မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၄ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက ကမ်းနားလမ်း ၄၁လမ်းညစျေးမှာ စျေးလာဝယ်တဲ့စစ်ကား ဗုံးပစ်ခံရပြီး ကားပေါ်ပါ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အနီးနားက ပြည်သူအချို့ ထိခိုက်ခဲ့ကြောင်း မြို့ခံများက ပြောပါတယ်။
ယာဥ်ပေါ်လိုက်ပါလာတဲ့ စစ်သား နှစ်ဦးသေဆုံးကာ သုံးဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“တဖျောက်ဖျောက်နဲ့အစောကြီးပဲ။ စစ်တပ်ကရမ်းပစ်တာ။ အိမ်ဘက်ကစျေးသည်တွေအကုန်ပြေးလာကြတာလူချည်းပဲ။ ပစ္စည်းတွေတောင်မယူနိုင်ကြဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကားအနီး ရောက်နေတဲ့ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားပေါ်က စစ်ကောင်စီတပ်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဲဒီပြည်သူ သုံးဦးအား အနူးအညွတ်တောင်းပန်ကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ GZP(Mandalay) အဖွဲ့သားတွေက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များနဲ့ ဝေးရာ မီတာ၂၀ခန့်မှ သွားလာနေ ထိုင်ကြပါရန် ထပ်မံသတိပေးအပ်ကြောင်း GZP(Mandalay) ထုတ်ပြန် ကြေညာပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရမှာစိုးရိမ်လို့ ဆိုင်ကယ်စီးနင်းမှုတွေကို နေ့စဉ်တင်းကျပ်စွာစစ်ဆေးနေပေမယ့် ယခင်ရက်ပိုင်းအတွင်းကပဲ မြို့ပေါ်ရပ်ကွက်ရုံးရှေ့က စစ်သားတချို့ပစ်ခတ်ခံခဲ့ရပါသေးတယ်။
#Dailynews

