ဂေထော
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၆ (မော်ကွန်း)
စစ်ပွဲနှင့် COVID-19 ရောဂါကူးစက်မှု နှစ်ခုစလုံးကြုံနေရသည့် ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးရေး အခက်တွေ့နေရကြောင်း တိုင်းရင်းသားနိုင်ငံရေးပါတီများက ပြောသည်။
ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၄၀ ကျော်သာလိုတော့သည့်အချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ မည်သည့်လှုပ်ရှားမှုမျှ ထွေထွေထူးထူးမလုပ်နိုင်သေး ကြောင်း မြိုတိုင်းရင်းသားပါတီ၊အတွင်းရေးမှူး ဦးမင်းအောင်က ပြောသည်။
“ ရောဂါကလည်းပြင်းထန်နေတော့ သွားလာလှုပ်ရှားမှုလည်း စီစဥ်ထားတာမရှိဘူး။အချို့နေရာမှာတော့ သူများပါတီတွေ ဆိုင်းဘုတ်တွေ အကုန်ထားပြီးပြီ။ ကျွန်တော်တို့ကျတော့ အဲဒါလည်း မထောင်ရသေးဘူး”ဟု အခြေအနေကို သူက ရှင်းပြ သည်။
ဒေသတွင်းပါတီငယ်တစ်ခုဖြစ်သည့် မြိုတိုင်းရင်းသားပါတီသည် ပါတီမှတ်ပုံတင် ရုတ်သိမ်းမခံရရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ကိုယ်စားလှယ်လောင်း သုံးနေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရခိုင်မျိုးနွယ်စုများတွင် ပါဝင်သည့် မြိုတိုင်းရင်းသားများသည် ပြည်နယ်တစ်ခုလုံးတွင် လူဦီးရေ လေးသောင်းကျော်ရှိကြောင်း ဦးမင်းအောင်က ရှင်းပြသည်။
အခြားပြည်နယ်အတွင်းရှိ လူမျိုးစုငယ်ကိုယ်စားပြုပါတီတစ်ခုဖြစ်သည့် ခမီအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီသည်လည်း မဲဆွယ်စည်းရုံးရေးအတွက် သွားရေးလာရေး အခက်အခဲ ဖြစ်နေသည်ဟု ပြောသည်။
“ ဆိုင်းဘုတ်တွေကတော့ တင်တော့တင်ထားတယ်။ ဒါပေမယ့်မဲဆွယ်စည်းရုံးရေးသွားရလာရတာကျတော့ အရင်လိုမျိုးသွားလာရတာမလွယ်တော့ အခက်အခဲတွေတော့ရှိတာပေါ့”ဟု ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုကော်မတီအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်အောင်ကပြောသည်။
ယင်းပါတီသည်လည်း ကိုယ်စားလှယ်သုံးနေရာအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ဘူးသီးတောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ခမီတိုင်းရင်းသား နှစ်သောင်းကျော် နေထိုင်နေသည်ဟု ဦးအောင်အောင်က ရှင်းပြသည်။
ပါတီမှတ်ပုံတင်ဖျက်သိမ်းမခံရရေးအတွက် ရွေးကောက်ပွဲတွင် အနည်းဆုံး ကိုယ်စားလှယ်နေရာ သုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသည်။
ပြည်နယ်အတွင်း အင်အားပိုကြီးသည့်ပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီသည်လည်း ပြည်နယ်မြို့တော် စစ်တွေတွင်သာ ကိုယ်စားလှယ်လောင်းများ၏ဓာတ်ပုံ၊ ဆိုင်းဘုတ်များနှင့်ဗီနှိုင်းများ စိုက်ထူနိုင်သေးပြီး ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ကိုယ်ရေးအချက်အလက်များကို လက်ကမ်းစာစောင်များအဖြစ်ဖြန့်ဝေပေးရန် စီစဥ်နေကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
သူတို့ပါတီအနေဖြင့် ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် မဲဆွယ်စည်းရုံးမှု တစ်စုံတစ်ရာလုပ်ဆောင်ရခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် COVID-19 အတည်ပြုလူနာ ၁,၂၁၂ ဦး ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီးပြီးလျှင် ဒုတိယကူးစက်ခံရမှု အများဆုံး ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေသည်။
ထို့အပြင် ပြည်နယ်မြောက်ပိုင်းတွင် စစ်ပွဲကြောင့် နယ်မြေမငြိမ်မသက်မှုများလည်းရှိနေသည်။ နယ်မြေအခြေအနေအရ ရွေးကောက်ပွဲ မကျင်းပမည် နယ်မြေများကို ထပ်မံ ထုတ်ပြန်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသော်လည်း ယနေ့အထိ တရားဝင် ကြေညာခြင်း မရှိသေးပေ။
ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မော်ကွန်းက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ရခိုင်ပြည်နယ်၌ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဥ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း ၃၈၀ ရှိရာ ယင်းတို့အနက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၄၁ ဦး ပါဝင်သည်။ နိုင်ငံရေးပါတီအနေနှင့် ၁၈ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁,၆၄၀,၀၀၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အချက်အလက်များတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင် ဩဂုတ် ၁၆ ရက်ကစပြီး COVID-19 ပြည်တွင်းကူးစက်မှု စတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးကို နေအိမ်တွင်နေထိုင်ရေး (Stay ay Home) အမိန့်ကို အစိုးရက ဩဂုတ် ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
#Dailynews

