ဓါတ်ပုံ – CJ
ရေဦး – ၂၀၂၁ ဇူလိုင် ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း ရေဦးမြို့မှာ ယမန်နေ့ ဇူလိုင်လ ၇ ရက် ညပိုင်းက စစ်အုပ်စုရဲ့ ကင်းလှည့်ရဲကား မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်သားတစ်ဦးနဲ့ ပစ်ခတ်သူဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေဦးမြို့၊ မန်ကျည်းတောလမ်းထိပ်၊ ကြာပန်းအဝိုင်းအနီးမှာ ယမန်နေ့ည ၁၀ နာရီခွဲဝန်းကျင်မှာ PAJERO 4 W နဲ့ ကင်းလှည့်နေတဲ့ ရဲတပ်သားလေးယောက်လောက်ပါတဲ့ ရဲကားကို မိုင်းခွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး ကားရပ်ချိန် တူမီးတွေနဲ့ ဝိုင်းပစ်တာခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဘက်က ရဲတပ်သားတစ်ဦး သေဆုံးပြီး ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တစ်ဘက်က ပစ်ခတ်သူတွေက ငါးဦးထက်မနည်းရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ပစ်ခတ်သူတွေဘက်က ကျဆုံးသူတစ်ဦးရဲ့ အလောင်းကိုတော့ ဒီကနေ့ နံနက်ပိုင်းအထိ ကောက်ယူတာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ရဲကားက စုတ်ပျက်သွားတယ်။ သူတို့လည်း မိုင်းခွဲတာတစ်ခုတည်းထင်ပြီး ဆင်းလိုက်တဲ့အချိန် ဝိုင်းပစ်ကြတာလို့ပြောတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုံစာ-ပစ်ခတ်သူများဘက်က ကျဆုံးသူတစ်ဦးရုပ်အလောင်းအား ဒီကနေ့မနက်ပိုင်းက တွေ့ရစဥ်။
#Dailynews

