စစ်ကိုင်း – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမိသားစု ရှင်းလင်းခံရလို့ စိုးရိမ်ပြီး ဧရာဝတီမြစ်တစ်ဘက်ကမ်း ထွက်ပြေးနေတဲ့ ရွာသူရွာသားလေးဆယ်ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၇:၀၀ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ပြည်တော်သာကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မောင်မောင်စိုးအပါအဝင် ဇနီးနဲ့သမီးဖြစ်သူတို့ဟာ နေအိမ်အတွင်းမှာပဲ ဓားနဲ့အခုတ်ခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်မှာ ဇနီးဖြစ်သူသေဆုံးကာ အုပ်ချုပ်ရေးမှူးနဲ့သမီးဖြစ်သူတို့လည်း ဓားဒဏ်ရာများရရှိသွားလို့ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။
ပြည်တော်သာရွာက ရွာသူရွာသားတွေလည်း စစ်ကောင်စီတပ်တွေလာရောက်သောင်းကျန်းမှာ စိုးရိမ်တဲ့အတွက် ဧရာဝတီမြစ်တစ်ဖက်ကမ်းက တောထဲ သွားရောက်ပုန်းခိုခဲ့ကြရပါတယ်။
မနေ့ညနေပိုင်းမှာတော့ သတင်းပေးတွေကြောင့် ပုန်းခိုနေတဲ့ ကလေး၊ လူကြီးအယောက်လေးဆယ်ကျော်ကို ငါန်းဇွန်ရဲစခန်းကနေ ဖမ်းဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။
“ပြည်တော်သာနဲ့ကပ်ရပ် ရွာသစ်ကြီးထဲကလူတချို့လည်းအဖမ်းခံရတယ်။ အဖမ်းခံရတဲ့အထဲ မိန်းကလေးတွေလည်းပါတယ်။ အခုဆို ပြည်တော်သာကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတာ ငါးဆယ်လောက်ရှိနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရွာလူထုကို ခြိမ်းခြောက်ခြင်း၊ လူငယ်များကို စည်းရုံးပြီး ပျူစောထီးသင်တန်းတက်ရောက်စေရန် ကြိုးပမ်းခြင်း၊ အပြစ်မဲ့ရွာသားတွေဖမ်းဆီးခံရအောင် လုပ်ခဲ့တဲ့အတွက် ဒီအုပ်ချုပ်ရေးမှူးမိသားစုကို Sagaing Special Attacking Force (SSAF)နဲ့ Black Hawk Force Myinmuu (BHFM) အဖွဲ့က ပူးပေါင်း သုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
#Dailynews

