေးလေယာဉ်ကွင်းကို ဆင်းသက်သွားတယ်လို့ ဒေသခံကဆိုပါတယ်။
ဆင်းသက်သွားပြီး မကြာခင်မှာ ကလေးလေဆိပ်က နောက်ထပ် စစ်ရဟတ်ယာဉ်တစ်စီးက နတ်ချောင်းရွာကို ထပ်မံ ပစ်ခတ်တိုက်ခိုက်တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ မနေ့ကတည်းက နတ်ချောင်းရွာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တပ်စွဲပြီး မွှေနှောက်ရှာဖွေခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“သူတို့ လိုချင်တဲ့သူမရတဲ့အခါ အမျိုးသမီးတစ်ဦး လသားပဲရှိသေးတဲ့ ကလေးမိခင်ကို ပါးတွေ နားတွေရိုက်ပြီး သွေးတွေ ချင်းချင်းနီပဲ ဖမ်းခေါ်သွားတယ်”လို့ ဒေသခံကပြောပါတယ်။
အဲဒီအမျိုးသမီးအပါအဝင် ဖမ်းဆီးခံထားရသူ အနည်းဆုံး လေးဦးရှိတယ်လို့ ဆိုပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဟာ ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။
ဒါအပြင် ဒီကနေ့ နံနက်ပိုင်းမှာပဲ ဆိုင်ကယ်စီးလာတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။
အခုညနေ လေကြောင်းကနေ ပစ်ခတ် ကျူးလွန်သွားပြီးတဲ့နောက် မြေပြင်က စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက အိမ်တွေကို မီးရှို့နေကြတယ်လို့ ဒေသခံကပြောပါတယ်။
“ရွာထဲမှာ ဓါတ်ဆီဆိုင်ပါ မီးလောင်နေတယ်လို့ ခုလောလောဆယ် ကြားသိရတယ်။ အသေးစိတ်တော့ မသိနိုင်သေးဘူး” လို့ သူကပြောပါတယ်။
နတ်ချောင်းရွာက ဘုန်းကြီးကျောင်း သုံးကျောင်းထဲက တစ်ကျောင်းမှာ ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော် နေထိုင် တပ်စွဲထားတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ဒေသခံတွေကတော့ ထွက်ပြေးနေရသူတွေရှိသလို ပိတ်မိနေသူတွေဟာလည်း ခုအချိန်မှာ အပစ်ခံနေရပြီး သူတို့ကို ကယ်ထုတ်ဖို့ ကြိုးစားနေရတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေက အရပ်သားပြည်သူတွေရှိတဲ့ ကျေးရွာ၊ နယ်မြေတွေကို မြေပြင်မှာ တပ်သားတွေနဲ့ တိုက်ခိုက်သတ်ဖြတ်နေတဲ့အပြင် လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီး ပစ်ခတ်ကျူးလွန်နေတာဖြစ်ပါတယ်။
ပုံစာ – နတ်ချောင်းရွာ မီးရှို့ခံနေရသည့် မြင်ကွင်းအား အဝေးတစ်နေရာမှ တွေ့ရစဉ်။
ဓါတ်ပုံ – ဒေသခံ
#Dailynews

