ဂေထော
ရန်ကုန်၊ ၂၀၂၀ စက်တင်ဘာ ၂၁ (မော်ကွန်း)
COVID-19 ရောဂါပြည်တွင်းကူးစက်မှုများပြားလာနေသည့်အတွက် မွန်ညီညွတ်ရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လှည့်လည်မဲဆွယ်စည်းရုံးရေး လှုံဆော်မှုများကို ခေတ္တယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယမန်နေ့က ပါတီ၏ အောင်နိုင်ရေးအဖွဲ့ဗဟိုမှ ထုတ်ပြန်ခဲ့သည်။
“မလိုလားအပ်တဲ့ရောဂါကူးစက်မှုဖြစ်လာမှာကြောက်လို့ပေါ့။နောက်တစ်ခုကျတော့ကျွန်တော်တို့က မဲဆွယ်စည်းရုံးရေးအားလုံးကိုရပ်တန့်လိုက်တာမဟုတ်ဘူး။အင်အားပြလှည့်လည်တဲ့ဟာကိုပဲရပ်ခိုင်းထားတာ”ဟု မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး နိုင်အောင်မွန်က မော်ကွန်းသို့ပြောသည်။
မဲဆန္ဒနယ်အသီးသီးတွင် ဆိုင်းဘုတ်တင်ခြင်း၊ပိုစတာကပ်ခြင်းတို့ကို ရွေးကောက်ပွဲကော်မရှင်၏ ညွန်ကြားချက်နှင့်အညီ မလိုလားအပ်သော ပြဿာနာများမဖြစ်ပေါ်စေရန် လူဦးရေ (၅၀) အထက်မပိုစေဘဲ လိုက်နာဆောင်ရွက်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ မဲဆွယ်စည်းရုံးလှုံဆော်မှုများတွင် ”ကျန်းမာရေးစည်းကမ်းနဲ့အညီလုပ်ဖို့ပဲစဥ်းစားထားတယ်။တကယ့်တကယ်လုပ်တဲ့အခါကျတော့ လူငယ်တွေမှာကျတော့ ထိန်းမနိုင်၊သိမ်းမနိုင်ဖြစ်တာပေါ့။လူက ၅၀ ထက်မပိုစေပေမယ့်လည်း တားလို့မရဘူးလေ။”ဟု နိုင်အောင်မွန်က ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး မဲဆွယ်စည်းရုံးလှည့်လည်လှုံဆော်မှုများကို အချိန်တိုင်းတာတစ်ခုထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး အခြားသောလူစုလူဝေးမဖြစ်စေသည့် ကမ်ပိန်းများ လုပ်ဆောင်ရန် စီစဥ်နေကြောင်း နိုင်အောင်မွန်က ရှင်းပြသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ COVID-19 အတည်ပြုလူနာ ၅,၈၀၅ ဦးရှိနေပြီး သေဆုံးလူနာ ၉၄ ဦးအထိရှိသည်။ထိုအထဲတွင် အတည်ပြုလူနာ ၃,၄၉၃ ဦးအဖြစ် ရန်ကုန်တိုင်းမှ အများဆုံးဖြစ်သည်။
မွန်ညီညွတ်ရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ရွေပြည်သာမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း မိကျိုက်စောကလည်း”အခုကာလအနေနဲ့တော့ တကယ့်ကိုအစ်မတို့ စည်းရုံးရေးပုံစံမျိုးဆင်းဖို့၊ Campaignအကြီးအကျယ်လုပ်ဖို့က မဖြစ်နိုင်တော့သလောက်ဖြစ်သွားတယ်။ Social Media ကိုပဲနည်းနည်းအားစိုက်ရမှာရှိတယ်”ဟု သူကပြောသည်။
မွန်ညီညွတ်ရေးပါတီသည် လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတို့ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ၆၇ နေရာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ယင်းပါတီထံမှ သိရသည်။
photo – Mon Unity Party-Central Feacebook Page
#Dailynews

