မိုးကုတ် – ၂၀၂၂ ဇူလိုင် ၂၄ (မော်ကွန်း)
ယမ်းတွေအပါအဝင် ကျောက်တွင်းသုံး ပစ္စည်းတွေ ဈေးထက်ဝက်ကျော်မြင့်တက်လာလို့ မိုးကုတ်မြို့က ကျောက်တွင်းလုပ်ကိုင်သူတွေ အခက်အခဲရှိလာကြောင်း စုံစမ်းသိရှိရပါတယ်။
ကျောက်မျက်တွင်းမှာအသုံးပြုတဲ့ ယမ်းအိတ်၊ စက်ပစ္စည်း၊ဓာတ်ဆီတွေ စျေးတက်တဲ့အပြင် အာဏာသိမ်းစစ်တပ်ကိုလည်း ဆက်ကြေးတွေပေးနေရတယ်လို့ ကျောက်တွင်းလုပ်ကိုင်သူတွေက ပြောပါတယ်။
“အရင်က ယမ်းတအိတ်ကို ရှစ်သောင်းနဲ့တစ်သိန်းပေးရတယ်၊ခုက ယမ်းတစ်အိတ်ကို ငါးသိန်းကျော်ခြောက်သိန်းပေါက်တယ်၊ အရင်က တွင်းထဲသုံးတဲ့ လက်ဆွဲမီးစက်တွေဆိုရင် တစ်သိန်းခွဲ နှစ်သိန်းပဲပေးရတယ်၊ခုက သုံးသိန်းကျော်ပေးနေရတယ်”လို့ ကျောက်မျက်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ယမ်းဝယ်ရာမှာလည်း စစ်တပ်က ဖမ်းဆီးတာတွေရှိတာကြောင့် ဈေးမြင့်တက်လာတာဖြစ်ပြီး ဝယ်ရတာခက်ခဲတယ်လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
ကျောက်မျက်တွင်းလုပ်ကိုင်ရာမှာ ခဲတွေကို ဖောက်ခွဲဖို့အတွက် ယမ်းတွေကိုအသုံးပြုရတာကြောင့် ယမ်းတွေက အဓိကလိုအပ်တာကြောင့် ယမ်းတွေဈေးတက်တာဟာ တော်တော်ဒုက္ခရောက်ရတယ်လို့ဆိုပါတယ်။
” ခုကမိုးလည်းရွာတော့ တချို့တွင်းတွေရေဝင်တော့နားထားရတာတွေရှိတယ်၊ကျောက်ကလည်း သိပ်မထွက်ဘူး၊ဝယ်ရတဲ့ပစ္စည်းစျေးတွေပဲ ဆက်တိုက်တက်နေတာ၊ ဆက်ကြေးကလည်း တစ်လကို နှစ်သိန်းလောက်ပေးရတယ်” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ကျောက်မျက်တွင်းသုံးပစ္စည်းတွေစျေးထက်ဝက်ကျော်တက်နေပေမယ့် ကျောက်ကောင်းတွေမရတာကြောင့် လုပ်ကိုင်ရတာခက်ခဲမှုတွေရှိနေတယ်လို့ ကျောက်သမားတွေကပြောပါတယ်။
ပုံစာ – ဓါတ်တော်တောင်ကျောက်မျက်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှ မိုးကုတ်မြို့သို့မြင်စဉ်။
ဓါတ်ပုံ – မော်ကွန်း
#Dailynews

