မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု အမှန်တကယ် ဖြစ်နေပြီလား

မြန်မာနိုင်ငံဟာ ဆူဒန်၊ ယီမင်နိုင်ငံတို့နဲ့အတူ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နိုင်ခြေအရှိဆုံး ထိပ်ဆုံးသုံးနိုင်ငံထဲမှာ ပါဝင်နေတယ်လို့ Early Warning Project လို့ခေါ်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) က ဧပြီအတွင်း ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမဖြစ်ခင် မူဝါဒရေးဆွဲသူတွေ ကြိုတင်ဟန့်တားကာကွယ်လို့ရအောင် ဒီအဖွဲ့ကအချက်အလက်တွေ ပံ့ပိုးပေးပြီး သတိပေးတဲ့ အဖွဲ့ပါ။

အခုလို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နိုင်ခြေအရှိဆုံးစာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်ရတာကတော့ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့်ပါ။ လူ့အခွင့်အရေးအဖွဲ့အစည်းအချို့နဲ့ အစိုးရတချို့ကလည်း ရခိုင်ပြည်နယ်မှာ အစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ဆောင်မှုတွေကို ထောက်ပြပြီး လူမျိုးတုံးသတ်ဖြတ်နေတယ်၊ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။

အဲဒီတော့ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှုရဲ့ စရိုက်လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်အခြေအနေမျိုးမှာ အဲဒီစကားလုံးတွေကို သုံးလို့ရနိုင်လဲ၊ ရခိုင်ပဋိပက္ခမှာ ဒီစကားလုံးတွေသုံးလို့ရရဲ့လား အစရှိတာတွေကိုမော်ကွန်းစာဖတ်ပရိသတ်ကို ချပြနိုင်ဖို့ အမေရိကန်ပြည်ထောင်စု၊မက်ဆက်ချူးဆက်ပြည်နယ်မှာရှိတဲ့ ဘရန်ဒိုင်း (Brandeis)တက္ကသိုလ်က ပါမောက္ခအန်တိုနီပိုလန်းစကီ (Antony Polonsky) နဲ့ ပါမောက္ခ မယ်ရီဖစ်ဇ်ဒပ်ဖ် (Mari Fitzduff)တို့ကို အီးမေးလ်က တစ်ဆင့် မေးမြန်းထားပါတယ်။

ဟိုလိုကော့စ် (နာဇီတွေက ဂျူး ခြောက်သန်းကို သတ်ခဲ့တဲ့လူမျိုးတုံးသတ်ဖြတ်တဲ့ ဖြစ်စဉ်) ရေးရာကျွမ်းကျင်သူတစ်ဦးလည်းဖြစ်တဲ့ ပါမောက္ခပိုလန်းစကီဟာ နာဇီရာဇဝတ်မှုများ လေ့လာရေးနိုင်ငံတကာကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ပါမောက္ခဖစ်ဇ်ဒပ်ဖ်ဟာလည်း ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြပါရှိတာတွေကတော့၎င်းတို့နှစ်ယောက်ရဲ့အဖြေတွေထဲကနေ ကောက်နုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။

ပါမောက္ခ အန်တိုနီပိုလန်းစကီရဲ့ အမြင်

မော်ကွန်း။ ။ လူမျိုးတုံးသတ်ဖြတ်မှု(Genocide)နဲ့ လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်မှု(Ethnic Cleansing) တို့ရဲ့ လက္ခဏာတွေက ဘာတွေပါလဲ။

ပိုလန်းစကီ။ ။ ကုလသမဂ္ဂက ၁၉၄၈ ဒီဇင်ဘာမှာ ပြဋ္ဌာန်းခဲ့တဲ့လူမျိုးတုံးသတ်ဖြတ်မှု ရာဇဝတ်မှုကို ကြိုတင်ကာကွယ်ခြင်းနှင့်အပြစ်ပေးခြင်းဆိုင်ရာ ကွန်ဗင်ရှင်းက အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ထဲမှာ လူမျိုးအုပ်စု၊ တိုင်းရင်းသားအုပ်စု၊ လူမျိုးစု၊ ဒါမှမဟုတ်ဘာသာရေးအဖွဲ့တစ်ခုခုကို အလုံးစုံဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် ဖျက်ဆီးလိုတဲ့ ကြံရွယ်မှုနဲ့ အောက်မှာ ဖော်ပြထားတဲ့လုပ်ရပ်တစ်ခုခုကို လုပ်တယ်ဆိုရင် အဲဒါကို လူမျိုးတုံး သတ်ဖြတ်မှုလို့ အဓိပ္ပာယ်ဖွင့်တယ်။

၁။ အုပ်စုအဖွဲ့ဝင်တွေကိုသတ်ဖြတ်ခြင်း

၂။ အုပ်စုအဖွဲ့ဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဆိုးဆိုး ရွားရွားထိခိုက်စေခြင်း

၃။ အဲဒီအဖွဲ့တစ်ဖွဲ့လုံးကိုဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေဖို့တွက်ချက်ပြီး သူတို့ဘဝတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေခြင်း

၄။ အဲဒီအုပ်စုအတွင်း လူဦးရေပေါက်ဖွားမှုကို ဟန့်တားလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း

၅။ အဖွဲ့တစ်ဖွဲ့က ကလေးတွေကို အခြားအဖွဲ့ကို အတင်းအဓမ္မ ရွှေ့ပြောင်းခြင်း

၁၉၉၆ မှာ လူမျိုးတုံး သတ်ဖြတ်မှု စောင့်ကြည့်ရေး(Genocide Watch) ရဲ့ ဥက္ကဋ္ဌ ဂရက်ဂရီစတာန်တင် (Gregory Stanton)က ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ အဲဒီထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုဟာ အဆင့်ရှစ်ဆင့်နဲ့ သွားတယ်လို့ ဆိုထားတယ်။လူတန်းစာခွဲခြားသတ်မှတ်တာ၊ နာမညေ် ပးခွဲခြား သတ်မှတ်တာ၊တစ်ဖက်အဖွဲ့ကို လူသားမဆန်အောင် ခိုင်းနှိုင်းပြောဆိုကဲ့ရဲ့တာ၊(သတ်ဖြတ်မှုကျူးလွန်ဖို့) အုပ်စုဖွဲ့တာ၊ သွေးခွဲတာ၊ ပြင်ဆင်တာ(ဥပမာ – သုတ်သင်ရှင်းလင်းမယ့် လူနာမည်တွေကို စာရင်းပြုစုတာ၊ ချွေးတပ်စခန်းလိုမျိုးမှာ သီးသန့်ထားတာ)၊ မျိုးဖြုတ်သတ်ဖြတ်တာနဲ့ လက်စလက်နဖျောက်တာ (အထောက်အထားတွေမီးရှို့ပစ်တာ၊ အလောင်းတွေကို ကျင်းတူးပြီး ဖျောက်ဖျက်ပစ်တာ)တို့ဆိုပြီး အဆင့်တွေပါဝင်တယ်။ နောက်ပိုင်းမှာ သူဟာနှစ်ခုကိုထပ်ဖြည့်တယ်။ ခွဲခြားဆက်ဆံတာနဲ့ နှိပ်စက်ညှဉ်းပန်းတာ ဆိုပြီးတော့။

လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှုနဲ့ပတ်သက်တဲ့ရာဇဝတ်မှုသက်သက်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်ရယ်လို့တော့မရှိဘူး။ ဒါပေမဲ့ အဲဒါကို ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် လူတွေကို အတင်းအဓမ္မဖိအားပေး နှင်ထုတ်တာဟာအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)နဲ့ ယခင် ယူဂိုဆလားဗီယားအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးတွေကို ဖွဲ့စည်းတည်ထောင်ထားတဲ့ ဥပဒေတွေအရ လူသားမျိုးနွယ်တွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် အဓိပ္ပာယ်ဖွင့်လို့ရတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေမှာတော့ လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှုနဲ့ ကပ်ပါလာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် မှတ်ယူကြတယ်။ အချို့အခြေအနေတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုပေါ့။

မော်ကွန်း။ ။ ဘယ်အခြေအနေအောက်မှာ အဲဒီစကားလုံးတွေကို သုံးနိုင်မလဲ။

ပိုလန်းစကီ။ ။ လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေ အကုန်လုံးနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ်အဓိပ္ပာယ်ဖွင့်ချင်နေကြတာရှိတယ်။ဘာလို့လဲဆိုတော့လူမျိုးတုံးသတ်ဖြတ်မှုရာဇဝတ်မှုကို ကြိုတင်ကာကွယ်ခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ ကွန်ဗင်ရှင်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ချည်နှောင်ထားလို့ပဲ။ ဒါဟာ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်ဆောင်မှုကိစ္စနဲ့ မဆိုင်ဘူး။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးနဲ့ မဆိုင်ဘူး။

မော်ကွန်း။ ။ အတိတ်နဲ့ပစ္စုပ္ပန်အခြေအနေတွေကို ထောက်ပြပြီးလူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ နိုင်ငံတကာခေါင်းဆောင်တချို့ဟာ မြန်မာပြည်အနောက်ဘက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်နေပါပြီ၊ လူမျိုးသန့်စင်ရှင်းလင်းရေး လုပ်နေပါပြီဆိုပြီး ပြောဆိုနေကြတာရှိတယ်။(မြန်မာနိုင်ငံအနောက်ဘက်ဒေသမှာ၂ဝ၁၂ က နိုင်ငံတကာမှာ ရိုဟင်ဂျာလို့သိကြပြီး ပြည်တွင်းမှာဘင်္ဂါလီလို့ခေါ်တဲ့ တိုင်းမဲ့ပြည်မဲ့မွတ်စလင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကြား သွေးမြေကျပဋိပက္ခဖြစ်ခဲ့တယ်။) အရင်အစိုးရနဲ့လက်ရှိအစိုးရကတော့ (လူမျိုးတုံးသတ်ဖြတ်မှု) မဟုတ်ပါဘူးလို့ငြင်းတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။ နိုင်ငံအနောက်ဘက်ပိုင်းမှာဖြစ်နေတာတွေကို ပုံဖော်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု၊ ဒါမှမဟုတ် လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှုဆိုတဲ့ စကားလုံးကို သုံးလို့ရမယ်ထင်လား။

ပိုလန်းစကီ။ ။ အစိုးရတပ်ဖွဲ့တွေနဲ့ဒေသခံတွေကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဒေသရခိုင်မှာဖြစ်နေတယ်။အဲဒီမှာဗုဒ္ဓဘာသာဝင်နှစ်သန်းလောက်နဲ့မွတ်စလင်တစ်သန်းလောက် နေထိုင်တယ်။ အခုအဲဒီ မွတ်စလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပုံဖော်ကြတယ်။ ဘီဘီစီ(၂ဝ၁၆၊ ဒီဇင်ဘာ)သတင်းပေးပို့ချက်အရ ရိုဟင်ဂျာ မွတ်စလင် ခန့်မှန်းခြေ ၂၁,၉ဝဝ ဟာ နှစ်လအတွင်းမှာ တိုင်းပြည်ကနေ ထွက်ပြေးသွားကြရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ၂ဝ၄ ယောက်ရဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်တွေကိုအခြေခံပြီး ၂ဝ၁၇ ဖေဖော်ဝါအစောပိုင်းမှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂအစီရင်ခံစာထဲမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်တာတွေ၊ လူတွေ ပျောက်သွားတာတွေ၊ အသတ်ခံရတာတွေ၊ အဲဒီထဲမှာ ကလေးသူငယ်တွေ ရက်ရက်စက်စက်အသတ်ခံရတာတွေ ပါပါတယ်။ အစီရင်ခံစာထဲမှာ အင်တာဗျူးထားတဲ့ အမျိုးသမီး ၁ဝ၁ ယောက်ထဲက ထက်ဝက်လောက်ကသူတို့ဟာ လိင်အကြမ်းဖက်မှုရဲ့ သားကောင်တွေပါလို့ ပြောကြတယ်။

ကျွန်တော့်အမြင်ကတော့(ရခိုင်အရေးကျွမ်းကျင်သူ)ဂျက်လိုက်ဒါထောက်ပြတာတွေကိုအခြေခံပြီးပြောရရင်တော့ရခိုင်ပြည်နယ်မှာ ဘာဖြစ်နေလဲဆိုရင် လူများစုနဲ့ လူနည်းစုကြားဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခလို့မြင်တယ်။ အဲဒီမှာ အာဏာပိုင်တွေက လူများစုဘက်က လိုက်ပြီး ဝင်ရောက်ကြားဝင်နေတယ်။

မော်ကွန်း။ ။ ဘယ်လိုအခြေအနေမျိုးမှာ အစိုးရတစ်ရပ်ဟာလူမျိုးတုံးသတ်ဖြတ်မှု၊ ဒါမှမဟုတ် လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှု လုပ်လုနီးပါးဖြစ်နေပြီလို့ ပြောလို့ရမလဲ။

ပိုလန်းစကီ။ ။ ဂရက်ဂရီစတာန်တင်ရဲ့ ‘လူမျိုးတုံးသတ်ဖြတ်မှုအဆင့် ၈ ဆင့်’ဆောင်းပါးက ဒီနေရာမှာ အထောက်အကူပြုမယ်လို့ ထင်တယ်။ နာမည်ပေးခွဲခြားသတ်မှတ်တာ၊ တစ်ဖက်အဖွဲ့ကို လူသားမဆန်အောင် ခိုင်းနှိုင်းပြောဆိုကဲ့ရဲ့တာ၊(သတ်ဖြတ်မှုကျူးလွန်ဖို့)အုပ်စုဖွဲ့တာ၊သွေးခွဲတာ၊ခွဲခြားဆက်ဆံတာနဲ့နှိပ်စက်ညှဉ်းပန်းတာတို့ကို ရခိုင်ပြည်နယ်မှာ မြင်နေရတယ်။ ဒါပေမဲ့ပြင်ဆင်တာနဲ့သတ်ဖြတ်တာတွေတော့မဟုတ်ဘူး။

မော်ကွန်း။ ။ လက်ရှိအခြေအနေကို ပုံဖော်ဖို့ အကောင်းဆုံးအသုံးအနှုန်းက ဘာဖြစ်မလဲ။

ပိုလန်းစကီ။ ။ ရခိုင်မှာ မွတ်စလင်တွေ နှိပ်စက်ခံနေရတာကိုလူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်သင့်၊ မသင့်နဲ့ပတ်သက်ပြီးအမြင်အမျိုးမျိုးဖြစ်နေတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇကက် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်နေပြီလို့  သူယုံကြည်တယ်ဆိုပြီး လူသိရှင်ကြား ပြောထားတယ်။ ရိုဟင်ဂျာတွေကို လူအစုလိုက်အပြုံလိုက် သတ်တာတွေမရှိပေမယ့် နှိပ်စက်ညှဉ်းပန်းနေတဲ့အခြေအနေတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ စရိုက်လက္ခဏာတွေ ဖြစ်တယ်လို့ လန်ဒန်က ကွင်းမယ်ရီတက္ကသိုလ်က International State Crime Initiative ရဲ့ ဒါရိုက်တာ ပင်နီဂရင်းနဲ့သူနဲ့ပူးပေါင်းဆောင်ရွက်သူတွေကဆိုတယ်။ အဲဒါနဲ့ မတူတာကကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ကလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်တွေကို လက်လွတ်စပယ် မပြောသင့်ဘဲ တရားဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်တွေ၊ တရားရေးဆိုင်ရာဆုံးဖြတ်ချက်တွေလိုတယ်လို့ဆိုတယ် (ဘီဘီစီ၊ ၂ဝ၁၆ဒီဇင်ဘာ)။

ကျွန်တော်ပြောခဲ့သလိုပဲ ရခိုင်ပြည်နယ်မှာ ဘာဖြစ်နေလဲဆိုရင် လူများစုနဲ့ လူနည်းစုကြား ဖြစ်တဲ့ ပဋိပက္ခလို့မြင်တယ်။အဲဒီမှာ အာဏာပိုင်တွေက လူများစုဘက်ကလိုက်ပြီး ဝင်ရောက်ကြားဝင်နေတယ်။

မော်ကွန်း။ ။ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုယ်၌ကအငြင်းပွားစရာဖြစ်နေတာ။ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေက မြန်မာအစိုးရဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမယ်လို့ ငြင်းလို့မရတဲ့အချက်အလက်အချို့ကို ထုတ်ပြပြီးတောင်းဆိုတယ်။ ငြင်းမရတဲ့ အချက်တွေထဲကတစ်ခုကတော့ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ပါလီမန်အစိုးရ(၁၉၄၈-၆၂)ကအသိအမှတ်ပြုခဲ့တယ်။ တစ်ဖက်မှာလည်း ရခိုင်သမိုင်းပညာရှင်တွေနဲ့ အရင်အစိုးရတွေက ဒီစကားလုံးဟာ အဓိပ္ပာယ်အမျိုးမျိုးထွက်နေတာရယ်၊ ပြီးတော့ သမိုင်းကြောင်းဆိုင်ရာအငြင်းပွားစရာတွေကြောင့် ဒီစကားလုံးကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တယ်။အဲဒီအစား ဘင်္ဂါလီဆိုတဲ့ စကားလုံးကိုပဲ သုံးခဲ့ကြတယ်။ ဒီအခြေအနေမှာ ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် အငြင်းပွားစရာပဲ။ သူတို့ကို မွတ်စလင်အုပ်စုလို့ခေါ် ပြန်ရင်လည်း ငြင်းခုံစရာဖြစေ် နသေးတယ။် ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ကမန်လို့ခေါ်တဲ့ တိုင်းရင်းသားရှိတယ်။ သူတို့အများစုဟာ မွတ်စလင်တွေ၊မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ထားကြတယ်။ အဲဒီအချက်ပေါ်မှာရော ဘယ်လိုအကြံပြုချင်လဲ။

ပိုလန်းစကီ။ ။ အကောင်းဆုံးနည်းကတော့ ရခိုင်ပြည်နယ်ကအားကြီးတဲ့အုပ်စုနှစ်စုကြားမှာ ဒီမိုကရက်တစ်အစိုးရသစ်လည်းပါပြီးတော့ ဆွေးနွေးပွဲလုပ်ဖို့ပါ။ မွတ်စလင်တွေက သူတို့ကို ရိုဟင်ဂျာလို့ ခေါ်စေချင်လည်း အဲဒီလို ခေါ်ခွင့်ပြုသင့်ပါတယ်။

မော်ကွန်း။ ။ အစိုးရသစ်က လက်ရှိပဋိပက္ခကို ဖြေရှင်းဖို့ ကိုဖီအာနန်ခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့ပြီး ကြိုးစားနေတဲ့ အချိန်မှာရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နောက်ထပ်ပဋိပက္ခတစ်ခု (၂ဝ၁၆)အောက်တိုဘာမှာထပ်ဖြစ်တယ်။ ရိုဟင်ဂျာ/ဘင်္ဂါလီတိုက်ခိုက်ရေးသမားအချို့က ရဲတွေကို ဝင်တိုက်ခိုက်တယ်၊ လက်နက်တွေလုတယ်၊ ပြောက်ကျားစစ်ဆန်ဆန်လှုပ်ရှားကြတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လေ့ကျင့်ထားတဲ့ ရိုဟင်ဂျာ တိုက်ခိုက်ရေးသမားတွေရဲ့ လုပ်ရပ်ဟာ အ္တရာယ်ရှိတဲ့အခြေနေကိုရောက်သွားစေတယ်လို့ နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့(International Crisis Group – ICG) ရဲ့ အစီရင်ခံစာကဆိုတယ်။ (Harakahal –Yaqin လို့ ခေါ်တဲ့ သောင်းကျန်းသူအဖွဲ့ကို ဆော်ဒီအာရေးဗျမှာ ရှိတဲ့ ရိုဟင်ဂျာတွေက ဦးဆောင်ပြီးမြေပြင်မှာတော့ နိုင်ငံတကာသင်တန်းတွေရထားတဲ့၊ ခေတ်သစ်ပြောက်ကျားစစ်နည်းဗျူဟာပိုင်းဆိုင်ရာ အတွေ့အကြုံရှိတဲ့သူတွေက အမိန့်ပေးစေခိုင်းနေတယ်ဆိုပြီးတော့ ပါပါတယ်။) အဲဒီတော့ ဒီဒေသကို ထိုင်းတောင်ပိုင်း ပဋိပက္ခဒေသလို မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာလုပ်နိုင်မလဲ။

ပိုလန်းစကီ။ ။ ကျွန်တော့်အမြင်မှာတော့ အခြေအနေက တော်တော်ကို အန္တရာယ်များတယ်။ ဒါပေမဲ့ ညှိနှိုင်းဆွေးနွေးမှုက ရှေ့ဆက်ရမယ့် အကောင်းဆုံးလမ်းကို ချပြနိုင်လိမ့်မယ်။

မော်ကွန်း။ ။ ရှုပ်ထွေးနေတဲ့လောလောဆယ်အခြေအနေမှာဒီပြဿနာကိုရှင်းဖို့ အစိုးရသစ်ကို ဘယ်လိုအကြံပြုချင်လဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော အစိုးရကို ကူညီဖို့ ဘယ်လိုအကြံပြုချင်သလဲ။

ပိုလန်းစကီ။ ။နိုင်ငံတကာအသိုင်းအဝိုင်းကအခြေအနေကိုပိုဆိုးသွားအောင်လုပ်တာမျိုးကိုရှောင်ကြဉ်သင့်တယ်။ကျွန်တော် ကတော့လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူမျိုးသန့်စင်ရှင်းလင်းမှုဆိုတဲ့စကားလုံးတွေနဲ့ ပတ်သက်ပြီးအာမချောင်ချင်ဘူး။

မော်ကွန်း။ ။ နောက် ဘာများ ဖြည့်စွက်ပြောချင်လဲ။

ပိုလန်းစကီ။ ။ အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ ကျွန်တော်တို့ အကြာကြီးစောင့်ခဲ့ရတာပါ။ တည်ငြိမ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

Photo – Supplied                                        ပါမောက္ခ မယ်ရီဖစ်ဇ်ဒပ်ဖ်

ပါမောက္ခ မယ်ရီဖစ်ဇ်ဒပ်ဖ်ရဲ့ အမြင်

မော်ကွန်း။။ဘယ်အခြေအနေအောက်မှာအဲဒီစကားလုံးတွေ(လူမျိုးတုံးသတ်ဖြတ်မှုနဲ့လူမျိုးသန့်စင်ရှင်းလင်းရေး)ကို သုံးနိုင်မလဲ။

ဖစ်ဇ်ဒပ်ဖ်။ ။ တကယ်လို့ အုပ်စုတစ်ခုလုံး၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးဖို့ကြံရွယ်ချက်ရှိရင်။ အစုလိုက်အပြုံလိုက်တော့ သတ်တယ်၊ ဒါပေမဲ့ အားလုံးကို၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်မျိုးမရှိဘူးဆိုရင် အဲဒါဟာလူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ဘူး။ ဥပမာ – ဆီးရီးယားမှာ ဆွန်နီမွတ်စလင်တွေကို သမ္မတအာဆတ်က သတ်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက ဆွန်နီတွေကိုဆီးရီးယားကနေ သုတ်သင်ရှင်းလင်းပစ်ချင်လို့မဟုတ်ဘူး။ သူဖြစ်စေချင်တဲ့အတိုင်း သူတို့တွေကို အမိန့်နာခံသူ နိုင်ငံသားတွေဖြစ်လာအောင် လုပ်လိုက်တာပဲ။

မော်ကွန်း။ ။ အတိတ်နဲ့ပစ္စုပ္ပန်အခြေအနေတွေကို ထောက်ပြပြီးလူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေနဲ့ နိုင်ငံတကာခေါင်းဆောင်တချို့ဟာ မြန်မာပြည်အနောက်ဘက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်နေပါပြီ၊ လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်နေပါပြီဆိုပြီးပြောဆိုနေကြတာရှိတယ်။(မြန်မာနိုင်ငံအနောက်ဘက်ဒေသမှာ၂ဝ၁၂ က နိုင်ငံတကာမှာ ရိုဟင်ဂျာလို့သိကြပြီး ပြည်တွင်းမှာဘင်္ဂါလီလို့ခေါ်တဲ့ တိုင်းမဲ့ပြည်မဲ့မွတ်စလင်တွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကြား သွေးမြေကျပဋိပက္ခဖြစ်ခဲ့တယ်။) အရင်အစိုးရနဲ့လက်ရှိအစိုးရကတော့ (လူမျိုးတုံးသတ်ဖြတ်မှု)မဟုတ်ပါဘူးလို့ငြင်းတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။ နိုင်ငံအနောက်ဘက်ပိုင်းမှာဖြစ်နေတာတွေကို ပုံဖော်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု၊ ဒါမှမဟုတ် လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှုဆိုတဲ့ စကားလုံးကို သုံးလို့ရမယ်ထင်လား။

ဖစ်ဇ်ဒပ်ဖ်။ ။ ဒါကို သေချာအောင်ပြောဖို့က အာဏာရှိတဲ့လူအုပ်စုက သူတို့လုပ်ရပ်တွေကို ဘယ်လိုမြင်လဲဆိုတာ သိဖို့လိုပါမယ်။ ဥပမာ – တိုင်းမဲ့ပြည်မဲ့မွတ်စလင်တွေကို တစ်စိတ်တစ်ဒေသဖြစ်ဖြစ်၊ အားလုံးကိုဖြစ်ဖြစ် ချေဖျက်ချင်တာလားပေါ့။ ဒါမှမဟုတ် သူတို့ကို အခွင့်အရေးမဖြစ်စလောက်ပဲပေးပြီး ဒုတိယအဆင့်မှာပဲ ထားချင်တာလားပေါ့။ တကယ်လို့ ဒုတိယဟာဖြစ်တယ်ဆိုရင်တော့ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှုမဟုတ်ဘူး။

မော်ကွန်း။ ။ ဘယ်လိုအခြေအနေမျိုးမှာ အစိုးရတစ်ရပ်ဟာလူမျိုးတုံးသတ်ဖြတ်မှု၊ ဒါမှမဟုတ် လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ဆောင်မှု လုပ်လုနီးပါးဖြစ်နေပြီလို့ပြောလို့ရမလဲ။

ဖစ်ဇ်ဒပ်ဖ်။ ။ တကယ်လို့ မုန်းနေတဲ့အုပ်စုတွေကို မျိုးပြုတ်အောင်သုတ်သင်ဖို့ မျှော်လင့်နေတာထင်ရှားရင်၊ ပြီးတော့ သူတို့လုပ်ရပ်တွေက အဲဒီလို လုပ်ဆောင်တဲ့ဆီကို ဦးတည်နေတယ်ဆိုရင်ပေါ့။

မော်ကွန်း။ ။ လက်ရှိအခြေအနေကို ပုံဖော်ဖို့ အကောင်းဆုံးအသုံးအနှုန်းက ဘာဖြစ်မလဲ။

ဖစ်ဇ်ဒပ်ဖ်။ ။ တိုင်းရင်းသားတွေကို သတ်ဖြတ်မှု၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု၊ အလွန်ရက်စက်မှု။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့အလားသဏ္ဌာန်တူတဲ့ အမျိုးဖြုတ်ခြင်း၊ ပြုတ်ပြုတ်ပြုန်းအောင်ခြေမှုန်းခြင်း၊ သုတ်သင်ခြင်းတို့တော့ မဟုတ်ဘူး။

မော်ကွန်း။ ။ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုယ်၌ကအငြင်းပွားစရာဖြစ်နေတာ။ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေက မြန်မာအစိုးရဟာ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမယ်လို့ငြင်းလို့မရတဲ့အချက်အလက်အချို့ကို ထုတ်ပြပြီးတောင်းဆိုတယ်။ ငြင်းမရတဲ့ အချက်တွေထဲကတစ်ခုကတော့ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ပါလီမန်အစိုးရ(၁၉၄၈-၆၂)ကအသိအမှတ်ပြုခဲ့တယ်။ တစ်ဖက်မှာလည်း ရခိုင်သမိုင်းပညာရှင်တွေနဲ့ အရင်အစိုးရတွေက ဒီစကားလုံးဟာ အဓိပ္ပာယ်အမျိုးမျိုးထွက်နေတာရယ်၊ ပြီးတော့ သမိုင်းကြောင်းဆိုင်ရာအငြင်းပွားစရာတွေကြောင့် ဒီစကားလုံးကို အသုံးပြုဖို့ ငြင်းဆန်ခဲ့တယ်။အဲဒီအစား ဘင်္ဂါလီဆိုတဲ့ စကားလုံးကိုပဲ သုံးခဲ့ကြတယ်။ ဒီအခြေအနေမှာ ရိုဟင်ဂျာလို့ပဲခေါ်ခေါ်၊ ဘင်္ဂါလီလို့ပဲခေါ်ခေါ် အငြင်းပွားစရာပဲ။ သူတို့ကို မွတ်စလင်အုပ်စုလို့ခေါ် ပြန်ရင်လည်း ငြင်းခုံစရာဖြစ်နေသေးတယ။် ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ ကမန်ခေါ်တဲ့ တိုင်းရင်းသားရှိတယ်။ သူတို့အများစုဟာ မွတ်စလင်တွေ၊မြန်မာနိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ထားကြတယ်။ အဲဒီအချက်ပေါ်မှာရော ဘယ်လိုအကြံပြုချင်လဲ။

ဖစ်ဇ်ဒပ်ဖ်။ ။ ဥပမာ – တိုင်းရင်းသားအုပ်စု၊ လူထု၊ အမျိုးသားနိုင်ငံ၊လူမျိုး၊ ဘာသာ၊ တိုင်းရင်းသားစတဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းက သိပ်မရှိတတ်ပါဘူး။ အများအားဖြင့်တော့ နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် ရွေးချယ်ကြတာပါ။

မော်ကွန်း။ ။ အစိုးရသစ်က လက်ရှိပဋိပက္ခကို ဖြေရှင်းဖို့ ကိုဖီအာနန်ခေါင်းဆောင်တဲ့ ကော်မရှင်ဖွဲ့ပြီး ကြိုးစားနေတဲ့ အချိန်မှာရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နောက်ထပ်ပဋိပက္ခတစ်ခု (၂ဝ၁၆)အောက်တိုဘာမှာထပ်ဖြစ်တယ်။ ရိုဟင်ဂျာ/ဘင်္ဂါလီတိုက်ခိုက်ရေးသမားအချို့က ရဲတွေကို ဝင်တိုက်ခိုက်တယ်၊ လက်နက်တွေလုတယ်၊ ပြောက်ကျားစစ်ဆန်ဆန်လှုပ်ရှားကြတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့လေ့ကျင့်ထားတဲ့ရိုဟင်ဂျာတိုက်ခိုက်ရေးသမားတွေရဲ့လုပ်ရပ်ဟာအ္တနရာယ်ရှိတဲ့အခြေနေကိုရောက်သွားစေတယ်လို့ နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့(International Crisis Group – ICG)ရဲ့အစီရင်ခံစာကဆိုတယ်။ (Harakahal – Yaqin လို့ ခေါ်တဲ့ သောင်းကျန်းသူအဖွဲ့ကို ဆော်ဒီအာရေးဗျမှာ ရှိတဲ့ ရိုဟင်ဂျာတွေက ဦးဆောင်ပြီးမြေပြင်မှာတော့ နိုင်ငံတကာသင်တန်းတွေရထားတဲ့၊ ခေတ်သစ်ပြောက်ကျားစစ်နည်းဗျူဟာပိုင်းဆိုင်ရာအတွေ့အကြုံရှိတဲ့သူတွေကအမိန့်ပေးစေခိုင်းနေတယ်ဆိုပြီးတော့ ပါပါတယ်။) အဲဒီတော့ ဒီဒေသကို ထိုင်းတောင်ပိုင်း ပဋိပက္ခဒေသလို မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘာလုပ်နိုင်မလဲ။

ဖစ်ဇ်ဒပ်ဖ်။ ။ အဲဒီလိုပဋိပက္ခတွေကနေ ရုန်းထွက်လေ့ရှိတဲ့ လမ်းကတော့ စစ်သွေးကြွအဖွဲ့တွေကို အင်အားသုံးမယ့်အစား နိုင်ငံရေးစကားပြောဖို့ ဆွဲဆောင်ရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ထိတွေ့ဖို့ကိစ္စကို သူတို့ကို ခွင့်မပြုဘူးဆိုရင် အဲဒီစစ်သွေးကြွအဖွဲ့တေဟွ ာ ပူးပေါင်းပြးီ တော့ စကားပြောဆုြိ ပီး တောင်းဆိုလို့ မရတာကို အကြမ်းဖက်နည်းနဲ့ တောင်းဆိုဖို့ လက်နက်ကိုင်လာတတ်ကြတယ်။ အစိုးရတိုင်းဟာ သူတို့မှာရွေးချယ်စရာ ရှိတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ လူနည်းစုတွေနဲ့ စကားပြောဆိုပြီး သူတို့အတွက် မျှတမှုကိုရှာမလား၊ ဒါမှမဟုတ် အကြမ်းဖက်မှုကိုဆယ်စုနှစ်နဲ့ချီပြီး ရင်ဆိုင်မလား။ ဆယ်စုနှစ်အတော်ကြာ ပဋိပက္ခဖြစ်ပြီးရင်တော့ ပဋိပက္ခဆက်မဖြစ်စေဖို့ အပြန်အလှန်ဆွေးနွေးတဲ့နည်းကို သုံးကြရပါလိမ့်မယ ်။ ။

၂၀၁၇-မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၆)မှ အင်တာဗျူး ဖြစ်ပါသည်။

ဉာဏ်လင်း မေးသည်။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."