ပုံစာ- အကျဉ်းသားလွှတ်မည့်သတင်းကြောင့် အင်းစိန်ထောင်ရှေ့တွင် ယနေ့မနက်ပိုင်းက မိသားစုဝင်များ စောင့်ဆိုင်းနေစဉ်။
ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၁ (မော်ကွန်း)
ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျရေးအတွက် အချိန်ကြာမြင့်နေသည့် ကြားနာဆဲအမှုတချို့ကို လွှတ်ပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီက မနေ့က ကြေညာပြီးနောက် ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန် အကျဉ်း ထောင်ရှေ့သို့ မိသားစုဝင်များ ရောက်ရှိလာသည်ကို တွေ့ရသည်။
လွှတ်မည့်သူများကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လွှတ်မည်ဟု နေပြည်တော်၊ အကျဉ်းဦးစီဌာန၊ ပြောရေးဆိုခွင့်ရှိသူက ဆိုသော်လည်း အကျဉ်ထောင်အတွင်း ပိုးကူးစက်ခံခဲ့ရမှု ရှိ၊မရှိ စစ်ဆေး ပေးမည်လား ဆိုသည့် မေးခွန်းကို မဖြေကြားပေ။
” မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲတင်ထားတဲ့အမှုနဲ့ တရားရုံးကနေ တရားခံကိုစွဲတင်ထားတဲ့အမှုတွေပေါ်မှာ မူတည်ပြီးတော့လွှတ်ပေးမှာပေါ့နော်၊ ပြန်လွှတ်တယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီး ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီ လွှတ်ပေးမှာပါ” ဟု ဦးစန်းအေးကျော်က ယနေ့ နေ့လည်တွင် ပြောသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် မတိုင်မီက ထုတ်ပြန်ချက်တွင် ပါရှိသော ပုဒ်မများ၊ ဥပဒေများဖြင့် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရဆဲသူများကို လွှတ်မည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
ရာဇသတ်ကြီးပုဒ်မ ၃၇၉၊၃၈၀နှင့် ၃၇၉ ( ခိုးမှုနှင့်သက်ဆိုင်သည့် ပုဒ်မများ)၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ၅၄၊၃၈၀/ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ ( ဝရမ်းမပါဘဲ ရဲဖမ်းခံရပြီး အမှုရင်ဆိုင်ဆဲ အမှုများ) ။
သစ်တောဥပဒေ ၄၂ နှင့် ၄၃ မှအပ ကျန်ပုဒ်မများဖြင့် အမှုရင်ဆိုင်နေရသူများ၊ လောင်းကစားဥပဒေနှင့် အမှုရင်ဆိုင်နေရသူများ၊ယစ်မျိုးအက်ဥပဒေဖြင့်အမှုရင်ဆိုင်နေရသူများ၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေနှင့် အမှုရင်ဆိုင်နေရသူများလည်းပါဝင်သည်။
ထို့အပြင် မူးယစ်ဥပဒေ ၁၉(က)နှင့် အားပေးကူညီမှုများ၊ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသော်လည်း ပမာဏ နည်းသူများ၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် အမှုရင်ဆိုင်နေရသူများ၊ ပြည့်တန်ဆာနှိပ်ကွက်ရေးအက်ဥပဒေ ဖြင့် အမှုရင်ဆိုင်နေရသူများ၊ ရဲအက်ဥပဒေဖြင့် အမှုရင်ဆိုင်နေရသူများ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေဖြင့် အမှုရင်ဆိုင်နေရသူများကို စိစစ်လွှတ်ပေးမည်ဟု ဖော်ပြသည်။
#Dailynews

