စည်သူ
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း)
လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က မြို့ပေါ်ရပ်ကွက် ၂၀ ခုမှာသာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တာကြောင့် မဲပေးခွင့်ရှိသူ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး မဲပေးခွင့် ဆုံးရှုံးမယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ကျောက်ဖြူမြို့နယ်က ရပ်ကွက်နှစ်ခုနဲ့ ကျေးရွာအုပ်စုအားလုံးကို ရွေးကောက်ပွဲမကျင်းပတော့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒီမြို့နယ်အတွင်းမှာ ဆန္ဒမဲပေးခွင့် ရှိသူ ၁၂၀,၀၀၀ ကျော်ရှိတဲ့အထဲက ၂၅,၀၀၀ ကျော်သာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရတော့မှာပါ။
မဲပေးခွင့်ရတဲ့ မဲဆန္ဒရှင်တွေဟာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်အမှတ်(၁)နဲ့ အမှတ်(၂) ကိုယ်စားလှယ်လောင်းလေးဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
“သဲထဲရေသွန်ဆိုတဲ့ဟာလည်း ကြုံရတာပေါ့ဗျာ။ ကျွန်တော်နယ်ဆိုရင် ရေလမ်းခရီးနဲ့ သွားရတာ အများကြီးပဲဗျာ။ ဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် တောတွေတောင်တွေကြားထဲ့ သွားရတယ်။ အစကတည်းက ဒီနေရာတွေ မလုပ်ဘူးလို့ ကြေညာလိုက်ရင် ကျွန်တော်တို့ ငွေကုန်ကျစရိတ်လည်း သိပ်မရှိဘူး။ လူလည်း မပင်ပန်းဘူး။အချိန်လည်း မကုန်ဘူး”လို့ ရခိုင်အမျိုးသာပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်(၁) က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရန်မျိုးအောင်က မော်ကွန်းကိုပြောပါတယ်။
သူဝင်ပြိုင်မယ့် ကျောက်ဖြူမဲဆန္ဒနယ် အမှတ်(၁)မှာ ရပ်ကွက်လေးခုသာ ရွေးကောက် ပွဲကျင်းပနိုင်တာကြောင့် စုစုပေါင်း မဲဆန္ဒရှင် ၄၀,၀၀၀ အနက် ၉,၀၀၀ ကျော်သာ မဲပေးနိုင်တော့မယ်လို့ သူကရှင်းပြပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနဲ့ တစ်ခြားမြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၂ ခု ကို ရွေးကောက်ပွဲ မကျင်းပတာကြောင့် ပြည်နယ်တစ်ခုလုံးက မဲဆန္ဒရှင် ၁၂ သိန်းနီးပါး မဲပေးခွင့်ဆုံရှုံးမှာ ဖြစ်ပါတယ်။
#Dailynews

