ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၂၅ (မော်ကွန်း)
ရန်ကုန်မြို့၊ မြန်မာပလာဇာဈေးဝယ်စင်တာတွင် စစ်အာဏာရှင်ဆန့်ကျင်ပြုတ်ကျရေး ဆန္ဒပြခဲ့သည့် လူငယ်များအား လုံခြုံရေးများက ရိုက်နှက်ဖမ်းဆီးခဲ့သဖြင့် ပြည်သူများက ဝိုင်းဝန်းဝေဖန်ခဲ့ရာ တောင်းပန်ကြောင်း မြန်မာပလာဇာဘက်က ပြန်လည်ကြေညာခဲ့သည်။
လူငယ်များ ရိုက်နှက်ခံရသည့် ဓါတ်ပုံများသည် လူမှုကွန်ရက်မီဒီယာများတွင် အချိန်တိုအတွင်း လျှင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး မြန်မာပလာဇာတွင် သွားရောက်ဝယ်ယူအားပေးခြင်းမပြုရန် ပြည်သူအကြား လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။
ထို့အပြင် အဆိုပါ ဈေးဝယ်စင်တာမှ ဆိုင်တချို့နှင့် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတချို့ကလည်း လုပ်ငန်းများ ပိတ်ထားမည်ဖြစ်ကြောင်း အသီးသီးကြေညာလာခဲ့သည်။
မြန်မာပလာဇာကြေညာချက်တွင် ၎င်းတို့သည် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ်တားဆီးပိတ်ပင်သော မူဝါဒများ မရှိကြောင်းပါရှိကာ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကြောင့် ဝမ်းနည်းရသည်ဟု ဆိုထားသည်။
ပျံ့နှံ့လာသော ဓါတ်ပုံများတွင် လဲကျနေသော အမျိုးသမီးငယ်တစ်ဦးအား မြန်မာပလာဇာလုံခြုံရေးများက ဝိုင်းဝန်းဖမ်းဆီးနေပုံ၊ အမျိုးသမီးတစ်ဦး၏ မျက်ခုံးတွင် ဒဏ်ရာရရှိထားပုံ၊ ဆန္ဒပြလူငယ်များအား ဖမ်းဆီးနေပုံများ ပါဝင်သည်။
မြန်မာပလာဇာထုတ်ပြန်ချက်တွင် ယနေ့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် စည်းကမ်းနှင့်တာဝန်ခံယူမှုများကို တိုးမြှင့်သွားဦးမည်ဟု ဆိုထားသည်။
ယနေ့ နိုဝင်ဘာ ၂၅ ရက်သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ တနည်းအားဖြင့် အဆိုပါနေ့ကျရောက်သည့်အခါတိုင်းတွင် လှုပ်ရှားသော ၁၆ ရက်တာလှုပ်ရှားမှု စတင်သောနေ့လည်း ဖြစ်သည်။
မြန်မာပလာဇာနေရာသည် စက်မှု (၁) ဝန်ကြီးဌာနနေရာဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ Hoang Anh Gia Lai (HAGL) ကုမ္ပဏီက ရယူကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အဆောက်အအုံတွင် ဟိုတယ်၊ လူနေအိမ်ခန်းများ၊ ဈေးဝယ်စင်တာနှင့် ရုံးခန်းများပါဝင်သည်။
ပုံစာ – မြန်မာပလာဇာ၏ Facebook စာမျက်နှာမှ ကြေညာချက်။
#Dailynews

