စစ်ကိုင်း-၂၀၂၄ ဇန်နဝါရီ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာ ကားလမ်းအနီးက လယ်ကြီးနဲ့ ရွာမကျေးရွာကို မနေ့က မနက်ပိုင်းက စစ်ကောင်စီတပ်တွေ စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာမရွာကို တိုက်ပွဲမရှိဘဲ ရုတ်တရက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်တပ်ပြန်ထွက်သွားမှ အလောင်းတွေတွေ့တာ၊ သတ်ခံရတဲ့သူတွေက တော်လှန်ရေးရဲဘော်တွေ၊ အရှင်ဖမ်းမိပြီးမှ သတ်ခံထားရတာထင်တယ်။ လယ်ကြီးနဲ့ ရွာမကြားမှာ သတ်ခံထားရတာ။ ရွာခံတစ်ချို့တော့ စစ်ကြောင်းထိုးချိန်ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရတာရှိတယ်” လို့ သူကပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ရဲဘော်လေးဦးဟာ အသက် ၁၇၊ ၁၉၊ ၂၃၊ ၂၅ နှစ်အရွယ်တွေဖြစ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့ကဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေက လယ်ကြီးနဲ့ ရွာမရွာကို စီးနင်းစဉ် မပြေးနိုင်လို့ကျန်ခဲ့တဲ့ ဒေသခံတစ်ချို့လည်း ရိုက်နှက်စစ်ဆေးခံခဲ့ရသေးတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“သူတိုက သုံးနေရာခွဲပြီး ရွာကိုမီးရှို့သွားတာ။ နှစ်ရွာပေါင်း အိမ်ခြေနှစ်ဆယ်လောက် မီးထဲပါသွားတယ်။ မီးမရှို့ခင်ရွာတွေထဲက တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်း ယူသွားတယ်” လို့ သူကပြောပါတယ်။
ကျေးရွာတွေစီးနင်းခံရတာကြောင့် လယ်ကြီးနဲ့ ရွာမရွာအပါအဝင် အနီးက ကျေးရွာတွေက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ လယ်ကြီးနဲ့ ရွာမရွာအနီးမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်လို့ သတင်းရတာကြောင့် နယ်မြေရှင်းလင်းရင်း တိုက်ပွဲဖြစ်ရာမှာ PDF လေးဦးသေဆုံးပြီး လက်လုပ်သေနတ်တွေနဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။
အခုလ ၂၂ ရက်ကလည်း ဘုတလင်မြို့နယ်ကွမ်းခြံရွာကို စီးနင်းထားတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ဖို့စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိပြီး ပစ်သတ်ခံခဲ့ရပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာတွေကို အခုလ ဒုတိယပတ်ကစပြီး နေ့စဉ်နီးပါးစစ်ကြောင်းထိုး၊ ရွာမီးရှို့ဖျက်ဆီးတာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ပုံစာ – သိမ်းဆည်းခံရတဲ့ လက်နက်ခဲယမ်းတချို့။
ဓာတ်ပုံ – MDY Image

