စစ်ကိုင်း – ၂၀၂၁ အောက်တိုဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတောင်ရိုးက သီလရှင်ကျောင်းကိုဝင်စီးပြီး ဆရာလေးတွေကိုရိုက်နှက်ခဲ့ဖူးတဲ့ စစ်ကိုင်းမြို့က ရဲအုပ်တစ်ဦးလိုက်ပါလာတဲ့ ကားဟာ မနေ့က မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့နံနက်က အရာတော်မြို့နယ်ထဲက PDF စခန်းတစ်ခုကို ဝင်စီးနင်းရာမှာ အဲဒီ ရဲအုပ် ဘုန်းထက်အောင်ဟာ ပါဝင်ခဲ့ပြီး အပြန်လမ်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘုန်းထက်အောင်လည်း ထိခိုက်ဒဏ်ရာတွေရခဲ့သလို စစ်ကောင်စီသတင်းပေး တစ်ယောက်လည်း ခြေနှစ်ဘက်ပြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရဲအုပ်ဘုန်းထက်အောင်ဟာ ဒေသခံတွေအကြား နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်ကိုင်းချောင်က သီလရှင်ကျောင်းကို စီးနင်းကာ သီလရှင်တွေကို ရိုက်နှက်ခဲ့ရာမှာ ဦးဆောင်ခဲ့သူလို့ ဒေသခံတွေကပြောပါတယ်။
မိုင်းဆွဲခံရလို့ ဘုန်းထက်အောင်စီးနင်းလာတဲ့ ကားအပါအဝင် အိမ်စီးကားနှစ်စီးပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ပါတယ်။
ပုံစာ – မိုင်းထိပြီး ချန်ထားခဲ့ရသော အာဏာသိမ်းစစ်ကောင်စီ အသုံးပြုသည့် အိမ်စီးကားတစ်စီး။
ဓါတ်ပုံ-အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး
#Dailynews

