ရန်ကုန် – စက်တင်ဘာ ၃၀ ၂၀၂၀ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီး၏ ယခုဘဏ္ဍာနှစ် အသုံးစရိတ်ခွင့်ပြုချက်သည် ယခင်နှစ်ထက် ကျပ်ဘီလီယံ ၂၀၀ ကျော် ပိုမို များပြားကြောင်း တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေးနှင့်စီးပွားရေး ကော်မတီက ပြောသည်။
အောက်တိုဘာ ၁ရက် တွင် စတင်မည့် ယခုဘဏ္ဍာနှစ်(၂၀၂၀-၂၀၂၁)အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အသုံးစရိတ်သည် ကျပ် ၉၇၀ ဘီလီယံကျော်ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်က ကျပ် ၇၇၀ ဘီလီယံကျော်သာ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယခုဘဏ္ဍာနှစ်အတွက် အသုံးစရိတ်များကို “လမ်းတံတား တည်ဆောက်ရေးကဏ္ဍနဲ့ ရန်ကုန်တိုင်းထဲက မီမလင်းသေးတဲ့ ဒေသတွေမှာ မီးလင်းရေး မီးကြိုးအသစ်လဲ တပ်ဆင်တဲ့ လျှပ်စစ်ကဏ္ဍတွေမှာ အများဆုံးသုံးမှာပါ” ဟု ဘဏ္ဍာရေးနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။
လတ်တလော COVID-19 ကူးစက်မှု မြင့်တတ်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွက် ရောဂါ ကာကွယ်တိုက်ဖျက်ရေးဆိုင်ရာအသုံးစရိတ်ကို တိုင်းဒေသကြီးအစိုးရအသုံးစရိတ်တွင် ထည့် သွင်းတွက်ချက်ထားခြင်းမရှိကြောင်းနှင့် ယင်းအသုံးစရိတ်အတွက် ပြည်ထောင်စုအဆင့် အသုံးစရိတ်တွင် သတ်မှတ်အတည်ပြုသည်ဟုလည်း သူက ရှင်းပြသည်။
ကုန်ခဲ့သည့် ငါးနှစ်အတွင်း ရန်ကုန်တိုင်း၏ စုစုပေါင်း အသုံးစရိတ်မှာ ငွေကျပ် ၃,၆၇၉ ဘီလီယံ ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ အချက်အလက်များမှ ကောက်နှုတ်ဖော်ပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီး/ပြည်နယ်များ၏ အသုံးစရိတ် တိုးတက်ပြောင်းလဲမှုများ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီးသည် တိုင်းနှင့်ပြည်နယ် အားလုံးအနက် အသုံးစရိတ် အများဆုံးရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုနှစ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငါးနှစ်သက်တမ်းအုပ်ချုပ်မှု၏ နောက်ဆုံးကာလနှစ်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၈ ရက် တွင် အထွေထွေရွေးကောက်ပွဲကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
#Dailynews

