စည်သူ၊ရေဂင်
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၅ (မော်ကွန်း)
လူတစ်ရာနီးပါးအထိ COVID-19 ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို စုံစမ်းစစ်ဆေးနေတာကြောင့် ရဲတပ်ဖွဲ့က တရားရုံးမှာ ချုပ်ရက်ရမန်ယူခဲ့ပြီး အောက်တိုဘာ ၁၆ ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သင်္ဃန်းကျွန်းမြိုနယ်တရားသူကြီး ဦးသန်းလွင်က ဒီနေ့ ပြောပါတယ်။
ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီလိုတရားစွဲဆိုနိုင်ဖို့ သင်္ဃန်းကျွန် မြို့နယ်COVIDကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြိုနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောပါတယ်။
သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅)အရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လတ်တလောမှာ ရောဂါပိုးကူးစက်မှုမြင့်တတ်နေတဲ့အတွက် ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ အယောက် ၈၀၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Music Zone ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာတို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ပြန်လည်ထွက်ခွာစဉ် စီးနင်းသည့် ကားအား တွေ့ရစဉ်။
ဓါတ်ပုံ – ရေဂင်
#Dailynews

