မော်လမြိုင်ကျွန်း – ၂၀၂၁ အောက်တိုဘာလ ၇ (မော်ကွန်း)
ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ၁၀ ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီ သတင်းပေးတစ်ဦး မနေ့ညပိုင်းက ဓါးနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြည့်သူစစ်အဖွဲ့ဝင် မင်းမင်းဆိုသူကို အမည်မသိသူ တစ်ဦးက ည ကိုးနာရီကျော်လောက်မှာ ဓါးနဲ့ထိုးခဲ့လို့ ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ ဒလန်လုပ်နေတဲ့သူပါ၊ ညက ဓါးထိုးခံရတဲ့သူက။ ပြီးတော့ ပြည်သူ့စစ်ထဲလည်း ဝင်ထားတယ်ကြားတယ်။ အာဏာသိမ်းပြီးကတည်းက ရပ်ကွက်ထဲ မြောက်ကြွ မြောက်ကြွ လုပ်နေတဲ့သူ၊ ညကဖြစ်သွားတာတော့ ဘယ်သူထိုးမှန်းမသိဘူး၊ဆေးရုံပို့သေးတယ်၊ ပို့တဲ့အချိန်မှာ သေသွားတာ”လို့ ၎င်းဒေသခံက ပြောပါတယ်။
စစ်ကောင်စီက သူ့ရဲ့သတင်းပေးဓါးနဲ့ထိုးခံရပြီးနောက်မှာ ရပ်ကွက်ထဲဝင်ရောက်လာပြီး ဆဲဆို ခြိမ်းခြောက်၊ ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့သလို မနက်ပိုင်းမှာလည်း လမ်းသွားလမ်းလာတွေကို တုတ် ဓါး လက်နက်စစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့ အမှတ် ၁၀ ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေ အများဆုံးထိုင်တဲ့ ဟက်ပီးလက်ဖက်ရည်ဆိုင်နားမှာ အောက်တိုဘာ ၃ ရက်က ဗုံးပေါက်ကွဲခဲ့သေးပါတယ်။
မော်လမြိုင်ကျွန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗုံးပေါက်ကွဲမှု ငါးကြိမ်ထက်မနည်း ရှိခဲ့ပေမယ့် စစ်အုပ်စုရဲ့အမာခံသတင်းပေး သုတ်သင်ရှင်းလင်းခံရတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
#Dailynews

