မိုးကုတ် – ၂၀၂၁ ဇူလိုင် ၁၃ (မော်ကွန်း)
မန္တလေးတိုင်းမိုးကုတ်မြို့က သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကိုယ်စား ဓားစာခံဖမ်းဆီးခံထားရတဲ့ ဇနီးဒေါ်ကြည်ကြည်ခိုင်နဲ့ တတိယနှစ်ဥပဒေကျောင်းသူ မသိမ့်စန္ဒီစိုးတို့ကို ဒီကနေ့မှာ စစ်အုပ်စုက ထောင် ၃နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေဆီကသိရပါတယ်။
“ထောင် ၃ နှစ်ချလိုက်တာဟုတ်တယ်၊ ဘာတစ်ခုမှမသိရသေးဘူး၊ကျန်းမာရေးအခြေနေလဲမသိရသေးဘူး၊ထောင်ဝင်စာတွေ့လို့ရရင်ကောင်းမယ်”လို့ မိသားစုတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
သမီးအကြီးဖြစ်သူ မသိမ့်စန္ဒီစိုးဟာ သွေးလေးဘက်နာရောဂါ အခံရှိသူဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေး စိုးရိမ်ရတဲ့အခြေနေရှိခဲ့ကာ ဆေးကုသခွင့်မရခဲ့ဘူးလို့ သူကဆိုပါတယ်။
သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကို စစ်အုပ်စုက ဝရမ်းထုတ်ထားပြီး မမိတာကြောင့် ဇွန်လ ၁၂ရက်နေ့က ဇနီးနဲ့သမီးနှစ်ဦးကို စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားခဲ့တာပါ။
ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၃၀ရက်နေ့မှာ အသက် ၄နှစ်အရွယ် သမီး အငယ်မစုထက်ဝိုင်းကိုပြန်လွှတ်ပေးပြီး ဇနီးနဲ့သမီးအကြီးကို စစ်အုပ်စု ထပ်မံပြင်ဆင်ထားတဲ့ ပုဒ်မ ၅၀၅ (က) တပ်ခဲ့ပါတယ်။
စစ်အုပ်စုက သပိတ်ခေါင်းဆောင်ဦးစိုးဋ္ဌေးကိုဝရမ်းထုတ်ထားကြောင်း ဇွန်လ ၁၂ရက်နေ့မှာ နေအိမ်မှာ ဝရမ်းလာကပ်ပြီးနောက် နေအိမ်မှာရှိသူတွေကိုဖမ်းဆီးသွားတာဖြစ်ပြီး ဦးစိုးဋ္ဌေးနဲ့ သားနှစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
#Dailynews

