မြန်မာ့ရုပ်ရှင်သည် နှစ်တစ်ရာခရီးတွင် ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ စစ်အာဏာရှင်ခေတ်များကို ဖြတ်သန်း ခဲ့ရာမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလသို့ လူးလွန့်ကာ ရောက်လာသည်။

မြန်မာ့ရုပ်ရှင်သည် နှစ်တစ်ရာခရီးတွင် ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ စစ်အာဏာရှင်ခေတ်များကို ဖြတ်သန်း ခဲ့ရာမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလသို့ လူးလွန့်ကာ ရောက်လာသည်။

မြန်မာ့ရုပ်ရှင်ရာပြည့်နှစ် ၂၀၂၀ တွင် ကျင့်သုံးနေဆဲ ဆင်ဆာစနစ်ကို ဖျက်သိမ်းပြီး Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်ဖြင့်အစားထိုးရန် ရုပ်ရှင်အနုပညာသမားများက တောင်းဆိုဆန္ဒပြနေကြသည်။ အစိုးရကလည်း Rating စနစ်ပါဝင်မည့် ရုပ်ရှင်ဥပဒေသစ်ပြဌာန်းရန် စီစဉ်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် အကောင် အထည်ပေါ်လာခြင်းမရှိသေးပါ။

ဒီအကြောင်းအရာနှင့်ပတ်သက်၍ Rating System ရုပ်ရှင်အဆင့်သတ်မှတ်ချက်ပေါ်ပေါက်ရေး ဦးဆောင်တောင်း ဆိုနေသည့် မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar -WDOM) ၏ အဖွဲ့ဝင် ဇာတ်ညွှန်းရေးဆရာ M နိုး နှင့် ရုပ်ရှင်ဥပဒေသစ်ပြဌာန်းနိုင်ရေး အဓိကတာဝန်ရှိသည့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်တို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းခဲ့သည်။

Photo-Myat-Noes-Facebook

ဇာတ်ညွှန်းရေးဆရာ M နိုး

မြန်မာနိုင်ငံ ဝတ္ထု၊ ဇာတ်ညွှန်း နှင့် ဒါရိုက်တာများအသင်း (Writers & Directors Organization of Myanmar -WDOM)

မော်ကွန်း ။ ။ ဘာကြောင့် Rating စနစ်ကို ကျင့်သုံးလိုတာလဲ။
M နိုး ။ ။ မချုပ်မနှောင်ထားသော၊ တာဝန်ယူတာဝန်ခံမှုရှိသော ရုပ်ရှင်အနုပညာပေါ်ပေါက်လာနိုင်ဖို့ အဲဒီ့တစ်နည်းပဲရှိပါ တယ်။ အာဆီယံမှာလည်း လာအို၊ ဘရူနိုင်း၊ မြန်မာပဲဆင်ဆာကျန်ပါတော့တယ်။ ကျန်နိုင်ငံတွေ သူ့နည်းသူ့ဟန်နဲ့ Rating စနစ်သွားနေပြီ။ ကျွန်တော်တို့တွေက ကွန်မြုနစ်လာအိုနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ဘရူနိုင်း တွေနဲ့တူတူရှိနေကြရတော့မှာလား။

မော်ကွန်း ။ ။ ဆရာတို့လိုချင်တဲ့ Rating စနစ်ဆိုတာ ဘာလဲ။
M နိုး ။ ။ ဖန်တီးသူကတာဝန်ယူတာဝန်ခံမှုရှိရမယ်။ အသက်အရွယ်အပိုင်းအခြားအလိုက် မိဘက သားသမီးကိုကြည့်ခွင့် ရှိ၊ မရှိဆုံးဖြတ်နိုင်ရမယ့် စနစ်ကိုအလိုရှိတယ်။ အခုဆင်ဆာက သူခွင့်ပြုပေးရင် အသက်ရွယ်မရွေး ကြည့်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်။

တကယ်ကြတော့အချို့ကားတွေမှာ အကြောင်းအရာ၊ တင်ပြပုံတွေမှာ ၁၃ နှစ်အောက်နဲ့ မသင့်လျော်တာတွေ အများကြီး ဖြစ်နေတယ်။ ဥပမာ– Joker ကို စင်ကာပူမှာ ၁၈နှစ်အောက်‌တွေ ကြည့်ကိုကြည့်ခွင့်မရှိဘူး။ မြန်မာပြည်မှာရနေတယ်။ Rating နဲ့ဆို အဲဒါတွေပြေလည်သွားမယ်။

မော်ကွန်း ။ ။ ဆင်ဆာမရှိတော့ရင် ရုပ်ရှင်အရည်အသွေးပိုင်းတွေ တိုးတက်လာနိုင်မယ်လို့ ဘယ်လိုအာမခံနိုင်မလဲ။ ဆင်ဆာမရှိတော့ရင် ရုပ်ရှင်ဟာ ထင်တိုင်းကြဲသွားလိမ့်မယ်ဆိုတဲ့ အမြင်ကိုရော ဘယ်လိုထည့်သွင်းစဉ်း စားထားလဲ။
M နိုး ။ ။ အရည်အသွေးတိုးတက်ဖို့က ဆင်ဆာတစ်ခုတည်းနဲ့တော့မဆိုင်ဘူး။ အခြားအပိုင်းတွေမှာ တိုးတက်ရဦးမယ်။ သို့သော် သေချာတာကတော့ “ဇာတ်ကရှုပ်လွန်းလို့ရှင်းအောင်ပြပေးရန်” ဆိုတဲ့ ရူးကြောင်ကြောင်ထောက်ချက်တွေ မရှိနိုင်တော့ဘူး။ ထင်တိုင်းကြဲတဲ့ကားဆိုလည်း Rating စနစ်က အပြင်းထန်ဆုံး အဆင့် (ဥပမာ ၁၈+ ၂၀+) တွေပေးလိုက်ခြင်းဖြင့် ပရိသတ်နည်းသွားစေမယ်။

ပြီးတော့မြန်မာနိုင်ငံတည်ဆဲဥပဒေတွေမှာ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေ၊ အသရေဖျက်မှုတွေ နဲ့ အခြားဥပဒေတွေ ရှိပြီးသား။ ထင်ရာစိုင်းရင် ဥပဒေနဲ့ထိန်းလို့ရမယ်။ ပြီးတော့ ကိုယ်တွေထက်လွတ်လပ်တဲ့ ထိုင်း နဲ့ စင်ကာပူတောင် ဆိုးဆိုးရွားရွားကားတွေ ထွက်မလာတဲ့ဥပမာတွေလဲရှိတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလို့။ ကိုယ်တွေဆီမှာလည်း အရပ်ဘက်အဖွဲ့အစည်းကအားကောင်းနေပြီ၊ ဝိုင်းကန့်ကွက်ကြလို့ အွန်လိုင်းကနေ ဖြုတ်ပေး လိုက်ရတဲ့ သီချင်းသရုပ်ဖော်ဗီဒီယိုတစ်ပုဒ်ကိစ္စပဲကြည့်လေ။ ထင်ရာစိုင်းရုပ် ရှင်ရိုက်မယ်ဆိုလည်း အဲ့လိုလာမှာပဲ။

မော်ကွန်း ။ ။ Rating စနစ်ကို တောင်းဆိုသူတွေထဲမှာ လူသိများတဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ဟာ အောက် ပိုင်းအသုံးအနှုန်းတွေ၊ လူ့ဂုဏ်သိက္ခာထိပါးစေတာတွေ၊ သူတစ်ပါးဖန်တီးထားတဲ့ အနုပညာပစ္စည်းတွေကို ဟာသပြက်လုံးလုပ် တင်ဆက်နေတာတွေ့ရပါတယ်။ အဲ့လိုလုပ်ရပ်မျိုးက ရုပ်ရှင်ထဲရောက်လာရင် Rating စနစ်က ဘယ်လိုလုပ်မလဲ။ နောက်ပြီး ရွှေကြာ၊ စပွန်ဆာဇာတ်လမ်းမျိုးတွေက လောလောဆယ်စနစ်မှာ မိသားစုလိုက် ရုံထဲဝင်ကြည့်ခွင့် ရနေကြတယ်။ Rating လုပ်လိုက်ရင် ဒီလိုရုပ်ရှင်ကားတွေကိုရော ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်လာနိုင်မလဲ။

M နိုး ။ ။ စင်ကာပူနဲ့ ထိုင်း Rating စနစ်မှာ အဲလိုအသုံးအနှုန်း ပြက်လုံးတွေကို အပြင်းထန်ဆုံးအဆင့်သတ်မှတ်ချက် (၂၁+)တွေ ပေးပစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာကို သိသာထင်ရှားရင် တည်ဆဲဥပဒေတွေအရရော၊ အခြေခံဥပဒေ အရရော အရေးယူနိုင်တဲ့လမ်းကြောင်းတွေရှိတယ်။ အာရှနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ ကွာတာက အင်မတန်မှကို လူ့ဂုဏ်သိက္ခာ၊ လူမျိုးရေး၊ ဘာသာရေးကိစ္စကို ဆိုးရွားစွာပုံ‌ဖော်ရင် ‘ပြသခွင့်မပေး’ ‘နေရာတိုင်းမှာမပြရ’ ဆိုတဲ့ အရေးယူတဲ့စနစ်ရှိတယ်။ မြန်မာပြည်စနစ်က အဲလိုပုံစံနဲ့သွားမှာပဲ။
မော်ကွန်း ။ ။ တခြားဖြည့်စွက်ပြောချင်တာ။
M နိုး ။ ။ ဒီမိုကရေစီကျင့်သုံးတာ ၁၀ နှစ်ရှိသွားပြီ့။ ကမ္ဘာမှာ ဘယ်ဒီမိုကရေစီမှာမှမကျင့်သုံးတဲ့ ၊ စစ်အုပ်ချုပ်ရေး လက်ထက်ကပြဌာန်းထားတဲ့ ဆင်ဆာစနစ်ဆိုတာကို ပြည်သူရွေးချယ်တင်ထားတဲ့ NLD အစိုးရက ဆက်ကျင့်သုံးနေတယ် ဆိုတာ တကယ်တော့ရှက်စရာကြီး။ အာဆီယံမှာဆိုလည်း ဆင်ဆာက လာအို၊ ဘရူနိုင်း၊ မြန်မာပဲ ကျန်တယ်။ အဲ့ထဲမှာမှ လာအိုဆင်ဆာက မြန်မာထက်ပိုချောင်နေတယ်။ ဒါလက်သင့်ခံနိုင်တဲ့ အခြေအနေမဟုတ်ပါ။

မော်ကွန်း ။ ။ ဆရာရဲ့ ရုပ်ရှင်ဖြတ်သန်းမှုမှတ်တမ်းအကျဉ်းချုပ် ထည့်သွင်းရေးပေးစေလိုပါတယ်။
M နိုး ။ ။ ၂၀၀၄ မှာ အမေရိကန်ပြည်ထောင်စု California State University (Long Beach မြို့) မှာ ဇာတ်ညွှန်းနဲ့ ရုပ်ရှင်အနုပညာဘွဲ့ကိုရရှိ။ မြန်မာနိုင်ငံမှာ ၂၀၀၉-၂၀၁၃ ဗီဒီယိုခေတ်က ဗီဒီယိုကား အနည်းငယ်သာရိုက်ကူးခဲ့။ Human Rights Human Dignity Film Festival တွင် အလုပ်လုပ်ပေးဖြစ်ခဲ့။ လက်ရှိ ဇာတ်ညွှန်းဆိုင်ရာ အကြံပေးအလုပ်အချို့ကို လုပ်ပေးနေဖြစ်၊ မိမိရိုက်ထားသော (ဆင်ဆာမတင်ထားသည့်) ဇာတ်ကားတိုအချို့ နိုင်ငံပေါင်း ၂၀ မှရုပ်ရှင်ပွဲတော်များတွင် ပြသနိုင်ခဲ့။ ၂၀၁၉ တိုကျို ရုပ်ရှင်ပွဲတော်သို့ ဂျပန်ဖောင်ဒေးရှင်းအကူအညီဖြင့် တက်ရောက်လေ့လာခဲ့။

Photo-Copyright-Ministry-of-Information-scaled

ဦးအေးကြွယ် (ခေတ္တညွှန်ကြားရေးမှူးချုပ်)
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

မော်ကွန်း ။ ။ ရုပ်ရှင်ဥပဒေသစ်ပြဌာန်းဖို့ လုပ်နေတာ နောက်ဆုံး ဘယ်အခြေအနေရောက်နေပါပြီလဲ။
ဦးအေးကြွယ် ။ ။ ရုပ်ရှင်ဥပဒေသစ် ရေးဆွဲနေတာ zero draft အဆင့် ရောက်ရှိနေပါပြီ။ ရုပ်ရှင်လောကသားအားလုံး သဘောတူလက်ခံနိုင်တဲ့ ဥပဒေတစ်ခု ပေါ်ပေါက်လာဖို့နဲ့ လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့အတူ ပူးပေါင်းဆွေးနွေးပြဌာန်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။

မော်ကွန်း ။ ။ ဘာကြောင့် ရုပ်ရှင်ဥပဒေသစ်ပြဌာန်းဖို့လုပ်ရတာပါလဲ။ ဘယ်တုန်းက စလုပ်တာလဲ။ ဒီထဲမှာ လက်ရှိ ၁၉၉၆ ရုပ်ရှင်ဥပဒေနဲ့ မတူတာ ဘာတွေပါလာနိုင်မလဲ။
ဦးအေးကြွယ် ။ ။ ၂၀၁၆ ခုနှစ်လောက်ကတည်းက မူကြမ်းရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်။ ရုပ်ရှင်ဥပဒေဟာ အလွန်သိမ်မွေ့ပြီး ကျယ်ပြန့်ပါတယ်။ ရုပ်ရှင်လောကသားများအတွက်သာမက ရုပ်ရှင်ကြည့်ပြည်သူများအတွက်ကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေ / ကျင့်ထုံးတွေကိုပါ လေ့လာသုံးသပ်ရပါတယ်။ ရုပ်ရှင်ဥပဒေသစ်ဟာ လက်ရှိ ၁၉၉၆ ဥပဒေနဲ့ အများကြီးကွာခြားသွားပါပြီ။ ရုပ်ရှင်ကောင်စီ ပေါ်ပေါက်လာမယ်။ ရုပ်ရှင်လောကသားတွေလိုလားတဲ့ ဆင်ဆာစနစ်ဖျက်သိမ်းပြီး rating စနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်မယ်။ တာဝန်ယူ တာဝန်ခံမှုနဲ့အတူ လွတ်လပ်စွာ ရိုက်ကူး ဖန်တီးနိုင်မှုတွေ ပိုမို ရရှိလာနိုင်မယ်လို့ ထင်ပါတယ်။

မော်ကွန်း ။ ။ ကျွန်တော်မေးကြည့်တဲ့ ရုပ်ရှင်သမားတွေက ရုပ်ရှင်ဆင်ဆာစနစ်ကိုမလိုချင်တော့ဘဲ Rating စနစ်ကိုသာ အလိုရှိတယ်လို့ပြောပါတယ်။ ရုပ်ရှင်ဆင်ဆာက ဒီခေတ်မှာ တကယ်ပဲမလိုအပ်တော့ဘူးလား။ ဘယ်လိုယူဆပါသလဲ။
ဦးအေးကြွယ် ။ ။ ရုပ်ရှင်ဆင်ဆာအစား Rating စနစ် ပြောင်းလဲကျင့်သုံးသွားမှာဖြစ်တဲ့အတွက် အထိန်းအကွပ်မဲ့သွားတာ မဟုတ်ဘဲ ပုံသဏ္ဌန်ပြောင်းပြီး စိစစ်ခြင်းသာဖြစ်ပါတယ်။ တစ်ဖက်မှာ လွတ်လပ်မှုတွေရှိလာနိုင်သလလို တစ်ဖက်မှာ တာဝန်ယူတာဝန်ခံရတဲ့အပိုင်း ပိုလာတယ်လို့ထင်ပါတယ်။

မော်ကွန်း ။ ။ ဒီမိုကရေစီစနစ်မှာ ရုပ်ရှင်သမားအချင်းချင်း၊ ပရိသတ်နဲ့ အပြန်အလှန်ထိန်းမယ်ဆိုရင် အဆင်ပြေနိုင်မလား။ ဆင်ဆာစနစ်မရှိတော့ရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာမလဲ။
ဦးအေးကြွယ် ။ ။ ရုပ်ရှင်လောကသားအချင်းချင်း ဖြစ်စေ၊ ပြည်သူလူထုက ဖြစ်စေ အပြန်အလှန်ထိန်းကျောင်း ပြုပြင်ခြင်းက ဒီနေ့အခြေအနေ အချိန်အခါအရ သင့်မြတ်တယ်လို့ ယူဆပါတယ်။ ဆင်ဆာစနစ်မရှိတော့ရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲဆိုတာကတော့ ရုပ်ရှင်လောကသား တွေအနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်ယူမှုကို ဒွန်တွဲကျင့်သုံးတတ်လာမယ်လို့ ထင်ပါတယ်။

မော်ကွန်း ။ ။ စာပေ၊ ဂီတ စတဲ့နယ်ပယ်တွေမှာ ဆင်ဆာစနစ်မရှိတော့ဘဲ ရုပ်ရှင်တခုတည်းသာ ရှိနေသေးတာဟာ နားလည်လက်ခံဖို့ ခက်ခဲတယ်လို့ ရုပ်ရှင်သမားတွေကပြောပါတယ်။ ဘာများတုံ့ပြန်ပြောကြားလိုပါသလဲ။
ဦးအေးကြွယ် ။ ။ အထူးတုံ့ပြန်ပြောကြားစရာ မလိုပါဘူး။ ရုပ်ရှင်ဥပဒေကို မြန်မြန်ပြဌာန်းနိုင်လေ ဆင်ဆာစနစ် မြန်မြန်ပပျောက်လေ ဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပေးကြပါလို့သာ ပြောလိုပါတယ်။

မော်ကွန်း ။ ။ ဥပဒေအသစ်က ကြာနိုင်တာကြောင့် လက်ရှိကျင့်သုံးနေတဲ့ ၁၉၉၆ ဥပဒေဘောင်အတွင်းကနေပဲ အမိန့်စာထုတ်ပြန်ပြီး ဆင်ဆာစနစ်ကို ဖျက်သိမ်း၊ Rating စနစ်ကို အကောင်အထည်ဖော်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနကို WDOM အဖွဲ့က တိုက်တွန်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သူတို့က အရင်က လုပ်ခဲ့တဲ့ ကိစ္စတချို့ကိုလည်း ထောက်ပြပါတယ်။ ဝန်ကြီးဌာနဘက်က ဘယ်လိုစဉ်းစားပါသလဲ၊ လွယ်ကူလျင်မြန်ပြီး ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းလို့ထင်ပါသလား။
ဦးအေးကြွယ် ။ ။ ရုပ်ရှင်ဥပဒေဟာ ဆင်ဆာကိစ္စပြောင်းလဲရေးကိစ္စတစ်ခုတည်းကိုသာ ပါဝင်တာမဟုတ်ဘဲ ရုပ်ရှင်လောက ဖွံ့ဖြိုးရေးကိစ္စတွေ၊ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်သူများရဲ့ တာဝန်နဲ့ရပိုင်ခွင့်တွေ ၊ ရုပ်ရှင်ကောင်စီ ဖွဲ့စည်းရေးကိစ္စတွေ ၊ ကျင့်ဝတ်စည်းကမ်းသတ်မှတ်ရေးကိစ္စတွေ၊ ရုပ်ရှင်လောကအတွက် လူသားအရင်းအမြစ် လေ့ကျင့်ပျိုးထောင်ရေး ကိစ္စတွေပါ ပါဝင်တဲ့အတွက် အထိုက်အလျောက်တော့ အချိန်ယူရပါတယ်။ မြန်မြန် ပြဌာန်းနိုင်ဖို့အတွက် ညီညီညွတ်ညွတ် လုပ်ကြရမယ်ထင်ပါတယ်။
၁၉၉၆ ခုနှစ် တည်ဆဲဥပဒေ ပြင်ဆင်ရေးကိစ္စကတော့ သူတို့ဘက်က တိုက်တွန်းခဲ့ပါတယ်။ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေရေးရာ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးဆောင်ရွက်ပြီးမှသာ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."