ရေစကြို – ၂၀၂၁ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာမှာ စစ်ကောင်စီက ဒေသခံတွေရဲ့နေအိမ်တွေကိုမီးရှိူ့ဖျက်ဆီးခဲ့ပြီး နယ်ခံ PDF တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၁၁း၃၀ အချိန်က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရွှေလှံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFအဖွဲ့တွေကြား နှစ်ဘက် အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်ဘက်က ခြောက်ဦး သေဆုံးကာ နှစိဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
နေ့လယ် ၁:၀၀ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်တွေဟာရေစကြိုနယ်ကနေ မြောင်နယ်အကူးမှာ ထပ်မံ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ထပ်မံသေဆုံးသူတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၆၀ မမ နဲ့ ၄၀ မမတွေနဲ့ အချက်ရေပေါင်း (၁၅)ချက်ခန့်ဖြင့် တိုက်စစ်ဆင်ခဲ့တဲ့အပြင် စနိုက်ပါတွေ အသုံးပြုကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ခဲ့ကြောင်း ရေစကြို PDF က ကြေညာပါတယ်။
လက်နက်အင်အားမမျှခြင်းအားအခွင့်ကောင်းယူကာ တိုက်ခိုက်လာခြင်းကို ခုခံရင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM မှ တပ်ဖွဲ့ဝင်သုံးဦးမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ဦးခေါင်းတွေကို တေ့ပစ်ခံရပြီး ကျဆုံးသွားခဲ့ကြောင်း ဆိုပါတယ်။
CDSOM တပ်ဖွဲ့ဝင် သုံးဦးလည်း ဒဏ်ရာတွေ ရရှိခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့သွားတဲ့ ရွှေလှံရွာကတော့ နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးကာ ဆိုင်ကယ်လေးစီး၊နွားနှစ်ကောင်ပါ မီးထဲပါသွားကြောင်း၊ မီးလောင်ကျွမ်းချိန် နှစိနာရီကျော်ကြာမြင့်ခဲဲ့ပြီး အနီးနားရွာတွေက လာရောက်ငြှိမ်းသတ်ပေးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးမှာ ရေစကြို၊ မြောင်၊ မြင်းခြံ၊ တလုပ်၊ မြင်းမူနယ်က PDFအဖွဲ့တွေ ပါဝင်ခဲ့ကြပါတယ်။
ပုံစာ – ရေစကြိုမြို့နယ် ရွှေလှံရွာ မီးရှို့ခံရပြီးနောက်
မြင်ကွင်း
ဓါတ်ပုံ-နယ်ခံ
#Dailynews

