SNLD တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်
ဓာတ်ပုံ – မော်ကွန်း
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေပြီး ဝါရင့်နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ပြုလုပ်ထားပါတယ်။ လက်ရှိတပ်က အာဏာသိမ်းလိုက်တဲ့အပေါ် သူတို့ သဘောထား ဘယ်လိုရှိပါသလဲဆိုတာ သိရှိဖို့ SNLD အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
မော်ကွန်း။ ။ SNLD မှာ ခေါင်းဆောင်အပြောင်းအလဲဖြစ်ထားတော့ မူဝါဒအပြောင်းအလဲ ရှိပါသလား။
စိုင်းကျော်ညွန့်။ ။ မရှိပါဘူး။ ရွေးကောက်ပွဲမတိုင်ခင်က ကျွန်တော်တို့ အွန်လိုင်းမှာ တင်ထားတဲ့ မူဝါဒအတိုင်းပါပဲ။ ရွေးကောက်ပွဲမတိုင်ခင် နှစ်လလောက်မှာ ကျွန်တော်တို့ ထုတ်ပြန်ထားတာရှိပါတယ်။
မော်ကွန်း။ ။ အခု စစ်တပ်အာဏာသိမ်းမှုကို ပြည်သူက ဆန့်ကျင်နေတဲ့အပေါ်မှာရော SNLD က ဘာများ သတင်းစကားပေးချင်ပါသလဲ။
စိုင်းကျော်ညွန့်။ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စာထုတ်ထားပါတယ်။ ဒါက လုံးဝလက်ခံနိုင်တဲ့ဟာမဟုတ်ပါဘူး။ ကျွန်တော်တို့မူဝါဒအရရော၊ ကျွန်တော်တို့ သွားချင်တဲ့ ဖြစ်ချင်တဲ့ ပြည်ထောင်စုပုံစံအရရော ကျွန်တော်တို့ ပါ တီစည်းမျဉ်းထဲမှာ ချမှတ်ထားတဲ့အခြေခံမူအနေနဲ့ရော လုံးဝကိုက်ညီမှုမရှိတဲ့အတွက်ရော ကျွန်တော်တို့က လုံးဝ ဆန့်ကျင်သွားမယ်။ ဘယ်လိုပုံစံနည်းလမ်းဆိုတာကတော့ ဆွေးနွေးနေဆဲပဲဖြစ်ပါတယ်။
မော်ကွန်း။ ။ တပ်က ကမ်းလှမ်းတဲ့ရာထူးကို SNLD က ပယ်ချလိုက်တယ်လို့ ကြားရပါတယ်။ ဒီအပေါ်မှာရော ဘာများ ပြောကြားလိုပါသလဲ။
စိုင်းကျော်ညွန့်။ ။ ကျွန်တော်တို့ရဲ့မူဝါဒကိုက မတရားတဲ့ ပုံစံနဲ့ နိုင်ငံတော်အာဏာရယူတာကို လုံးဝလက်ခံမှာမ ဟုတ်ဘူး။ ကျွန်တော်တို့လည်း ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး။ တကယ့်ကို ပြည်သူ့အစိုးရစစ်စစ် ပေါ်ဖို့ကို ကျွန်တော်တို့ ပိုပြီးရည်ညွှန်းတယ်။ နောက်ပြီးတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းရေးကလည်း ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ပဲ။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတော့ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပုံစံဖြစ်တဲ့ ပြည်ထောင်စုကို ဦးတည်တဲ့ဖွဲ့စည်းပုံကို ရေးနိုင်မှပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အခက်အခဲအကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်။
#Dailynews

