လားရှိုး – ၂၀၂၁ ဇွန် ၁၉ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာ ဇွန်လ ၈ရက်နေ့ကစပြီး ဇွန်လ ၁၉ရက်နေ့အထိ ၁၁ ရက်အတွင်း ပိုးတွေ့လူနာ ၁၂၂ ဦးထိရှိလာတယ်လို့ လားရှိုးမြို့ COVID – 19 ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့တစ်ခုရဲ့ သတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မနေ့က ပိုးတွေ့အတည်ပြုလူနာ ၁၀၃ ဦးထိတွေ့ခဲဲ့ပြီးနောက် လားရှိုးမြို့မစျေးက ကုန်စိမ်းတန်းကို ဇွန်လ ၁၈ရက်ကစပြီး ဇူလိုင်လ ၂ရက်နေ့ထိ Lock Down ချထားတယ်လို့ ဆိုပါတယ်။
“လားရှိုးမြို့က မြို့မစျေး၊ကုန်စျေးတန်းကစျေးသည်တစ်ဦးဆီကနေ ကိုဗစ်ပိုးတွေ့ခဲ့ပြီးတော့ ၊ ဇွန်လ ၁၈ရက်နေ့မှာလည်း ရပ်ကွက်(၅)က အောင်မင်္ဂလာစျေးကစျေးသည်တစ်ဦးဆီမှာ ကိုဗစ် ပိုးတွေ့ခဲ့တယ်”လို့ သူက ဆိုပါတယ်။
ဒီကနေ့မှာတော့ ထပ်မံ ပိုးတွေ့ရှိသူ ၁၉ ယောက်ရှိလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၂၂ ဦးရှိရာမှာ ပိုးစတင်တွေ့ရှိသူတစ်ဦး သေဆုံးထားပါတယ်။
ပိုးတွေ့အတည်ပြုလူနာတွေကို လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးကအထူးကြပ်မတ်ကုသဆောင်ကိုပို့ဆောင်ထားပြီး ကိုဗစ် စစ်ဆေးရေးဂိတ် ၂ဂိတ်ဖွင့်ထားတယ်လို့ သိရပါတယ်။
မော်ကွန်းမဂ္ဂဇင်း
#Dailynews

