ပုံစာ – အာဏာသိမ်းစစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးလင်း၏ ထွက်စာ။
ဓါတ်ပုံ – Supplied
ကျွန်းလှ – ၂၀၂၁ စက်တင်ဘာ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ နှုတ်ထွက်ဖို့ အာဏာသိမ်းစစ်ကောင်စီထံ စာတင်ထားကြတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
မနေ့ကတော့ ကျွန်းလှမြို့နယ် သက္ကယ်ကျင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမိုးလင်းဟာ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ ဆိုပြီး စစ်ကောင်စီလက်အောက်က မြို့နယ်အုပ်ချုပ်ရေးမှူးဆီစာတင်ခဲ့ပါတယ်။
ကျွန်းလှမှာ နောက်ထပ်ထွက်စာတင်ဦးမယ့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တချို့လည်း ရှိနေသေးတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
နိုင်ငံရဲ့အာဏာကို စစ်တပ်က သိမ်းယူပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို သူတို့ကိုယ်တိုင် ပြန်လည်ခန့်အပ်ပြီးတဲ့နောက် မကြာခင်မှာပဲ ကျွန်းလှမြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ရှစ်ဦး နှုတ်ထွက်သွားခဲ့သေးပါတယ်။
စစ်ကိုင်းတိုင်းကတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတွေ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်တွေ ရွာတွေထဲကို ဝင်ရောက်ပစ်သတ်ကာ ပြည်သူပိုင် ဥစ္စာပစ္စည်းတွေကို လုယူတာတွေကြောင့် ဒေသခံတွေ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ နောက်ဆုံး တွက်ချက် ထုတ်ပြန်ချက်အရဆိုရင် အာဏာသိမ်းစစ်ကောင်စီဟာ အနည်းဆုံး ပြည်သူ တစ်ထောင်ကျော်ကို သတ်ထားပြီး ရှစ်ထောင်နီးပါးကို ဖမ်းဆီးခဲ့ကာ ခြောက်ထောင်ကျော်ဟာ သူတို့ရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးအကျဉ်းချထားခံနေရဆဲပါ။
#Dailynews

