“ဥပဒေအရတော့ လူတစ်ထောင်မှာ တစ်ရာလာပေးလည်း ရွေးကောက်ပွဲက အထမြောက်နေတာလေ၊ အဲဒီဟာက ပြင်ရမယ်ထင်တယ်။”

“ဥပဒေအရတော့ လူတစ်ထောင်မှာ တစ်ရာလာပေးလည်း ရွေးကောက်ပွဲက အထမြောက်နေတာလေ၊ အဲဒီဟာက ပြင်ရမယ်ထင်တယ်။”

၁၉၈၈ ကတည်းက တည်ထောင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကယားပြည်နယ်မဲဆန္ဒနယ်မြေ‌တွေမှာ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း ၁၃၁ ဦး ဝင်ရောက်ယှည်ပြိုင်မှာ ဖြစ်ပါတယ်။ SNLD အနေနဲ့ မဲဆွယ်စည်းရုံးခွင့်ကို ဘယ်လို လုပ်ဆောင်နေပါသလဲ။ COVID ကာလအကျပ်အတည်းကို ဘယ်လိုကျော်ဖြတ် နေပါသလဲ စတဲ့အကြောင်းအရာတွေကို သိရှိနိုင်ဖို့အတွက် မော်ကွန်းမဂ္ဂဇင်းက SNLD ဒုတိယဥက္ကဋ္ဌစိုင်းညွန့်လွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။

မော်ကွန်း။ ။ COVID ကာလမှာ မဲဆွယ်နေရတော့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေကြပါသလဲ။

စိုင်းညွန့်လွင်။ ။ ကျွန်တော်တို့ SNLD က ရန်ကုန်မှာ ရွေး‌ကောက်ပွဲမဝင်တဲ့အခါကြ‌တော့ သိပ်ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ စည်းရုံးရေးနယ်မြေမှာ ရှိနေတာတွေက COVID ပြဿနာသိပ်မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့အတွက် သက်ရောက်မှုဆိုတာ သိပ်မရှိပါဘူး။

မော်ကွန်း။ ။ SNLD ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူတွေက မဲပေးနိုင်ဖို့ အဆင်သင့်ဖြစ်ကြပြီ လား။ ကိုယ်စားလှယ်တွေကရော ဘာတွေကူညီပေးနေကြပါသလဲခင်ဗျ။

စိုင်းညွန့်လွင်။ ။ ကြိုးစားနေကြပါတယ်။ ရှင်းရှင်းလင်းလင်းမသိတဲ့သူတွေက အများကြီး ကျန်နေသေးတယ်။ အဲဒီတော့ တစ်အိမ်တက်ဆင်းတော့ လိုက်ပြနေရတာပေါ့။ မဲပေးရင် ဘယ်လိုပေးရမယ်။ မှတ်ပုံတင်တွေ ယူသွားရ မယ်စသဖြင့်ပေါ့လေ။ ဒီကြားထဲမှာ မှတ်ပုံတင်မရှိတဲ့လူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ မှတ်ပုံတင်မရှိပေမဲ့လည်း အိမ်ထောင်စုစာရင်းရှိတယ်။ လူကိုလည်းသိတယ်ဆိုရင် မဲပေးနိုင်အောင် ကော်မရှင်နဲ့ညှိရတာတွေရှိတယ်။ အဲဒီလိုမျိုးပေါ့။ လုပ်ထုံးလုပ်နည်းတွေမှာတော့ နည်းနည်း ပြဿနာရှိတယ်။ ကျန်တဲ့ COVID တွေ၊ ဘာတွေကတော့ ရန်ကုန်တို့ နေပြည်တော်တို့မှာ ကျွန်တော်တို့က ရွေး‌ကောက်ပွဲမဝင်ဘူးလေ။ အဲဒါကြောင့် သိပ်အထိအခိုက်မရှိပါဘူး။

မော်ကွန်း။ ။ SNLD ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေထဲက ပြည်သူတွေ မဲပေးဖို့ရော စိတ်ဝင်စားမှုရှိကြပါ သလား။ ဘယ်လို တွေ့ရပါသလဲ။

စိုင်းညွန့်လွင်။ ။ ရှိကြပါတယ်။ ဒါပေမဲ့ အခုနကလို COVID ကြောင့် အခက်အခဲတွေ ဖြစ်နေကြတော့ မဲပေးမယ့်လူဦးရေ များနိုင်သမျှများအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ အရင်တုန်းက ကွန်ဟိန်းဘက်မှာဆိုရင် မဲဆန္ဒနယ်မြေတစ်ခြမ်းမှာတင် တစ်သောင်းကျော်လောက် မဲမပေးတာတွေရှိခဲ့တယ်။ နောက် နမ့်ခမ်းဘက်မှာဆိုရင်လည်း တစ်သောင်းခွဲလောက် မဲမပေးတာတွေရှိခဲ့တယ်။ ဒီတစ်ကြိမ်တော့ အဲဒါမျိုးမဖြစ်အောင် ကျွန်တော်တို့စွဲဆောင်နေပါတယ်။

မော်ကွန်း။ ။ SNLD အနေနဲ့ တခြားပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ အပြိုင်မဲဆွယ်နေရတာဆိုတော့ အားနည်းချက်၊ အားသာချက်တွေကိုရော ဘယ်လို သုံးသပ်ထားပါသလဲ။

စိုင်းညွန့်လွင်။ ။ ရှမ်းပြည်နယ်တို့၊ ကချင်ပြည်နယ်တို့ဘက်မှာတော့ သိပ်မရှိပါဘူး။ အင်အားပြတာတို့၊ ဘာတို့တော့ တော်တော်လေးနည်းပါးပါတယ်။ အခု ပိုများနေတာက မကွေးတို့၊ မန္တလေးတို့ ပဲခူးတို့ အဲဒီလိုမျိုးတွေပေါ့နော်။ မြေပြန့်တွေမှာသာ များတာပါ။ ကျွန်တော်တို့ဘက်မှာတော့ သိပ်မရှိဘူးဗျ။ မရှိဘူးဆိုပေမယ့်လည်း နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ကျွန်တော်တို့ ကပ်ပြီးသား စတေကာပေါ်မှာ အပေါ်ကနေ ထပ်ပြီးလာကပ်တာတို့ဘာတို့ အဲဒါမျိုးတွေတော့ရှိတယ်။ နည်းနည်းပါးပါးပါ။ ဒါက စီမံချက်လည်း မဟုတ်ပါဘူး။ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ စိတ်ဆန္ဒနဲ့လုပ်တဲ့သဘောပါပဲ။

မော်ကွန်း။ ။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားဒေသက တိုင်းရင်းသားပါတီတွေ အားကောင်းနိုင်မယ်လို့ ခန့်မှန်းထားကြတော့ အခု COVID ကြောင့် တိုင်းရင်းသားပါတီတွေ အားကောင်းနိုင်ပါဦးမလား။

စိုင်းညွန့်လွင်။ ။ တခြားပါတီတွေအတွက်တော့ မသိပါဘူး။ ကျွန်တော်တို့ပါတီကတော့ မဆိုးပါဘူး။ နဂို မျှော်လင့်တဲ့အတိုင်းဖြစ်မယ်လို့ ဒီနေ့အထိတော့ မြင်မိပါတယ်။ အရင်မျှော်လင့်ထားတာကို မစွန့်လွှတ်သေးပါဘူး။

မော်ကွန်း။ ။ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ဘက်မှာ COVID – 19 ကူးစက်ပြန့်ပွားမှုက များပြားနေပေမယ့် တချို့ နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲကို နောက်ဆုတ်ပေးဖို့ ဆန္ဒရှိနေကြတယ်။ SNLD ရော ဘယ်လို သဘောထားရှိပါသလဲ။

စိုင်းညွန့်လွင်။ ။ ကျွန်တော်တို့ ဒီကိစ္စကို ဝင်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ အယူအဆကတော့ ရန်ကုန်က ရောဂါကူးစက်မှုများသွားလို့ မလုပ်နိုင်ဘူးဆိုရင် တစ်ပြည်လုံးကို နောက်ဆုတ်မှာပဲ။ ရန်ကုန်တစ်ခုတည်းတော့ ချန်ထားမှာမဟုတ်ဘူး။ ရန်ကုန်တစ်ခုတည်းကို ချန်ထားရင် လာမယ့်လွှတ်တော်မှာ အစိုးရမဖွဲ့နိုင်တော့ဘဲ… အဲဒါကြောင့် အစိုးရအနေနဲ့ ရန်ကုန်ကို မလုပ်နိုင်သေးဘူးဆိုရင် ရွှေ့ရင် အားလုံးအစုံလိုက် ရွှေ့မယ်လို့ ထင်ပါတယ်။

မော်ကွန်း။ ။ အစုံလိုက်ရွှေ့ရင်လည်း တချို့က ဒီအပေါ်မှာ စိုးရိမ်စိတ်ရှိကြတော့ SNLD ရော ဘယ်လို သုံးသပ်ထားပါသလဲ။

စိုင်းညွန့်လွင်။ ။ အားစိုက်ပြီးတော့ အားနဲ့ခွန်နဲ့ မဲဆွယ်စည်းရုံးထားတဲ့ ကျွန်တော်တို့လူတွေ ခြေကုန်လက်ပန်းကျတာပေါ့ဗျာ။ နောက်တစ်လအတွက်ပေါ့။ ပိုက်ဆံလည်း ပိုကုန်မှာပေါ့။ အဲဒီသဘောပါပဲ။ ကျန်တာတော့ ဘာမှမထိရောက်ပါဘူး။ တစ်ပိုင်းက ကောင်းတာက ဘာကောင်းသလဲဆိုတော့ ကျွန်တော်တို့ မရောက်သေးတဲ့နေရာတွေ မဝင်ရသေးတဲ့နေရာတွေလည်း ဝင်ဖို့အခွင့်အရေးရသွားတာပေါ့။ ရန်ကုန်မှာတော့ ပါတီအသစ်တွေက အထိနာနိုင်တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကိုလုပ်ရင် ပါတီအသစ်တွေက နိုင်ဖို့မလွယ်ဘူး။ အဟောင်းတွေပဲ ပြန်ပြီးနိုင်မယ့် သဘောရှိတယ်။ ဘာကြောင့်လဲဆို‌တော့ အသစ်တွေက မဲဆွယ်ခွင့်တွေ ဘာမှမရှိသေးဘူး။

မော်ကွန်း။ ။ COVID – 19 ကြောင့် လူတွေက အိမ်ပြင်ထွက်ပြီး မဲမပေးကြတော့ဘူးဆိုရင် ဘာတွေ ထိခိုက်လာနိုင်မလဲခင်ဗျ။

စိုင်းညွန့်လွင်။ ။ မဲပေးတာနည်းပေမယ့်လည်း ကိုယ်စားပြုမှုက မထိခိုက်ပါဘူး။ ပါဝါကတော့ နဂိုသတ်မှတ်ထားတဲ့ ပါဝါအတိုင်းပဲရမှာပါ။ ကိုယ်စားလှယ်‌လောင်းတစ်ဦးချင်းစီပေါ့နော်။ သို့သော်လည်း သမိုင်းမှာတော့ ကိန်းဂဏန်းတွေအရ အမြင်မကောင်းဘူးပေါ့။ လာပေးတဲ့သူက ငါးဆယ်ရာခိုင်နှုန်းမကျော်တာတို့ ဖြစ်ခဲ့ရင်ပေါ့။ ကိန်းဂဏန်းတွေအရ မလှမပဘူး။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေအရတော့ လူတစ်ထောင်မှာ တစ်ရာလာပေးလည်း ရွေးကောက်ပွဲက အထမြောက်နေတာလေ။ အဲဒီဟာက ပြင်ရမယ်ထင်တယ်။ အမှန်က မဲပေးပိုင်ခွင့် ရှိသူတစ်ဝက်ကျော်က မဲပေးရမယ်။ ဒါက မဆလခေတ်က လုပ်ခဲ့တာပေါ့။ ငါးဆယ်ရာခိုင်နှုန်းကျော်မှ မဲပေးပွဲ အထ‌ မြောက်တယ်။ အဲဒီ အထ‌မြောက်ပြီးတော့မှ မဲပိုရတဲ့သူကနိုင်မယ်။ အခုက အဲဒါကိုမဖော်ပြထားဘူး။ မဲပေးပွဲက မဲရုံစဖွင့်ကတည်းက အထမြောက်နေတဲ့သဘောပေါ့။ မဲရုံတစ်ခုလုံးမှာ နှစ်ယောက်သုံးယောက်လာပေးလည်း အဲဒီ နှစ်ယောက်သုံးယောက်နဲ့ပဲ ဖြတ်ရမှာပေါ့။ အဲဒီလိုသဘောမျိုးပဲ။

မော်ကွန်း။ ။ ဒီရက်ပိုင်းတွေမှာ ဥက္ကဋ္ဌကြီး နုတ်ထွက်တယ်လို့ ကြားလိုက်ရတော့ အခုဘယ်လို အခြေအနေ ဖြစ်သွားပြီလဲခင်ဗျ။

စိုင်းညွန့်လွင်။ ။ စေ့စပ်ဆွေးနွေးခြင်း ယဉ်ကျေးမှု ကျွန်တော်တို့ ပါတီထဲမှာ ရှိပါတယ်။ ဒီယဉ်ကျေးမှု ထူထောင်ထားတာလည်း နှစ်ပေါင်း ၃၀ ကျော်ပြီ။ ဒီလိုပဲ ညှိနှိုင်းဆွေးနွေးတဲ့အခါမှာ ပြီးသွားတယ်။ ရွေးကောက်ပွဲအပြီး မြန်မာနှစ်ကုန်တဲ့အထိ သူနေသွားပါလိမ့်မယ်။

မော်ကွန်း။ ။ ဒီ‌ရွေး‌ကောက်ပွဲအပေါ်မှာ ဘာများဖြည့်စွက်သုံးသပ်လိုပါသေးသလဲခင်ဗျ။

စိုင်းညွန့်လွင်။ ။ တစ်ခါမှမကြုံဖူးတဲ့ ပုံစံအသစ်နဲ့ ကျွန်တော်တို့ရင်ဆိုင်ရမှာပေါ့။ နဂိုပုံစံအဟောင်းတောင် ရွေးကောက်ပွဲမှာ မဲထည့်တဲ့သူတွေက မကျွမ်းကျင်သေးဘူး။ ပုံစံအသစ်နဲ့ ထပ်လုပ်ရမယ်ဆိုရင်တော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ဒါပေမဲ့ ဘာမှမတတ်နိုင်ဘူးလေ။ ဒီအတိုင်းပဲ ကျော်ဖြတ်ရမှာပဲ။ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ကျွန်တော်တို့ ဘယ်လိုမဲထည့်ရမယ်ဆိုတာ တိတိကျကျ ညွှန်ကြားချက်မထွက်သေးဘူး။ ကျွန်တော်တို့မသိတော့ မဲပေးမယ့်သူတွေကို ကြေညာပေးလို့ မရဘူးဖြစ်နေတယ်။ ကျွန်တော်ဆိုရင် မရမ်းကုန်းမှာနေတာ။ ဘယ်လိုမဲပေးရမယ်ဆိုတာ မသိသေးဘူး။ ခါတိုင်းပုံစံမဟုတ်တာတော့ ကျိန်းသေတယ်။ အဲဒါတောင် ကျွန်တော်မသိသေးဘူး။ အခုချိန်မှာ အသိပေးဖို့ လိုပြီထင်တာပဲ။ ဒါက လျှို့ဝှက်ထားရမယ့်ကိစ္စမဟုတ်ဘူး။ မဲဆန္ဒရှင်တိုင်း သိဖို့လိုပါတယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."