ရေဂင်
ရန်ကုန် -၂၀၂၀ စက်တင်ဘာ ၁၃ (မော်ကွန်း)
ရိက္ခာပြတ်လပ်နေသည့် ပလက်ဝမြို့ကိုပို့ရန် ဆမီးမြို့တွင် လမ်းကြောင်းအခက်အခဲကြောင့် ပိတ်မိနေသည့် ဆန်နှင့်စားသောက်ကုန်များကို အောက်ဘိုဘာ ၁၂ ရက် ညပိုင်းကတည်းက ပို့ဆောင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်၊ အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောသည်။
ထိုရိက္ခာများကို ချင်းပြည်နယ်တောင်ပိုင်း ဆမီးမြို့မှ ပလက်ဝမြို့သို့ ကုန်ကားများဖြင့် တပ်မတော်မှလုံခြုံရေးယူကာ ပို့ဆောင်နေခြင်းဖြစ်ကြောင်း သူကပြောသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်အတွက် စားနပ်ရိက္ခာဈေးမြင့်တက်မှုနှင့် ဒေသခံများ ကြုံနေရကြောင်း စစ်ဘေးရှောင်များအရေး ကူညီပေးနေသူများက ဆိုသည်။
မြို့ပေါ်တွင် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းသည် ၇၅, ၀၀၀ အထိ ပေါက်စျေးရှိနေသည်ဟု ပလက်ဝ စစ်ဘေးရှောင်စခန်းအတွက် အလှူငွေရှာဖွေပေးနေသည့် Josep Oxygen ပရဟိတအဖွဲ့မှ ကို ဂျိုလီအောင်က ပြောသည်။
ပလက်ဝစစ်ဘေးရှောင်များထံ ပေးပို့ထားသည့် ဆန်အိတ်များသည် မြို့သို့ရောက်မလာဘဲ လမ်းကြောင်းလုံခြုံရေးအခြေအနေများကြောင့် “ကျွန်တော်တို့ဆီမှာ လှူထားတဲ့ ဆန်တွေတောင် တစ်လလောက်ရှိပြီ ဆမီးမှာဘဲသောင်တင်နေတာ” ဟု သူကပြောသည်။
ပလက်ဝစစ်ဘေးရှောင်များအား လူတစ်ဦးလျှင် တစ်ရက်ဆန်နှစ်ဘူးနှုန်းဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားပြီး ထိုဆန်ခွဲတမ်း အောက်တိုဘာ ၁၁ ရက်ကတည်းက ပြတ်လပ်ခဲ့ပြီဟု ပလက်ဝစစ်ဘေးရှောင်စခန်း စီမဲခန့်ခွဲရေး ကော်မတီဝင် ဦးဇာနည်က ပြောသည်။
တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် ပလက်၀မြို့ပေါ်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူငါးထောင်ခန့် ရှိနေပြီး မြို့ပေါ်နေထိုင်သူဦးရေ တစ်သိန်းကျော် ရှိနေသည်ဟု အကူအညီပေးသူများက ပြောသည်။
ပုံစာ။ ။ ပလက်ဝ – ဆမီး လမ်းပိုင်းတစ်နေရာ
ပုံ။ ။ Jolly Aung
#Dailynews

