ကိုဗစ်ကာလ နှစ်ဆပိုခက်ခဲနေတဲ့ မသန်စွမ်းများ

ကိုဗစ်ကာလ နှစ်ဆပိုခက်ခဲနေတဲ့ မသန်စွမ်းများ

ကိုပြည့်ဖြိုးဝေအလုပ်လုပ်သည့် စက်ဘီးမော်တာလုပ်ငန်းခွင်
ဓါတ်ပုံ – ဂေထော

၂၀၂၁၊ ဇန်နဝါရီ (မော်ကွန်းမဂ္ဂဇင်း)
ဂေထောရေးသည်။

ပြီးခဲ့သည့်နှစ် မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ COVID-19 ရောဂါပိုးစတင်ကူးစက်လာခဲ့သောကြောင့် အသက် ၃၀ အရွယ် အမြင်အာရုံမသန်စွမ်းသူ ကိုလှဝင်းတင်၏ တစ်ခုတည်းသော ဝင်ငွေရလမ်းဖြစ်သည့် မျက်မမြင်အနှိပ်ခန်းကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ရသည်။

ထိုအချိန်က ဇနီးသည်မီးဖွားရက်နီးကပ်နေချိန်ဖြစ်သောကြောင့် သူတို့အဖို့ အစစအရာရာစိန်ခေါ်မှုကြီးမားခဲ့သည်ဟု ၎င်းကပြောပြသည်။

“ဆွေမျိုးတွေကို အင်မတန်ကျေးဇူးတင်ရမယ်။ သူတို့ကူညီပေးထားလို့သာ။ နို့မို့ဆို ကျွန်တော်တို့ဘဝကြီးက မတွေးဝံ့စရာ ပဲ။ လမ်းဘေးရောက်သွားမှာ အသေအချာပဲ” ဟု ဒီဇင်ဘာလတုန်းက ရွှေပြည်သာမြို့နယ်ရှိ သူ၏နေအိမ်တွင် တွေ့ဆုံစဉ်က ပြောပြသည်။

သန်စွမ်းသူများပင် အသက်မွေးဝမ်းကျောင်းအတွက် မနည်းရုန်းကန်နေရသည့် ကပ်ရောဂါကာလတွင် ကိုလှဝင်းတင်တို့လို မသန်စွမ်းများမှာ ပိုမိုအခက်အခဲတွေ့ကြုံကြရသည်။ သို့သော် ၎င်းတို့ကိုအကူအညီပေးနိုင်ရေးအတွက် သီးခြားစာရင်းပြုစု ခြင်းများမရှိသေးသကဲ့သို့ ထိရောက်သည့်အကူညီပေးခြင်းများလည်း မတွေ့ရသေးဟု အလုပ်သမားအရေးနှင့် မသန်စွမ်း အရေးလေ့လာကူညီနေသူများကပြောကြသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (Myanmar Independent Living Initiative – MILI)၏ အတိုင်ပင်ခံ ဦးနေလင်းစိုးက “မသန်စွမ်းတွေရဲ့အခြေအနေကတော့ အိမ်လခမပေးနိုင်တော့လို့၊ လုပ်ငန်းရပ်သွားလို့၊ ဘာဆက်လုပ်ရ မှန်းမသိတဲ့သူတွေ၊ တစ်ချို့ဆိုရင် စားစရာမရှိတော့လို့ ဆန်ပြုတ်သောက်နေရတဲ့ မသန်စွမ်းတွေလည်းရှိလာပြီ” ဟု ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ (Yangon Region Disability Alliance of COVID-19 Community Response – YRDAC) က ၂၀၂၀ မေနှောင်းပိုင်းမှ ၂၀၂၁ ဇန်နဝါရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်လက်မဲ့ဖြစ်ခဲ့သည့်မသန်စွမ်းစာရင်းကို စစ်တမ်းတစ်ခုပြုလုပ်ခဲ့သည်။

၎င်းစစ်တမ်းတွင် မသန်စွမ်း ၂,၀၁၁ ဦး ကိုမေးမြန်းခဲ့ရာ တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်သူ ၃၃၆ ဦးနှင့် ဝန်ထမ်း အဖြစ်လုပ်ကိုင်နေသူ ၈၀ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု ဆိုသည်။

သို့သော် ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မသန်စွမ်းသူအရေအတွက် ကိုးသိန်းခန့် ရှိနေသည့်အတွက် ၎င်းစစ်တမ်းသည် ရန်ကုန်ရှိ မသန်စွမ်းသူအရေအတွက်၏ ၀ ဒသမ ၂ ရာခိုင်နှုန်းဝန်းကျင်သာ လွှမ်းခြုံပါသည်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးတွင် မသန်စွမ်းဦးရေခြောက်သန်းခန့်ရှိပြီး ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်းနှင့် အာရုံခံစားမှုဆိုင်ရာမသန်စွမ်းဟု ရှစ်မျိုးခွဲခြမ်းစိတ်ဖြာ သတ်မှတ်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၏ စာရင်းများအရ မတ်လနှောင်းပိုင်းမှ သြဂုတ်လကုန်အထိ ကပ်ရောဂါ ပထမကူးစက်မှုကာလအတွင်းမှာပင် အလုပ်လက်မဲ့ဖြစ်ခဲ့သူ အနည်းဆုံး သုံးသိန်းကျော်ရှိခဲ့သည်ဟု ဖော် ပြသည်။ ထိုအထဲတွင် မသန်စွမ်းအလုပ်လက်မဲ့ဦးရေ ပါဝင်ခြင်းမရှိပေ။

အလုပ်လက်မဲ့ဖြစ်သွားသော မသန်စွမ်းဦးရေသိရှိနိုင်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့မေးမြန်းရာ မသန်စွမ်းများအတွက် သီးခြားစာရင်း ကောက်ယူထားခြင်းမရှိကြောင်းနှင့် အခြားအလုပ်အကိုင်မဲ့သူစာရင်းကိုလည်း ယခုဆောင်းပါးဖောင်ပိတ်ချိန် ဇန်နဝါရီ ၂၉ ထိ အကြောင်းပြန်ကြားခြင်းမရှိပေ။

အမြင်အာရုံမသန်စွမ်း ကိုလှဝင်းတင်မိသားစု
ဓါတ်ပုံ – ဂေထော

သာမာန်လူထက် နှစ်ဆခက်ခဲ

ကပ်ရောဂါကြောင့် ဝင်ငွေထိခိုက်ရသည့်မသန်စွမ်းသူများထဲတွင် အသက် ၃၀ အရွယ် ညာဘက်ခြေထောက်မသန်စွမ်းသူ ကိုပြည့်ဖြိုးဝေလည်းပါသည်။ မော်တာစက်ဘီး၊ မော်တာဝှီးချဲနှင့် ဆိုင်ကယ်ပစ္စည်းပြုပြင် ရောင်းဝယ်ရေးလုပ်ငန်းဖြင့် သူက အသက်မွေးသည်။

ယခင်က ကျပ်ခုနှစ်သိန်းနှင့်ရှစ်သိန်းကြား လစဉ်ဝင်ငွေရှိနေသည့်သူ့လုပ်ငန်းသည် ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ကျပ် နှစ်သိန်းဝန်းကျင်အထိ ကျဆင်းခဲ့သည်ဟု သူကပြောပြသည်။

သူတို့မသန်စွမ်းသူများအဖို့ ကပ်ရောဂါကာလအတွင်း “သာမန်လူခက်ခဲနေတာထက် ကျွန်တော်တို့အခက်အခဲက နှစ်ဆဖြစ်နေတယ်” ဟု ကိုပြည့်ဖြိုးဝေက ပြောသည်။

သန်စွမ်းသူများသည် အခြားသောအလုပ်အကိုင်များပြောင်းလုပ်ရန် လွယ်ကူသော်လည်း မသန်စွမ်းသူများအဖို့ မိမိနှင့် အဆင်ပြေမည့် အလုပ်တစ်ခုရရန် အတော်ခက်ခဲသည်ဟု ကိုပြည့်ဖြိုးဝေကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မသန်စွမ်းသူများအသင်းဥက္ကဌ ဦးသန့်ဇော်ဦးက “ ကျွန်တော်တို့မသန်စွမ်းတွေက များသော အားဖြင့်က အလုပ်အကိုင်ရှိတဲ့ မသန်စွမ်းကနည်းတယ်” ဟု မှတ်ချက်ပြုသည်။

မသန်စွမ်းသေးတဲ့ ဥပဒေ

မသန်စွမ်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေရခြင်းသည် ၂၀၁၅ တွင် ပြဌာန်းခဲ့သော မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များကို မဖော်ဆောင်နိုင်ခြင်းကြောင့်ဟု မသန်စွမ်းအရေးအကူအညီပေးနေသည့် အဖွဲ့အစည်းများကပြောသည်။

ယင်းဥပဒေ၏ ပုဒ်မ ၃၆ (ခ) တွင် ‘ အလုပ်ရှင်သည် အလုပ်ခန့်ထားရာတွင် အလုပ်အကိုင်အမျိုးအစားအလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသော မသန်စွမ်းသူများကို သင့်လျော်သောအလုပ်တွင် အမျိုးသားကော်မတီမှ သတ်မှတ်ပေးသော ဝေပုံကျနှုန်းထားအရေအတွက်အတိုင်း ခန့်ထားရမည်’ ဟု ပြဌာန်းထားသည်။

သို့သော် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီသည် ယနေ့အထိ လုပ်ငန်းခွင်တစ်ခုတွင် ထည့် သွင်းအလုပ်ခန့်ထားရမည့် မသန်စွမ်းဦးရေအချိုးအစားကို သတ်မှတ်ပေးနိုင်ခြင်းမရှိသေးဟု ဦးသန့်ဇော်ဦးက ထောက် ပြသည်။

“ အမျိုးသားကော်မတီကလည်း ဒါကိုအာရုံစိုက်ပြီးလုပ်စေချင်တယ်။ ဒါရလိုက်ပြီဆိုရင် ကျွန်တော်တို့ မသန်စွမ်းတွေ လုပ်ငန်းခွင်ထဲကို ရောက်သွားမယ်။ လောလောဆယ်ဖြစ်နေတဲ့၊ ကြုံတွေ့နေတဲ့အခက်အခဲတွေကို တော်တော်များများ ပြေလည်နိုင်မယ်ပေါ့။ အဲဒီစနစ်မရှိတဲ့အတွက် မသန်စွမ်းတွေဟာ ဆင်းရဲဒုက္ခများစွာ ကြုံတွေ့နေရတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ကပ်ရောဂါကာလအတွင်း အစိုးရက မသန်စွမ်းသူများကို ထောက်ပံ့ပေးမှုများသည် လုံလောက်လွှမ်းခြုံမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ COVID-19 အရေးပေါ်တုံ့ပြန်ရေးပူးပေါင်းကော်မတီ နှင့် မသန်စွမ်းသူများဘဝ မြှင့်တင်ရေးအဖွဲ့တို့၏ အစီရင်ခံစာတွင်ဖော်ပြသည်။

ဘတ်ဂျက် အကန့်အသတ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၏စာရင်းများအရ ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစပြီး စက်တင်ဘာအထိ ကုန်ခဲ့သည့် ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးရှိမသန်စွမ်းသူခြောက်သန်းခန့်အနက် နှစ်သိန်းကို တစ်ဦး ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ထားသည်ဟု ဖော်ပြသည်။

အထက်ပါထောက်ပံ့မှုအပြင် နိုင်ငံတစ်ဝန်းရှိ ဆင်းရဲနွမ်းပါးသည့်မသန်စွမ်းအိမ်ထောင်စု၊ ကပ်ရောဂါကူးစက်ခံရသည့် မသန်စွမ်းအိမ်ထောင်စု၊ အသွားအလာကန့်သတ်ခံရသည့် မသန်စွမ်းအိမ်ထောင်စုနှင့် Quarantine ဝင်ရသည့် မသန်စွမ်း အိမ်ထောင်စုပေါင်း ၆၆၅ စုကို ကျပ် ၃၆၅ သိန်းထောက်ပံ့ခဲ့ပြီး ပုဂ္ဂလိကမျက်မမြင်ကျောင်း ၁၃ ကျောင်းမှ မသန်စွမ်းကျောင်းသား ၆၅၀ ကိုလည်း တစ်ဦး ကျပ် ၃၀,၀၀၀ နှုန်းထောက်ပံ့ထားကြောင်း ထိခိုက်လွယ်အုပ်စုများဌာနခွဲ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ရှင်းပြသည်။

ထို့အပြင် ရန်ကုန်တိုင်းရှိ အထူးလိုအပ်ချက်ရှိနေသည့် မသန်စွမ်းအမျိုးသမီး ၃၀၀ ဦးအတွက် ကျပ်သိန်း ၁၅၀ ကို တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှုန်း ထောက်ပံ့ခဲ့သည်ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာန၏စာရင်းများတွင် ဖော်ပြသည်။

“ နိုင်ငံတော်ဘတ်ဂျက်က အကန့်အသတ်ရှိတာပေါ့။ COVID-19 ဆိုတာ လူသားတိုင်းအကုန်လုံးအပေါ် သက်ရောက်မှု ရှိတာပေါ့။ အကုန်လုံးတော့မပေးနိုင်ဘူး။ မသန်စွမ်းရှိသမျှ လူအားလုံး၊ စာရင်းဇယားအရ ပေးဖို့လည်း ခက်ခဲတယ်” ဟု ဦးစွမ်းရည်ရက ရှင်းပြသည်။

ယခင်ဘဏ္ဍာနှစ်တွင် ထောက်ပံ့ကြေးမရရှိခဲ့သည့် မသန်စွမ်းများအနက်မှ ဦးရေနှစ်သောင်းခွဲကိုလည်း ယခုဘဏ္ဍာနှစ်တွင် တစ်ဦး ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးရန်လည်း စီစဉ်နေကြောင်း ၎င်းကပြောသည်။

မသန်စွမ်းတစ်ဦးသည် ထောက်ပံ့ကြေးရရန် မည်သည့်စံနှုန်းများဖြင့် သတ်မှတ်ထားပါသလဲဟု ဦးစွမ်းရည်ရကို မေးမြန်း ရာတွင် “ကျွန်တော်တို့က အဲဒီဟာကို မသတ်မှတ်ဘူး၊ စာပဲ ထုတ်ပေးလိုက်တာ။ လူမှုဝန်ထမ်းက အဲဒီ criteria (စံနှုန်း) ကို သတ်မှတ်တာ” ဟု သူက ပြောသည်။

သူညွှန်းသည့် လူမှုဝန်ထမ်းဦးစီးဌာနကိုဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုသည့်ဝန်ထမ်းအမျိုးသမီးက ထောက်ပံ့ကြေး ရမည့် မသန်စွမ်းများ၏အရည်အချင်းသတ်မှတ်မှုကို ပြန်လည်ထူထောင်ရေးဦးစီးဌာနက သတ်မှတ်သည်ဟုဆိုသည်။

ထိုကြောင့် ဦးစွမ်းရည်ရကို ပြန်လည်မေးမြန်းရာတွင် “ကျွန်တော်တို့လည်း မသတ်မှတ်ဘူး၊ ဟုတ်ပြီနော်။ သူတို့ကိုပြန် မေးလိုက်” ဟု ပြောသည်။

မသန်စွမ်းတစ်ဦးထောက်ပံ့ကြေးရရန် ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးများမှစာရင်းပြုစုပြီး မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ပေးပို့သည်ဟု မသန်စွမ်းအရေးအကူအညီပေးသူများက ရှင်းပြသည်။

ထိုမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ထိုမှတစ်ဆင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ တင်ပြသည်ဟု ရန်ကုန်တိုင်း ဒေသကြီး၊ မသန်စွမ်းသူများအသင်းဥက္ကဌ၊ ဦးသန့်ဇော်ဦးက ရှင်းပြသည်။

သတ်မှတ်နှုန်းအတိုင်းမရတဲ့ထောက်ပံ့ကြေး

ကပ်ရောဂါကာလ စီးပွားရေးကုစားမှုအစီအစဉ်အနေဖြင့် အစိုးရကအထောက်အပံ့များ ပေးနေရာ ၂၀၂၀ နှစ်ကုန်အထိ လေးကြိမ်အထိရှိလာပြီဖြစ်သော်လည်း ထိုပံ့ပိုးမှုကို နှစ်ကြိမ်သာရဖူးသည်ဟု ကိုလှဝင်းတင်ကဆိုသည်။

အကြောင်းမှာ ရပ်ကွက်ရှိရာအိမ်မှူးက ကိုလှဝင်းတင်တို့ထံ လာရောက်အကြောင်းကြားခြင်း၊ စာရင်းကောက်ယူခြင်းများ မရှိသည့်အတွက်ကြောင့်ဟု ဆိုသည်။

ထောက်ပံ့ကြေးရခဲ့သည့် နှစ်ကြိမ်တွင်လည်း အစိုးရကြေညာထားသည့် သတ်မှတ်ပမာဏကို ပြည့်ပြည့်၀၀မရခဲ့ဟု သူက ဆိုသည်။

နောက်ဆုံး အစိုးရထောက်ပံ့ထားသည့် ကျပ် ၄၀,၀၀၀ ထောက်ပံ့မှုတွင် သူအပါအဝင် တစ်ရပ်ကွက်လုံးမှ အိမ်ထောင်စု များသည် ကျပ် ၂၃,၀၀၀ သာ ရရှိခဲ့သည်ဟု ကိုလှဝင်းတင်က ပြောပြသည်။

“ အလုပ်အကိုင်လေးမရှိတဲ့အချိန်အခါမှာတော့ အပြည့်အဝတော့လိုချင်တာပေါ့။ ဒါပေမဲ့ ကိုယ်တွေကလည်း အမြင်အာရုံ မသန်စွမ်းသူဆိုတော့ လူကောင်းတွေလောက်တော့ လိုက်စုံစမ်းဖို့ မတတ်နိုင်ဘူးလေ”ဟု သူက ပြောပြသည်။

စက္ခုမလင်းသည့် သူတို့လင်မယားသည် လက်ရှိတွင်တော့ မိဘ၊ ဆွေမျိုးများ၏ အထောက်အပံ့ကို မှီခိုရင်း ရင်သွေးလေးကို ပြုစုနေရသည်။

“ ပြီးခဲ့တဲ့ တစ်လလောက်က ပိုက်ဆံလည်း လုံဝပြတ်သွားတော့ အဲဒီနေ့က ကျွန်တော်တို့ဆန်ပြုတ် ပြုတ်သောက်ခဲ့ရတာ ပေါ့” ဟု ဒီဇင်ဘာမှာတွေ့တုန်းက သူက ပြောပြသည်။

အလုပ်ပြုတ်ခဲ့သည့် ၁၀ လ နီးပါး ကာလအတွင်း စုဆောင်းထားသမျှ ကုန်သည့်အပြင် အကြွေးပင် ငါးသိန်းဝန်းကျင် တင်နေပြီဟု ကိုလှဝင်းတင်က ပြောသည်။ အလုပ်မရှိသေးသမျှတော့ အကြွေးဝန်ပိနေဖို့သာရှိသည်ဟု သူကညည်းတွား၏။

မသန်စွမ်းအရေး အကူအညီပေးနေသည့် အဖွဲ့အစည်းများကမူ အစိုးရအနေဖြင့် ထိခိုက်လွယ်သည့်ဒီအုပ်စုကို အထောက် အပံ့များပေးရာတွင် မှန်ကန်ပြီး ထိရောက်သည့်မူဝါဒများဖြင့် ပံ့ပိုးနိုင်ရန် ကြိုးပမ်းသင့်ကြောင်း အကြံပြုသည်။

“ သူတို့(အစိုးရ)မှာ အချက်အလက်တိတိကျကျ မရှိဘူး။ အဲဒီအတွက် သူတို့(အစိုးရ)ရဲ့ ပံ့ပိုးမှုတွေကလည်း တစ်ခါတစ်လေကျတော့ ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့”ဟု ဦးသန့်ဇော်ဦးက ပြောပြသည်။

ထို့အပြင် ကပ်ရောဂါအလွန်တွင် စားဝတ်နေရေးဖြေရှင်းရန် အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ အလုပ်အကိုင်အခွင့် အလမ်းများကို မသန်စွမ်းများအတွက် ဖော်ဆောင်ပေးသင့်သည်ဟု မသန်စွမ်းအရေး အကူအညီပေးနေသူများက အကြံပြု သည်။

ကပ်ရောဂါအလွန် အလုပ်အကိုင်နလံထူရေး

မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတစ်ခုတည်းမှာပင် တာဝန်ရှိသည်မဟုတ်ဘဲ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ လည်း တာဝန်ရှိသည်ဟု အလုပ်သမားအရေး အကူအညီပေးနေသူများက မှတ်ချက်ပြုသည်။

အစိုးရက ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီများနှင့် မသန်စွမ်းအဖွဲ့အစည်းများကို ချိတ်ဆက်ပေးပြီး ကျွမ်းကျင်အရည်အချင်းရှိ သော မသန်စွမ်းများကို အလုပ်ခန့်အပ်ပေးခြင်းမျိုး ‌ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သူတို့ကရှင်းပြသည်။

ကိုယ်ပိုင်လုပ်ငန်းရပ်နားခဲ့ရသည့် မသန်စွမ်းများအတွက် အသေးစားချေးငွေထောက်ပံ့မှုမျိုး အစိုးရပိုင်းက စီစဉ်ပေးသင့်သည်ဟု ဦးနေလင်းစိုးကဆိုသည်။ ထို့အပြင် ချေးငွေရယူနိုင်မည့်အစီအစဉ်များနှင့် အချက်အလက်များကို မသန်စွမ်းအသေးစား၊ အလတ်စားလုပ်ငန်းရှင်များ နားလည်အောင် အသိပေးရှင်းပြသင့်သည်ဟု သူကအကြံပြုသည်။

“ ကျွန်တော်တို့နဲ့ ဆက်စပ်ပတ်သက်နေတဲ့ မသန်စွမ်းတွေကလည်း ထောင်နဲ့ချီပြီးရှိတယ်။ ဒါပေမဲ့ သူတို့တွေ အဲဒီ အထောက်အပံ့ (အသေးစားချေးငွေ) ကိုရတယ်လို့ တစ်ခါမှမကြားဖူးသေးဘူး”ဟု သူကပြောသည်။

ထို့အပြင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ ငါးနှစ်စီမံကိန်းမျိူးရေးဆွဲအကောင်အထည်ဖော်တာမျိုး ကို အစိုးရကဆောင်ရွက်သင့်သည်ဟု မသန်စွမ်းအရေး အကူအညီပေးသူများကအကြံပြုသည်။

ထိုသို့မဟုတ်ဘဲ မသန်စွမ်းအရေးကို ဟန်ရေးပြရုံ၊ နိုင်ငံတကာတွင် အမြင်ကောင်းရုံ စွမ်းဆောင်မှုများဖြင့် စီမံခန့်ခွဲမည်ဆိုပါ က နိုင်ငံအတွင်းက မသန်စွမ်းများဘဝသည် ပို၍နစ်မွန်းဖို့သာရှိသည်ဟု မသန်စွမ်းအရေးအကူအညီပေးသူများက မှတ်ချက်ပြုကြသည်။

ဦးနေလင်းစိုးက သူတို့ မသန်စွမ်းများအတွက် ပူပင်မှုကို ယခုလို မှတ်ချက်ပြုသည်။
“ ကုစားရေးအစီအစဉ်တွေမှာ ဒါမျိုးတွေထည့်မစဉ်းစားရင်တော့ ကျွန်တော်တို့ မသန်စွမ်းတွေက အခြေအနေပိုဆိုးဖို့ပဲ ရှိတော့တယ်။ ပိုပြီးတော့မှ မျှော်လင့်ချက်တွေမဲ့လာမယ်”


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."