တန့်ဆည် – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို စစ်ကောင်စီတပ်တွေ ဒီကနေ့ နံနက်ပိုင်းမှာ ထပ်မံရောက်ရှိလာပြီး မီးရှို့သွားကြောင်း ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေဟာ မနေ့ကမီးရှိူ့ခံရတဲ့ ကျီကုန်းရွာကိုပဲ ထပ်မံဝင်ရောက်လာခဲ့ကာ ကျန်တဲ့နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေပြီး အိမ်တွေ ဘယ်လောက်ထပ်ပါသွားလဲဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“သေနတ်သံတွေလည်း ဆူညံနေတယ်။ ပေါက်ကွဲသံတွေလည်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာသူရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းနဲ့ ရွာထဲကအိမ်တွေမှာကျန်ခဲ့တဲ့ နွားတွေကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက် ၁၀:၀၀ နာရီလောက်ကစပြီး ၎င်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ မီးရှို့ခဲ့တာဖြစ်ပြီး အိမ်ခြေ ၁၁ လုံးထက်မနည်း ပျက်စီးသွားတဲ့အပြင် စပါးတင်း ၆၀၀ ဝန်းကျင်လည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ-နယ်ခံ
ပုံစာ – မနေ့က မီးလောင်ကျွမ်းခဲ့တဲ့ လူနေအိမ်တွေနဲ့ ဒီကနေ့ နံနက်ပိုင်း မီးရှို့နေမှုကို ရွာအပြင်က မြင်တွေ့ရစဥ်
#Dailynews

