မြောင် – ၂၀၂၁ အောက်တိုဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ကြက်ခြံတွေနဲ့ လူနေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ညနေ ၃ နာရီဝန်းကျင်က မြောင်မြို့နယ် ကင်းစံပြကျေးရွာနဲ့ရွာသစ်ကြား ကင်းလမ်းခွဲအနီးမှာရှိတဲ့ ကြက်ခြံနဲ့လူနေတဲအိမ်တွေကို မီးရှို့ခဲ့တာပါ။
ဘာ့ကြောင့် ဝင်ရောက်ဖျက်ဆီးမီးရှို့သွားရတယ်ဆိုတာကိုမသိရဘဲ ၎င်းတို့ဝင်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကြက်ခြံတွေမီးမရှို့မီ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်ကတော့ ကျေးရွာတွေကနေ ကင်းလှည့်အပြီး မြောင်ကိုပြန်လာတဲ့ စစ်ကောင်စီတပ်ဟာ အပြန် လမ်းခုလပ်တစ်နေရာမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကာ သူတို့စီးနင်းလာတဲ့ ဆယ့်နှစ်ဘီးကားတစ်စီးနဲ့ ကားအသေး တစ်စီး တိမ်းမှောက် မီးလောင်သွားကြောင်း မြောင် ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ကျောက်ရစ်တိုက်ပွဲတုန်းက ပါဝင်ခဲ့တဲ့ စစ်ကောင်စီ ဗိုလ်ကြီး တစ်ယောက်အပါ စစ်သား (၁၅) ယောက် သေဆုံးတယ်လို့ မြောင် PDFက သတင်းထုတ်ပြန်ပါတယ်။
မြောင်နယ်မှာ မြောင် PDFအပါအဝင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရတဲ့ကြက်ခြံတွေနဲ့လူနေတဲအိမ်များ
ဓါတ်ပုံ-ဒေသခံ
#Dailynews

