ရန်ကုန်-၂၀၂၃ အောက်တိုဘာ ၁၆ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ပေါ်မှာ ရေပြန်ကျပြီးနောက် မြို့အောက်ဘက်က ကျေးရွာတွေမှာ ရေဆက်ဝင်နေတာကြောင့် အကူအညီတွေ လိုအပ်နေသေးတယ်လို့ လှည်းကူး Information Centre ကတာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
လက်ရှိအချိန်ထိတော့ ရေပြန်ကျနိုင်မယ့်အလားအလာမရှိသေးဘဲ ချောင်းနဲ့နီးတဲ့ရွာတွေမှာ ရေပိုဝင်နေတယ်လို့ သူကပြောပါတယ်။
“ တချို့နေရာတွေက တန့်နေတာ၊ တချို့နေရာတွေက ဝင်နေတုန်းပဲဗျ။ အဓိကတော့ ချောင်းဘေးနဲ့နီးတဲ့ရွာတွေကတော့ ပိုဝင်တာပေါ့။ လှည်းကူးမြို့ပေါ်ဆို တောက်လျောက်ကျနေတယ်” လို့ပြောပါတယ်။
ရေဆက်ဝင်နေတဲ့ရွာတွေဟာ လှည်းကူးမြို့တောင်ပိုင်း ချောင်းနဲ့နီးတဲ့ရွာတွေဖြစ်တဲ့ ဘိုးရင်ကလေး၊ ကင်ပွန်းခြုံ၊ အဝိုင်း၊ မလစ်(အရှေ့၊ အနောက်)၊ စစ်ပင်၊ နဘဲပင်၊ ဆားတလင်းနဲ့ ကျွန်းကုန်း စတဲ့ရွာတွေဖြစ်တယ်လို့ သူကဆိုပါတယ်။
အဲဒီရွာတွေက ဒေသခံတွေက ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ မြင့်တဲ့နေအိမ်တွေမှာ စုနေကြပြီး အကူအညီတွေလည်း လိုအပ်နေသေးတယ်လို့ သူကဆက်ပြောပါတယ်။
“လိုအပ်နေတာတွေတော့အများကြီးပဲ။ အစာခြောက်(ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ)တွေလာပေးရင်တော့ နှစ်ရက်သုံးရက်လောက်ကောင်းလောက်နိုင်မယ်။တစ်ယောက်စာပေါ့။ အစာအစို(ထမင်း၊ဟင်း)တွေကျ ထပ်နေတာ။ အစာခြောက်လေးတွေများများလှူပေးဖို့နဲ့ နယ်ခံတစ်ယောက်ယောက်လောက်ကိုဆက်ပြီးပိုလှူစေချင်တယ်”လို့ လှည်းကူး Information Centre က တာဝန်ရှိသူက ပြောပါတယ်။
လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ အနီးကရွာတွေမှာ အခုလ ၇ ရက်က စလို့ ရေနစ်မြုပ်ခဲ့တာဖြစ်ပြီး ဒေသခံလေးထောင်ကျော်ဟာ ကူညီကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ မြို့ပေါ်မှာ ရေပြန်ကျသွားလို့ နေအိမ်ပြန်ကြတဲ့ ဒေသခံတွေလည်း ပြန်သွားကြပြီး တချို့လည်း သန့်ရှင်းရေးတွေ ပြန်လုပ်နေကြပြီလို့ သူကပြောပါတယ်။
အခုရက်ပိုင်းမှာ လှည်းကူးမြို့နယ်အပါအဝင် ပဲခူး၊ ပုသိမ်ကြီး၊ နမ္မတူ စတဲ့မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ဒေသခံအများအပြား ရေဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါသေးတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေပိုင်းခန့်မှန်းချက်အရ ရန်ကုန်တိုင်းနဲ့ ကယားပြည်(ကရင်နီ)နယ်တွေမှာ မနက်ဖြန်မနက်အထိ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပုံစာ-လှည်းကူးမြို့နယ်မှာ အခုလ၇ ရက်ကစလို့ ရေနစ်မြုပ်ခဲ့ပြီး ဒေသခံလေးထောင်ကျော် ကူညီကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။
ဓာတ်ပုံ-လှည်းကူးမြို့နယ်သူနာပြုကြက်ခြေနီတပ်ဖွဲ့

