ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂ (မော်ကွန်း)
ရန်ကုန်တိုင်း ဒလမြို့နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးပြီးသူ နိုဝင်ဘာ ၁ ရက်အထိ တစ်သောင်းကျော်ရှိသည်ဟု ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဒေါ်ခိုင်နွယ်ဝင်းက မော်ကွန်းသို့ပြောသည်။
ဒလမြို့နယ်တွင် အသက် ၆၀ အထက် မဲပေးခွင့်ရှိသူ စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိသည်။ မဲရုံသို့လာရောက်မဲမပေးနိုင်သူများကို ကော်မရှင်အဖွဲ့ခွဲမှ တစ်အိမ်တက်တစ်အိမ်ဆင်း ကြိုတင်မဲကောက်ယူမှု ကုန်သလောက်နီးပါးရှိနေပြီး ရပ်ကွက်၊ကျေးရွာ ကော်မရှင်ရုံး၌ ကြိုတင်မဲထည့်ရန် ၄,၀၀၀ ကျော်သာကျန်ရှိတော့သည်။
“ရုံးမှာလာပေးတဲ့သူလည်းရှိတယ်။ရွေးကောက်ပွဲနေ့မှာပဲ ပေးမယ့်သူလည်းရှိတယ်။ အချို့ကခရီးလွန်နေကြတာလည်းရှိတယ်”ဟု ဒေါ်ခိုင်နွယ်ဝင်းက ပြောသည်။
COVID-19 ရောဂါကာလ၌ အသက် ၆၀ အထက် မဲပေးခွင့်ရှိသူများသည် ရပ်ကွက်၊ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်မှစတင်ကာ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ဒလမြို့နယ်သည် ရပ်ကွက်၊ကျေးရွာအုပ်စု ၄၂ ခုရှိပြီး လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိနေကာ မဲရုံပေါင်း ၁၈၂ ရုံ ပြင်ဆင်ထားသည်။
ယင်းမြို့နယ်၌ ပါတီငါးခုမှ ကိုယ်စားလှယ်လောင်းပေါင်း ၁၉ ဦးရှိကာ လွှတ်တော်အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပုံစာ – ဒလမြို့ပေါ် ကမာကသွယ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့တွင် အသက် ၆၀ အထက် ကြိုတင်မဲလာထည့်နေသူကိုတွေ့ရစဉ်။
ဓါတ်ပုံ – ဂေထော
#Dailynews

