ရန်ကုန်တိုင်းဒေသကြီးသည် လတ်တလောတွင် COVID-19 ပိုးကူးစက်ခံရသူအများဆုံးရှိနေသည့် တိုင်းဒေသကြီး ဖြစ်သည်။ ပိုးတွေ့သူဦးရေများပြားလာသည့်နှင့်အမျှ ယင်းတို့နှင့်ဆက်စပ်သူများကို ထိန်းသိမ်းစောင့်ရှောက်ပေးသည့် Quarantine Center များသည်လည်း မနိုင်ဝန်ထမ်းရသည့်အခြေအနေမျိုးများ ကြုံလာရပြီဖြစ်သည်။ လတ်တလော လူမှုကွန်ယက်များပေါ်တွင် ယင်းစင်တာများ၏ အဆင်မပြေမှု၊ စီမံခန့်ခွဲမှုအလွဲများအပေါ် ဝေဖန်မှုများ မြင့်တက်နေသည်။
ယင်းအခြေအနေတွင် ရန်ကုန်တိုင်း၏မြို့နယ်တစ်ခုဖြစ်သည့် ရွှေပြည်သာမြို့နယ်တွင် ပိုးတွေ့လူနာများနှင့် ထိစပ်မိသူများကို ပြုစုစောင့်ရှောက်ရေးအတွက် အစီအစဉ်သစ်တစ်ခု ပေါ်ထွန်းလာသည်။ ယင်းမှာ လူမှုကူညီရေးလုပ်ဆောင်သူများ ဦးဆောင်သည့် Quarantine Center များဖြစ်သည်။ ပိုးတွေ့ရှိသူ ၁၂၀ ကျော်ရှိထားကာ ဆက်စပ်ပတ်သက်သူများကို စောင့်ရှောက် နေရသည့် ရွှေပြည်သာမြို့နယ်၏ဝန်ကို လူမှုကူညီသူများက ဝင်ရောက်ထမ်းဆောင်ခြင်းလည်း ဖြစ်သည်။
ယင်းမြို့နယ်ရှိ ပရဟိတ Quarantine Center များအနက်မှ တစ်ခုကို ဦးအောင်ကြီးက ဦးဆောင်ကာ လူမှုကူညီရေးပေးနေသည်။ ထို့ကြောင့် မော်ကွန်းမဂ္ဂဇင်းမှ ဦးအောင်ကြီးကိုဆက်သွယ်ကာ Quarantine Center ပေါ်ပေါက်လာပုံနှင့် လတ်တလောအခြေအနေများအကြောင်းကို မေးမြန်းထားသည့်အနက်မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။
မော်ကွန်း။ ။ Quarantine Center တည်ထောင်ဖြစ်တဲ့အကြောင်း ရှင်းပြပေးပါခင်ဗျ။
ဦးအောင်ကြီး။ ။ တည်ထောင်ဖြစ်တာက မိုးဟိန်းလမ်းက စပါတယ်။ မိုးဟိန်းလမ်းမှာ COVID-19 အတည်ပြုလူနာ တစ်ယောက်စတွေ့တယ်။ အဲဒီလူနာနဲ့ ဆက်စပ်သူ ၃၇ ယောက်ကို Quarantine Center ပို့ကြတယ်။ နောက်နေ့မှာ အဲဒီ Quarantine Center က စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ ကြားရတယ်။ ဘယ်လို အခက်အခဲတွေလည်း ဆိုတော့ မနက်စာစားဖို့ မရှိဘူး။ ရေသောက်စရာ မရှိဘူး။ သူတို့ကို ညနှစ်နာရီခွဲလောက်မှာ လာခေါ်သွားတာပေါ့။ မနက် ခြောက်နာရီလောက်မှာ ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး အခက်အခဲတွေကို ပြောပြကြပါတယ်။
နိုင်ငံတော်ကတော့ အများနဲ့ဖြစ်သွားတဲ့အခါ လုပ်ရင်းနဲ့တော့ ဘယ်နိုင်တော့မလဲ။ အောက်ခြေမှာလည်း လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ၊ ရောနေတဲ့အခါ လစ်ဟင်းမှုလေးတွေ ရှိတာပေါ့။ ကျွန်တော်တို့က အဲဒီလိုအပ်ချက်လေးတွေ ကြည့်ပြီးတော့ ဒီပုံစံအတိုင်းဆိုရင် ဒါတွေများလာနိုင်တယ်။ အဲဒီတော့ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ တိုင်ပင် တယ်။ ကျွန်တော့်ရပ်ကွက်ထဲကနေ နောက်ထပ်လူတွေများလာလို့ တခြား Quarantine Center ကို ပို့ရင် အခက်အခဲတွေ ဖြစ်လာခဲ့ရင် ကူညီနိုင်ဖို့က မလွယ်ဘူး။ အဝေးကြီးဆိုရင်လေ။
အဲဒီတော့ ကိုယ့်ရပ်ကွက်ထဲက လူတွေကို ကိုယ့်ရပ်ကွက်ထဲမှာပဲ ထားမယ်ဆိုရင် ဘာပဲပြောပြော ကျွန်တော်တို့ ကူညီ နိုင်တယ်။ စောင့်ရှောက်နိုင်မယ်ပေါ့။ အဲဒါကြောင့် ဒါလေးကိုရည်ရွယ်ပြီး မြို့နယ်တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနကို အကူအညီတောင်းတဲ့အခါ ဒီအစီအစဉ်က ကောင်းတဲ့အစီအစဉ်ပဲ၊ တစ်နိုင်ငံလုံးမှာ ဘယ်သူမှ စိတ်ကူးမရှိသေးဘူး၊ ဝိုင်းဝန်းပြီး အကောင်အထည်ဖော်ပေးရမှာပေါ့ဆိုပြီး တာဝန်ရှိသူတွေက ဖွင့်ခွင့်ပေးလိုက်တာပါ။
မော်ကွန်း။ ။ ဒီ Center ကို မြို့နယ် COVID-19 ကာကွယ်ရေးကော်မတီနဲ့ အစ်ကိုတို့ကြားမှာ ဘယ်လို တာဝန် ခွဲဝေယူကြပါသလဲ။
ဦးအောင်ကြီး။ ။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကိုတော့ မြို့နယ်COVID-19ကာကွယ်ရေးကော်မတီက တာဝန် ယူပါတယ်။ ကျွန်တော်တို့အပိုင်းကတော့ နေဖို့ပေါ့။ နေဖို့မှာ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ လက်သန့်ဆေး စတာတွေအပြင် နောက်ဆုံး ခေါင်းလျှော်ရည်၊ သနပ်ခါးကအစ ကျွန်တော်တို့ တာဝန်ယူပေးပါတယ်။ စားဖို့လည်း တစ်နေ့ကိုသုံးနပ်စလုံးပေါ့။ နေ့လယ်နေ့ခင်းစားဖို့ နေကြာစေ့က အစပေါ့။ နောက်ထပ် Quarantine Center မှာ သူတို့ကို ဖုန်းသုံးခွင့် ပေးထားတယ်။ အဲဒီမှာ သူတို့က အပြင်ထွက်လို့ မရတဲ့အတွက် သူတို့ကို နှစ်ရက်တစ်ကြိမ် ဖုန်းဘေလ် တစ်ထောင်ကျပ်ကို တစ်ယောက်ချင်းစီ ဖြည့်ပေးတယ်။ အသေးစိတ်ကအစ ကျွန်တော်တို့ လုပ်ပေးနေလို့ သူတို့လည်း ပျော်ရွှင်နေပါတယ်။
မော်ကွန်း။ ။ နေရာအတွက် မြို့နယ် COVID-19 ကာကွယ်ရေးကော်မတီ ဘယ်မှာ နေရာချပေးပါသလဲ။
ဦးအောင်ကြီး။ ။ နေရာအတွက်ကတော့ စာသင်ကျောင်းပေါ့။ လုပ်လို့ရမယ့် စာသင်ကျောင်းကို ရွေပြည်သာပညာရေး မှူးရယ်၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌရယ်၊ ဒီနှစ်ဦးက ကျွန်တော်တို့ကိုတော်တော်ကူညီပါတယ်။ ပညာရေးမှူးက ကျောင်းမှန်သမျှ သုံးလို့ရအောင် ကူညီပေးပါတယ်။ အစိုးရပိုင်းကတော့ အခုနောက်ပိုင်း အကုန်ကူညီပါတယ်။
မော်ကွန်း။ ။ တစ်ရက်ကို ဘယ်နှစ်ယောက်စာအတွက် ကျွေးဖို့တာဝန်ယူထားရပါသလဲ။
ဦးအောင်ကြီး။ ။ Quarantine Center မှာ ရှိတဲ့သူတွေရော Volunteer တွေရောဆိုရင် ၁၃၀ လောက်ပါ။
မော်ကွန်း။ ။ အစ်ကို့ရဲ့ ဒီလို Quarantine Center ပထမဦးဆုံးပေါ်လာတာအပြင် ရွှေပြည်သာမှာ နောက်ထပ် ဒီလို Quarantine Center မျိုး ဘယ်နှခုလောက် ပေါ်လာတယ်လို့ သိထားပါသလဲ။
ဦးအောင်ကြီး။ ။ အမှတ်(၉) ရပ်ကွက်၊ (၁၀) ရပ်ကွက်၊ (၁၂) ရပ်ကွက်၊ (၁၉) ရပ်ကွက်တွေ ပေါ်လာတယ် ကြားတယ်။ အဆက်အသွယ်မရှိတော့ သေချာတော့ မသိပါဘူး။
မော်ကွန်း။ ။ Quarantine Center က လူတွေကို စောင့်ရှောက်ရတဲ့အခါမှာ အခက်အခဲရော ဘာတွေကြုံရလဲ။
ဦးအောင်ကြီး။ ။ အခက်အခဲက ဘာမှသိပ်မရှိသေးပါဘူး။ လူပင်ပန်းတာတော့ ရှိတာပေါ့။ ကိုယ်လုပ်ချင်လို့ လုပ်တာ ဆိုတော့ ပင်ပန်းပါစေပေါ့။ ဒါလောက်ပါပဲ။ ကျန်တဲ့ လှူရေးတန်းရေးလည်း အလှူရှင်တွေလည်း ပေါပါတယ်။ ဒီနေ့အချိန် အထိတော့ ဘာအခက်အခဲမှ မရှိသေးပါဘူး။
မော်ကွန်း။ ။ အစ်ကိုရဲ့ Quarantine Center ထဲကလူတွေမှာ ပိုးတွေ့လူနာတွေရှိပြီလားခင်ဗျ။
ဦးအောင်ကြီး။ ။ အခုချိန်အထိတော့ Positive တွေ့သူမရှိသေးပါဘူး။ စစ်လည်းမစစ်ရသေးပါဘူး။ ဒီနေ့မှ အာခေါင်တို့ ဖတ်၊ နှာခေါင်းတို့ဖတ် လာယူကြမှာပါ။
မော်ကွန်း။ ။ ဘာများဖြည့်ပြောချင်ပါသလဲခင်ဗျ။
ဦးအောင်ကြီး။ ။ ဒီကိစ္စမှာ ကျွန်တော့်ကို ကူညီကြတာက မိဘဆရာအသင်းဥက္ကဋ္ဌလားမသိဘူး၊ ကိုနိုင် (Color King) ရယ်၊ စည်ပင်ဥက္ကဋ္ဌဦးသိန်းဇံရယ်၊ မြို့နယ်ပညာရေးမှူးရယ်၊ အမှတ်(၁၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ သူတို့က လိုတာ ထက်ပိုပြီး ကူညီကြပါတယ်။ ဒီလေးယောက်ကိုတော့ ကျွန်တော်တစ်သက်မမေ့တော့ပါဘူး။ ကျွန်တော်တို့ရဲ့ အခက်အခဲ တွေကို သူတို့ လှူလည်းလှူပေးတယ်၊ အလှူရှင်လည်း ရှာပေးတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်လည်း ကူညီကြ ပါတယ်။ ဒါကြောင့် သူတို့လေးယောက်ကိုတော့ ကျွန်တော်မှတ်တမ်းတင်ထားချင်ပါတယ်။
ဓာတ်ပုံ – Aung Gyi (Facebook)
#Interview

