ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၈ (မော်ကွန်း)
နိုင်ငံတော် တည်ငြိမ်ရေးတည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးမှုများရှိနေပြီး ၎င်းတို့ကိုအရေးယူမည်ဟု
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ယနေ့မွန်းလွဲပိုင်းက ကြေညာချက်ထုတ်လိုက်သည်။
ပြည်သူသို့ မေတ္တာရပ်ခံချက်ဆိုကာ လက်ရှိဆန္ဒပြမှုများတွင် အခြားသောသူများအား အုပ်စုဖွဲ့အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများသည် ဥပဒေကို ချိုးဖောက်စေသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့အထိ စစ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒပြမှုများတွင် အထက်ပါလုပ်ရပ်များကို မတွေ့ရဘဲ ဒီမိုကရေစီ ကျင့်စဉ်အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းသာ ဖြစ်သည်ဟု လူ့အခွင့်အရေးသမားနှင့် ဥပဒေအကြံပေးများက သုံးသပ်သည်။
Equlity Myanmar အဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ခုချိန်ထိ ဆန္ဒပြတဲ့လူတွေက ကျွန်တော်တို့ တွေ့ရတာ တခြားသူတွေကို အနှောင့်အယှက်ဖြစ်အောင် လုပ်တာ တခုမျှမတွေ့ရပါဘူး” ပြောသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကလည်း “ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးအရေးယူတာ လက်နက်နဲ့ ပစ်ခတ်နှိမ်နှင်းတာလုပ်မယ်ဆိုရင် ဥပဒေနဲ့ ညီညွတ်တဲ့ ဖြေရှင်းချက်မဟုတ်ဘူး။ ဒါနိုင်ငံရေးပြဿနာလို့ မြင်ရမယ်။ ရာဇဝတ်မှုကိစ္စမဟုတ်ဘူး။ ဒီလိုဆန္ဒပြပွဲတွေဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကိုသာ နိုင်ငံရေးပြသနာအဖြစ်မြင်မှ မှန်ကန်စွာဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်တယ်” ဟု သုံးသပ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းကွာဟမှုကြောင့်ဆိုကာ တိုင်းပြည်အာဏာကို ထိန်းသိမ်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ကြေညာခဲ့ပြီးနောက် စစ်အာဏာသိမ်းခြင်းကို ငြိမ်းချမ်းစွာ ကန့်ကွက်လှုပ်ရှားမှုများသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့ကြီးများအပါအဝင် နိုင်ငံအနှံ့တွင် ဖြစ်ပေါ်လျက်ရှိသည်။
#Dailynews

