စည်သူ
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၅ (မော်ကွန်း)
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ မဟာသိမ်တော်ကြီးစာသင်တိုက်တွင် COVID -19 ရောဂါပိုးကူးစက်ခံရသူ သံဃာတော်၇၆ ပါးနှင့် ကပ္ပိယ ၁၄ ဦးရှိပြီး စာသင်တိုက်အား Lockdown ချထားကြောင်း မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။
” သံဃာ ၇၆ ပါးကိုကျတော့ ဗဟန်းမှာရှိတဲ့ အဘိဓမ္မာ ဓမ္မဗိမာန်၊ အဲဒီမှာ သံဃာတွေ COVID ကူးတဲ့အခါ ကုတင် ၃၀၀ ကုသရေးစင်တာဖွင့်ထားတာရှိတယ်။ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီးတွေကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်ပေးနေတယ်။ အဲဒီကို နံနက်က ၇ နာရီခွဲ ၈ နာရီလောက်က ပို့ဆောင်လိုက်ပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က ပြောသည်။
ရောဂါပိုးကူးစက်ခံရသည့် ကပ္ပိယ ၁၄ ဦးအား လှိုင်မြို့နယ်ရှိ တပ်မတော် Quarantine Center သို့ ပို့ဆောင်ထားပြီး မဟာသိမ်တော်ကြီးစာသင်တိုက်တွင် လူသိပ်မကျန်တော့ကြောင်း ၎င်းကဆိုသည်။
” ဆရာတော်ကြီးအပါအဝင် သံဃာခြောက်ပါးကတော့ COVID ပိုးမတွေ့တဲ့အတွက် ကျောင်းမှာပဲ လော့ဒေါင်းချထားပါတယ်” ဟု ဒေါ်စိုးပပလှိုင်ကပြောသည်။
ရန်ကုန်တွင် သံဃာတော်များ ရောဂါကူးစက်ခံရမှုသည် ပန်းဘဲတန်းမြို့နယ် သိမ်တော်ကြီးကျောင်းတိုက်တွင် ၇၆ ပါး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စွန်းလွန်းဂူဝိပဿနာကျောင်းတိုက်တွင် ၅၆ ပါး နှင့် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် ၃၆၅ ပါး၊ စုစုပေါင်း ၄၉၇ ပါးရှိ ပြီ ဖြစ်သည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ အောက်တိုဘာ ၄ ရက် ညပိုင်းအထိ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူ ၁၇,၇၉၄ ဦးရှိနေပြီး၊ သေဆုံးသူ ၄၁၂ ဦးနှင့် ပြန်လည်သက်သာလာသူ ၅,၁၉၅ ဦးရှိနေပြီဖြစ်သည်။
Lockdown ချထားသည့် မဟာသိမ်တော်ကြီးကို ယနေ့တွေ့ရစဉ်
#Dailynews

