“ NLDရော၊ တပ်ရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ ဆရာမတင်ဘူး။ တပည့်လည်း မခံဘူး”
မန်းအောင်ပြည့်စိုး၊ ဥက္ကဋ္ဌ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)နှင့်တွေ့ဆုံမေးမြန်းခြင်း။
ဂေထောတွေ့မေးသည်။
ဖားအံ၊ ၂၀၂၀ စက်တင်ဘာ (မော်ကွန်း)
ယခင်က ကွဲပြားစွာ တည်ရှိနေတဲ့ ကရင်ပါတီတွေဟာ နိုဝင်ဘာမှာကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲမှာတော့ တစ်ပါတီတည်းအဖြစ် စုစည်းပြီး ကရင်ပြည်သူတွေရဲ့ မဲပြားတွေကို စုဆောင်းဖို့ ပြင်ဆင်နေပါတယ်။
သံတောင်ကြီးမဲဆန္ဒနယ်ကလွဲရင် ကျန်တဲ့ခြောက်မြို့နယ်အတွင်းက ကိုယ်စားလှယ်နေရာအားလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ပြည်နယ်အတွင်းက တစ်ခုတည်းသောကရင်ပါတီဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ရဲ့ ဥက္ကဋ္ဌ မန်းအောင်ပြည့်စိုးကို တွေ့ဆုံမေးမြန်းထားတဲ့အထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
မော်ကွန်း။ ။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ပါတီရဲ့ ဆောင်ပုဒ် သုံးခုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ ရည်ရွယ်ချက်ကို ရှင်းပြပေးပါဦး။
မန်းအောင်ပြည့်စိုး။ ။ “တန်းတူညီမျှဖွံ့ဖြိုးဖို့ KNDP ကိုမဲပေးစို့” ၊ နောက်တစ်ခုကတော့ “ ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့ရယ် KNDP ကိုမဲပေးမယ်” ၊ နောက်တစ်ခုက “ ကျွဲချိုဖားစည်နေဝန်းနီ ပြည်သူ့ဘဝ မြှင့်တင်မည်” ဆိုပြီးတော့ အဓိကသုံးခုပေါ့။ သုံးခုထဲက ပိုပြီး အဓိကကျတာကတော့ တန်းတူညီမျှဖွံ့ဖြိုးဖို့ဆိုတဲ့ဟာ ကျွန်တော်တို့တိုင်းရင်းသားတွေမှာ ခံစားရတဲ့ ခံစားချက်က၊ ကျွန်တော်တို့မှာ တန်းတူညီမျှမရှိသေးဘူးဆိုတဲ့ ခံစားချက်က ကျွန်တော်တို့ အကြီးကျယ် ခံစားနေရတယ်။
ပြောရမယ်ဆိုရင် ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးအစိုးရ၊ ဦးသိန်းစိန်အစိုးရ အာဏာရတယ်။ နောက်တစ်ခါ ၂၀၁၅ မှာ NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အာဏာရတယ်ပေါ့။ အဲဒီ သူတို့အာဏာရတဲ့အထဲမှာ ကျွန်တော်တို့တိုင်းရင်းသားတွေကို အာဏာပေးတာ သိပ်မမြင်ရဘူး။
ဒီဘက် NLD အစိုးရဖြစ်ဖြစ်ချင်းပဲ နံပတ်တစ်ဘယ်သူ့ကိုနေရာပေးလဲဆိုတော့ ကျွန်တော်တို့ ကရင်တိုင်းရင်းသား မန်းဝင်းခိုင်သန်း။ ပြီးတော့ ဒုတိယတစ်ယောက်က ရခိုင်တိုင်းရင်းသား ဦးအေးသာအောင်။ တတိယတစ်ယောက်က ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်။ စတုတ္တတစ်ယောက်က ချင်းတိုင်းရင်း သား ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ။ နောက်ဆုံးတစ်ယောက်ကတော့ မွန်တိုင်းရင်းသား နိုင်သက်လွင်။ ကယားတောင်မရလိုက်ဘူး၊ ရှမ်းလည်းမရလိုက်ဘူး။
ပြောရမယ်ဆို ငါးယောက်ပဲ နေရာပေးတယ်။ ဝန်ကြီးဌာန ၂၀ လောက်ရှိတယ်။ ကျန်တဲ့လွှတ်တော် ဘာညာတွေရှိတယ်၊ အားလုံး တကယ့်ပြည်ထောင်စုအဆင့်နေရာတွေက ၃၀ နဲ့ အထက်ရှိတယ်။ အဲဒီ ၃၀ မှာ ကျွန်တော်တို့ တိုင်းရင်းသား တွေကို ငါးခုလောက်ပဲပေးတယ်ဆိုတာ တန်းတူညီမျှမရှိဘူးဆိုတဲ့ သဘောမျိုး ကျွန်တော်တို့ ခံစားရတယ်။ တန်းတူညီမျှမရှိသရွေ့က ကျွန်တော်တို့တိုင်းရင်းသားတွေ မခံစားနိုင်ဘူး။ေ နာက်ပြီးတော့ ငြိမ်းချမ်းရေးဆိုတာလည်းမရနိုင်ဘူး။ ဒီကြားထဲမှာ NLDရဲ့ ဒုတိယဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောတယ်။ ပထမဆုံးတစ်ချက်က NLD ပါတီက ဘယ်ပါတီနဲ့မှ မပေါင်းဘူး။ နောက်တစ်ခေါက် ဘာထပ်ပြောလဲဆိုတော့ NLD ပါတီက တိုင်းရင်းသားတွေနဲ့ပူးပေါင်းဖို့ မစဉ်းစားဘူးဆိုပြီးတော့ ထပ်ပြီးတော့ ပြောတယ်။
ဆိုတော့ တိုင်းရင်းသားတွေကို မစဉ်းစားဘူးဆိုလို့ရှိရင် သူတို့ပဲနေရာယူချင်၊ သူတို့ပဲ ကြီးစိုးချင်တယ်။ သူတို့ပဲ မဟာစိတ်ဓာတ်၊ မဟာဗမာစိတ်ဓာတ်ကို သူတို့က ထားချင်တယ်။ တိုင်းရင်းသားတွေကို အလေးမထားဘူး။ ပွင့်ပွင့်လင်းလင်းပြောတာ။ အမုန်းစကားပြောတာလည်းမဟုတ်ဘူး။ ရင်ထဲမှာ တကယ့်ခံစားရတာကို ပြောတာ။
အဲလိုမရှိသရွေ့က ကျွန်တော်တို့က တန်းတူညီမျှမှုမရှိဘူး။ တန်းတူညီမျှမှုမရှိတဲ့အတွက် အရင်တုန်းက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်စောဘဦးကြီးပြောခဲ့သလို ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ရရမယ်။ ဗမာတစ်ကျပ်ရရင် ရှမ်းလည်းတစ်ကျပ်၊ မွန်လည်းတစ်ကျပ်၊ အဲသလိုတန်းတူညီမျှဖြစ်ဖို့အတွက် ကျွန်တော်တို့အင်မတန့်အင်မတန်ကိုမှ မျှော်မှန်းသည့်အတွက် တန်းတူညီမျှဖွံ့ဖြိုးမှုအတွက် ကျွန်တော်တို့ပါတီက ကြိုးစားမယ်ဆိုတဲ့ အချက်တစ်ချက်ပေါ့နော်။ ဒါအရေးကြီးဆုံး အချက်ဖြစ်ပါတယ်။
နောက်ဒုတိယတစ်ခုက ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့ရယ်ဆိုတာက ကရင်ရဲ့ ကံကြမ္မာကို ကရင်ပဲဖန်တီးမယ်။ ဘယ်သူမှ လာပြီးတော့ မရှုပ်စေချင်ဘူး။ ကရင် သူ့အခြေခံဥပဒေကို သူ့ဘာသာဆွဲချင်တယ်။ မွန် သူ့အခြေခံဥပဒေကို သူဆွဲချင် တယ်။ မပေးဆွဲဘူး။
တတိယပင်လုံလား၊ ဒုတိယပင်လုံမှာလားမသိဘူး၊ အဲဒီမှာသက်ဆိုင်ရာတိုင်းရင်းသားများရဲ့ ကိုယ်ပိုင်အခြေခံဥပဒေကို ရေးဆွဲခွင့်ပေးပါဆိုပြီး ညှိနှိုင်းကြတယ်။ ညှိနှိုင်းတဲ့အချိန်မှာ တပ်မတော်ဘက်က တပ်ချုပ်ကဘာပြောလဲဆိုလို့ရှိရင် “ ခင်ဗျားတို့ အဲဒါကိုတောင်းဆိုတယ် ဆိုလို့ရှိရင် ခွဲမထွက်ရဆိုတဲ့ အပိုဒ်ကို ပြည်ထောင်စု သဘောတူစာချုပ်မှာ ထည့်ပေးပါ” ဆိုပြီး ကိုင်လိုက်ပြန်တယ်။
အမှန်က ၂၀၀၈ အခြေခံဥပဒေထဲမှာ ခွဲမထွက်ပါဘူးဆိုတာ တိုင်းရင်းသားတွေက ဝန်ခံပြီးသား။ ဘာဖြစ်လို့ ထပ်ထည့် ချင်ရသေးလဲ။ အဓိပ္ပာယ်က တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့်အပြည့် မပေးချင်လို့ပဲ။ ထိန်းချုပ်ထားချင်လို့။ ဒါကြောင့်မို့ ကျွန်တော်တို့ကတော့ ဒီနေရာမှာ ဒီတိုင်းပြည်ဟာ ဗမာတစ်မျိုးတည်းနေတဲ့ တိုင်းပြည်မဟုတ်ဘူး။ ကျန်တဲ့တိုင်းရင်းသားတွေလည်း အများကြီးနေတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရအောင် ကိုယ့်အခြေခံဥပဒေကိုယ့်ဘာသာရေးဆွဲနိုင်ရအောင် KNDP ကိုမဲပေးပါလို့ လှုံ့ဆော်လိုက်ခြင်းပဲ။
ကရင်တွေရဲ့အမှတ်တံဆိပ်က အထူးသဖြင့် ယဉ်ကျေးမှုအပိုင်းနဲ့ပတ်သက်လာလို့ရှိရင် မိရိုးဖလာကျွဲချိုဖားစည်က ဒါအဓိကပဲ။ နောက်ပြီးတော့ နေဝန်းနီ။ နေရောင်ကိုးသွယ်ကတော့ ကရင်တွေ ပြည်ထောင်စုနိုင်ငံကို ဝင်ရောက်လာတဲ့အထိမ်းအမှတ်။ ကရင်တွေက ဒီနိုင်ငံဝင်လာတဲ့အခါမှာ တီကိုးတီဆိုတဲ့ နေရာတွေမှာ အခြေချခဲ့တယ်။ ဥပမာ- မြဝတီ၊ ဓညဝတီ၊ သာယာဝတီ၊ ဟံသာဝတီ စသဖြင့် နောက်တီတွေလည်း ရှိသေးတယ်။ အားလုံး တီကိုးတီ။ အဲမှာကရင်တွေအားလုံးရှိတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ဒီအမှတ်တံဆိပ်က ပြည်သူ့ဘဝအတတ်နိုင်ဆုံး မြှင့်တင်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဆောင်ပုဒ်ပေါ့။ ဒီ သုံးခုကို ကျွန်တော်တို့ချပြရခြင်းဖြစ်ပါတယ်။
မော်ကွန်း။ ။ အန်ကယ်တို့ အောင်မြင်မယ်လို့ ယုံကြည်ချက်ရှိလား။ ပြီးတော့ အောင်မယ်လို့ ဘယ်လိုအချက်တွေက လှုံဆော်ပေးသလဲ။
မန်းအောင်ပြည့်စိုး။ ။ ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးနိုင်ခဲ့တယ်။ ၂၀၁၅ NLD နိုင်ခဲ့တယ်။ ဒီတစ်ခေါက်ကျတော့ ငါတို့ တိုင်းရင်းသားအလှည့်ပဲဟေ့ ဆိုပြီးတော့ တိုင်းရင်းသားတွေက ကြွေးကြော်ကြတယ်။ ကျွန်တော့်ပါတီနဲ့ ကျွန်တော် တစ်ဦးတည်းရဲ့ အယူအဆကတော့ ဒီယူဆချက်ထဲမှာ ကျွန်တော်တို့ သာယာမနေဘူး။ ငါတို့နိုင်မှာပဲလေဆိုပြီးတော့ သာယာမနေဘူး။ ရေစီးနဲ့မျောမလိုက်ပါဘူး။ ကျွန်တော်တို့အတတ်နိုင်ဆုံးကြိုးစားမယ်။ ဒီကြိုးစားလို့ထွက်လာတဲ့ အဖြေပေါ်မှာမှ ကျွန်တော်တို့စကားပြောမယ်။ နိုင်ရမယ်။ အခုက ကျွန်တော်တို့ကိုဝန်းရံမယ့်သူတွေ၊ ပံ့ပိုးမယ့်သူတွေ၊ ကူမယ့်သူတွေရှိတယ်။ ရှိတယ်ဆိုပေမယ့် ကျွန်တော်တို့ ယတိပြတ်ကြီး ၁၀၀ ရာခိုင်နှုန်း၊ ၈၀ရာခိုင်နှုန်း၊ ၇၀ရာခိုင်နှုန်း နိုင်မယ်လို့ ကျွန်တော်တို့ မပြောလိုဘူး။ လုံဝရှူံးမယ်လို့ ကျွန်တော်တို့ မပြောလိုဘူး။ ရွေးကောက်ပွဲအလွန်မှာ အဖြေထွက်မှာပေါ့။
ကျွန်တော်တို့ပြောချင်တာကတော့ ကျွန်တော်တို့ သူများတွေ မျှော်လင့်သလို၊ မျှော်မှန်းသလိုပေါ့လေ။ ဖြစ်လည်းဖြစ်နိုင် ချေရှိပါတယ်။ အခု NLD အစိုးရကလည်း သူ့ရဲ့ကတိကဝတ် သုံးခုကို သူလုံးဝနီးပါး အကောင်ထည်မဖော်နိုင်ဘူးပေါ့။
နံပတ်တစ် ငြိမ်းချမ်းရေးလုပ်မယ်။ ငြိမ်းချမ်းရေးက ဝေးဝါးနေတုန်းပဲ။ အခုပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ခါ၊ ၂၁ ရာစုပင်လုံ လေးခါ ၊ ငါးခါရှိပြီ။ ငြိမ်းချမ်းရေးက ဝေးဝါးနေတုန်းပဲ။
နောက်တစ်ခု အခြေခံဥပဒေပြင်မယ်။ ပြင်မယ်လို့ပြောပြီး ဂဏန်းစာလုံးသေးသေးလေးပဲ ပြင်နိုင်တယ်။ ရယ်စရာလည်း ကောင်းတာပေါ့။ မပြင်နိုင်ဘူး။
နောက်တစ်ခုက အမျိုးသားရင်ကြားစေ့ရေး။ အမျိုးသားရင်ကြားစေ့ရေးဆိုတော့ NLD နဲ့ တပ်မတော်နဲ့ ရင်ကြားစေ့ဖို့ ၊ ပြေပြေလည်လည်ရှိဖို့။ NLD အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ပြေပြေလည်လည်ရှိဖို့။ အခုမပြေလည်သေးဘူး။ ဆိုတဲ့အခါကျတော့ သူတို့ (NLD) ပေးတဲ့ ကတိကဝတ်တိုင်း သူတို့ (NLD) အကောင်ထည်မဖော်နိုင်တဲ့အခါမှာ ဒီတစ်ခေါက်တော့ တိုင်းရင်းသားတွေနိုင်မယ်ဆိုပြီးတော့ မျှော်လင့်ကြတာပေါ့လေ။
မော်ကွန်း။ ။ တိုင်းရင်းသားပါတီတွေ အများစုနိုင်ရင်လည်း ပြည်နယ်တွေမှာ လွှတ်တော်ကိုသာ စီးနိုင်ပြီး အစိုးရကိုတော့ ပြည်ထောင်စုမှာ နိုင်တဲ့ ပါတီက ဖွဲ့မှာပေါ့လေ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်မှာ အများစုနေရာအနိုင်ရတဲ့ ရခိုင်ပါတီတွေဆိုရင် လုပ်မရ၊ ကိုင်မရ ပြဿနာတွေ ရှိခဲ့တယ်။ ဒီလိုစိန်ခေါ်မှုတွေကိုရော ဥက္ကဌတို့ နိုင်ခဲ့ရင် ဘယ်လို့ ဖြေရှင်းကြမယ်လို့ စဉ်းစားသလဲ၊
မန်းအောင်ပြည့်စိုး။ ။သာမာန်အားဖြင့် ကျွန်တော်တို့ မဖွဲ့နိုင်ပါဘူး။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဗဟိုကို၊ ပြည်ထောင်စုအဆင့်ကိုရောက်မယ့် အထဲမှာ အမျိုးသားလွှတ်တော်က ၁၂ ယောက်၊ ပြည်သူ့လွှတ်တော်က ခုနှစ်ယောက်၊ ပေါင်း ၁၉ ယောက်ပဲရှိတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ပေါင်းက ၆၆၄ ယောက်ရှိတယ်။ ၆၆၄ ယောက်ရဲ့ ထက်ဝက်ကျော်၊ အနည်းဆုံးက ၅၁ ရာခိုင်နှုန်းဆိုရင် ၃၃၃ ယောက်ရှိရမယ်။ ကရင်ပြည်နယ်က ၁၉ ယောက်ဆိုရင် အဝေးကြီးမှအဝေးကြီး။ အားလုံးနိုင်ရင်တောင်ပေါ့။
ကျန်တဲ့တိုင်းရင်းသားပြည်နယ် ခြောက်ခုရှိသေးတယ်။ ရှမ်းက မြို့နယ် ၅၀ ကျော်တယ်။ ရခိုင်က ၁၉ လား မသိဘူး။ စုစုပေါင်းက ကျွန်တော်လေ့လာသလောက် ကိုယ်စားလှယ်နေရာ ၂၀၀ ကျော်လောက်ရှိတယ်။ ကရင်အပါအဝင်။
၂၀၀ ကျော်လုံးက နေရာတွေမှာ နိုင်လည်း လိုအပ်တဲ့ ၃၃၃ ဦးကို မမှီဘူး။ တိုင်းရင်းသားတွေ နေရာဒေသတိုင်းမှာ အကုန်လုံး နိုင်ရင်တောင် အစိုးရမဖွဲ့နိုင်ဘူး။ ၂၀၁၅ တုန်းက ဒေါ်စုတို့ပါတီက ၅၁ ရာခိုင်နှုန်းကျော်နိုင်သွားတော့ သူတို့ အစိုးရ ဖွဲ့နိုင်တယ်။
ဒီတစ်ခေါက်ကျတော့ အဲလောက်မရလောက်တော့ဘူးလို့ ယူဆကြတယ်။ မရလောက်တော့ဘူး ဆိုလို့ရှိရင် သူတို့ ၃၀ ၊ ၃၅ ရာခိုင်နှုန်း လောက်အထိ နိုင်မယ်ထား။ သူတို့အစိုးရမဖွဲ့နိုင်တော့ဘူး။ သူတို့ဘာလုပ်မလဲ။ ကြေညာထားပြီးသားက ဘယ်ပါတီနဲ့မှမပေါင်းဘူး။
မကြေညာတာတစ်ခုက တပ်နဲ့ပေါင်းမလား။ တပ်က ၂၅ ရာခိုင်နှုန်းရှိတယ်။ ၃၅ ရာခိုင်နှုန်းအပေါင်း ၂၅ ဆိုရင် ၆၀လေ။ ဒါ အစိုးရဖွဲ့နိုင်မယ်။ ဒါပေမယ့် တပ်ကရော သူ့ကိုအပေါင်းခံမလား။
NLD က ၃၅ ရာခိုင်နှုန်းလောက်ရမယ်။ ကျွန်တော်တို့ တိုင်းရင်းသား နှစ်ပါတီ၊ သုံးပါတီလောက်ကို သူဖိတ်ခေါ် လိုက်မယ်။ ကရင်ကို ဖိတ်ခေါ်မယ်။ ရှမ်းကို ဖိတ်ခေါ်မယ်။ ကရင်နဲ့ရှမ်းအရေအတွက်နဲ့ပေါင်းလိုက်လို့ ၅၁ ရာခိုင်နှုန်းရတယ်ဆိုရင် ဒါအစိုးရဖွဲ့နိုင်ပြီ။ ညွန့်ပေါင်းအစိုးရပေါ့။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သူဖိတ်ခေါ်ပြီဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားတွေကို နေရာပေးမလား။ တောင်းဆိုတော့မယ်လေ။ ဝန်ကြီးနေရာပေးမလား။ ပြည်နယ်တွေမှာ ဝန်ကြီးချုပ် ကျွန်တော်တို့ လူမျိုးကို ပေးမလားဆိုတဲ့ တောင်းဆိုချက်လေးတွေကို ညှိနှိုင်းနိုင်ပြီလေ။
နောက်တစ်ခုက ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်နိုင်ရင်တော့ ပြည်ထောင်စုမှာ တိုင်းရင်းသားတွေ အစိုးရလုပ်နိုင်တယ်။ ဒီဟာတွေကလွဲပြီးတော့ ဘယ်လိုမှ အစိုးရမဖြစ်နိုင်ဘူး။ တစ်ခုပဲရှိတယ်။ အခုနက အခြေခံဥပဒေပြုပြင်ဖို့က တပ်က ၂၅ ရာခိုင်နှုန်းရှိတယ်။ ဒီနှစ် ၂၀၂၀ မှာ တပ်က ငါးရာခိုင်နှုန်းလျှော့လိုက်။ ၂၀၂၅ ကျရင် နောက်ထပ် ငါးရာခိုင်နှုန်း။ ငါးနှစ် ၊ ငါးနှစ်တိုင်းမှာ ငါးရာခိုင်နှုန်းစီလျော့ပြီး နောက်ဆုံး လွှတ်တော်မှာ တပ်မရှိတော့ဘူး ဆိုရင်တော့ တစ်မျိုးတစ်မည်တော့ ဖြစ်လာနိုင်တာပေါ့။ ဒါကပြည်ထောင်စုအဆင့်ပါ။
ပြည်နယ်အဆင့်ဆိုရင် ဝန်ကြီးချုပ်ရွေးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲကပဲ ရွေးရမယ်။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ခုနှစ်မြို့နယ်ရှိတဲ့အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်ရတယ်။ အဲဒီ ၁၄ ယောက်စလုံးက ကရင်တိုင်းရင်းသားပါတီတွေကချည်းပဲ အရွေးခံရတယ်ဆိုရင် မလွတ်တော့ဘူး။ ရွေးရင် ကရင်ပဲ ပေးရမယ်။ KNDP မဟုတ်တဲ့ ဟိုဘက်က NLD တစ်ယောက်ရတယ်ဆိုရင် ၁၃ အပေါင်းတစ်။ ဟိုတစ်ယောက်ကို ဦးနှောက်ထဲမထည့်နဲ့၊ ဒီ ၁၃ ယောက်နဲ့ပဲ ရနိုင်လောက်တယ်ဆိုတာ ကျွန်တော်တို့ထင်တယ်။ ဒါကြောင့်မို့လို့ ပြည်နယ်မှာကတော့ အကြိတ်အနယ်ကြိုးစားလို့ အကုန်လုံးရနိုင်တယ်။
မော်ကွန်း။ ။ အခုက ကိုဗစ်ကာလလည်း ဖြစ်နေတယ်။ ကူးစက်မှုကလည်း မြန်တယ်။ သေဆုံးနှုန်းတွေလည်း မြင့်တက်နေတယ်ဆိုတော့ မဲဆွယ်စည်းရုံးတဲ့အခါ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိသလဲ။
မန်းအောင်ပြည့်စိုး။ ။ အခုကိုဗစ်က မလာသေးသရွေ့ ကျွန်တော်တို့ အပြေးအလွှား လိုက်လုပ်တယ်လို့ပဲ ဆိုကြပါတော့။ ရတဲ့အချိန်လေးမှာ။ ၈ ရက်နေ့တောင် (မဲဆွယ်စည်းရုံးခွင့်စပေးသည့်နေ့) ကျွန်တော်တို့ ဘာမှမလုပ်နိုင်ဘူး။ ၉ ရက်နေ့ မှ လားမသိဘူး။ ရသလောက်သွားလိုက်တယ်။ ကိုယ့်မြို့နယ်နဲ့ကိုယ်။
အကယ်၍ လော့ဒေါင်းလုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ဘူး။ အခုကျွန်တော်သတင်း မေးကြည့်တယ်။ ရန်ကုန်မှာက လော့ဒေါင်းလုပ်ထားတယ်။ လူ ၅၀ ထက်မပိုရင် စုဝေးလို့ရသေးတယ်လို့ ပြောတယ်။ ဆိုတော့ ရန်ကုန်ကရရင် ကျွန်တော်တို့လည်း ရရမယ်ပေါ့။ လောလောဆယ်တော့ ဘာမှ အနှောင့်ယှက် အတားဆီးမပေးသေးတဲ့အတွက် အေးဆေးပဲပေါ့နော်။ ကျွန်တော်တို့က ဝမ်းသာရမလို၊ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။
အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဘယ်လိုမှမတတ်နိုင်ဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနဲ့ ရောဂါနဲ့ ဘယ်ဟာကို အရေးတကြီးထားမလဲ။ ဒါထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဆိုလိုတာက အသေခံမလား။ ရွေးကောက်ပွဲဝင်ပြီး နေရာယူမလား ဆိုတဲ့ဟာကို ကျွန်တော်တို့ စဉ်းစားရမယ်။ ခင်ဗျားတို့ ကျွန်တော်တို့ အသက်နဲ့လဲမလား။ ဟိုဘက်ရာထူးဌာနကို ယူမလားဆိုတဲ့အခါကျတော့ အသက်နဲ့မလဲဘူး။ ရွေးကောက်ပွဲကိုရွှေ့လို့ရရင်ရ၊ မရရင်လည်း ဘယ်လိုလုပ်မလဲပေါ့။ ဒါ အစိုးရက စဉ်းစားဖို့သင့်တယ်။ ဦးကိုကိုကြီးတို့ပါတီဆိုရင် စာနဲ့လည်း တင်ပြတယ်။ နိုင်ငံတော်ကိုလည်း အသိပေးတာပေါ့။ တောင်းဆိုတာပေါ့နော်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဒါကို စဉ်းစားဖို့လိုတာပေါ့လေ။ အဲဒီကြားထဲမှာ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရွှေ့မယ်၊ မရွှေ့ဘူးဆိုတာကို အောက်တိုဘာကျမှ ကြေညာမယ်တဲ့။ နိုဝင်ဘာ ၇ ရက်နေ့မှာပဲ မဲပေးရမယ်။ အောက်တိုဘာလဆို ကိုးလို့ကန့်လန့် ဖြစ်ကုန်မှာပေါ့။ အဲလိုအနေထားမျိုးမဖြစ်စေချင်ဘူး။
အဲတော့ ကျွန်တော်တို့ကတော့ အခုလောလောဆယ် အတတ်နိုင်ဆုံးပြေးလွှား၊ ရသလောက်ကြိုးစားမယ်။ ပိတ်ပြီဆိုတဲ့ အခါမှာ ရန်ကုန်လို ခွင့်ပြုသေးတယ်ဆိုရင် ဆက်လုပ်မယ်။ လုံးဝမရတော့ဘူးဆိုရင် ကျွန်တော်တို့ရွှေ့ဖို့၊ ဆိုင်းဖို့ တောင်းဆိုမယ်။
UEC ကိုလည်း ကျွန်တော်တို့ကို တွေ့သင့်တယ်။ ကျွန်တော်တို့ အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းသင့်တယ်လို့ ခင်ဗျားတို့မီဒီယာကနေတစ်ဆင့် ကျွန်တော်အသိပေးလိုပါတယ်။
မော်ကွန်း။ ။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကိုရော တွေ့ဖြစ်သေးလား။ အခြေအနေဘယ်လိုရှိသလဲ။
မန်းအောင်ပြည့်စိုး။ ။ ပြည်နယ်ရွေးကော်(ရွေးကောက်ပွဲကော်မရှင်)က မဆိုးပါဘူး။ ဒါပေမဲ့ သူတို့က မပြီးဘူးလေ။ အပေါ်ပိုင်းကပြောတာ သူတို့နားထောင်ရတယ်။
မော်ကွန်း။ ။ ဆရာ့ရဲ့ မဲဆန္ဒနယ်မှာ မဲပေးတဲ့ပြည်သူတွေကို KNDP နဲ့ပတ်သက်ပြီး ဘာဆန္ဒပြုချင်သလဲ။
မန်းအောင်ပြည့်စိုး။ ။ အခုကရင်ပြည်နယ်မှာ အရင်တုန်းက ကရင် လေး ပါတီ ရှိတာပေါ့။ ကရင်ပြည်နယ်မှာရှိတဲ့ ကရင် လေးပါတီက အခုပူးပေါင်းလိုက်ပြီ။ ကရင်ပြည်သူတွေ အထူးသဖြင့် မဲဆန္ဒရှင်တွေက ဘာပြောသလဲဆိုတော့၊ ခင်ဗျားတို့ ကရင်ပါတီများတာကိုး။ တို့မဲပေးရင် ဘယ်ဟာကို ပေးရမယ်ဆိုတာ လမ်းပျောက်နေတယ်။ အဲဒီလို ဝေဖန်ထောက်ပြ ညည်းတွားခဲ့ကြတယ်။
အခုတော့ ဘာမှထွေထွေထူးထူး ရွေးစရာမလိုတော့ဘူး။ ကရင်တစ်ပါတီပဲရှိတော့တယ်။ အဲဒီတစ်ပါတီရဲ့ အမှတ်တံဆိပ်က လည်း “ကျွဲချိုဖားစည်နေဝန်းနီပဲ”။ ကျွဲချိုဖားစည်နေဝန်းနီအမှတ်တံဆိပ်ပါတဲ့ လူကိုပဲ အမှန်ခြစ်လိုက်တော့၊ ဒါကို ပြောလိုတယ်။
ခင်ဗျားတို့ ကရင်ပါတီ၊ ကရင်တိုင်းရင်းသားကို နေရာပေးချင်တယ်၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေက ကရင်တိုင်းရင်းသား ပြည်သူတွေကို အကျိုးပြုပေးမယ်လို့ ယူဆရင် ကရင်ပါတီကို မဲပေးကြပါ။ သို့သော် အတင်းအဓမ္မကြီး ခင်ဗျားတို့ကို တိုက်တွန်းတာမျိုးတော့ မဟုတ်ဘူး။ အနေအထားအားလုံးကို ခင်ဗျားတို့ သေချာစဉ်စား၊ စဉ်းစားပြီးတော့မှ ကရင်ပါတီကို မဲပေးသင့်ရင် မဲပေးပါ။
ကျန်တဲ့ ပြည်ခိုင်ဖြိုးတို့၊ NLD တို့အထဲမှာလည်း ကရင်တွေရှိတယ်။ အဲဒီကရင်တွေဟာ ကျွန်တော်တို့ ကရင်ပါတီထဲက ကရင်တွေလောက် ကရင်အကျိုးကို လုပ်ပေးနိုင်ရဲ့လား။ အဲဒီတော့ သေသေချာချာစဉ်းစား။ တစ်ခုခုလုပ်လို့ရှိရင် သူတို့ရဲ့ အပေါ်ကလူကို ပြန်တင်ပြရတယ်။ အပေါ်ကလူက ခွင့်ပြုမှ(လုပ်ပိုင်ခွင့်ရတာ)။
ကျွန်တော်တို့ ကရင်က အပေါ်ကိုတင်ပြတဲ့သူလည်း ကရင်ပဲ။ အပေါ်မှာကရင်မဟုတ်တဲ့ဟာ မရှိဘူး။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ကရင်မဟုတ်တဲ့ တိုင်းရင်းသားတွေရှိတဲ့အတွက် ဒီစကားဟာ အမုန်းစကားပြောတာတော့ မဟုတ်ဘူး။ အမှန်အတိုင်း ရင်ထဲမှာရှိတဲ့ဟာကို ပြောပြခြင်းဖြစ်တယ်။ ဆိုတော့ ကရင်အရေး၊ တိုင်းရင်းသားအရေးကို လိုလားတယ်၊ တောင်းတတယ်၊ ဖြစ်စေချင်တယ်ဆိုရင် ဒီ ၂၀၂၀ မှာတော့ ကရင်ပါတီကို မဲပေးပါ။ ကျွဲချိုဖားစည်၊ နေဝန်းနီ အမှတ်တံဆိပ်ရှိတဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို မဲပေးပါလို့ မေတ္တာရပ်ခံတောင်းဆိုပါရစေ။
မော်ကွန်း။ ။ KNDP ပါတီဟာ နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သွားတွေ့တဲ့ ပါတီ ၃၀ ကျော်ထဲမှာ ပါတယ်နော်။ ဒီလိုတွေ့တာဟာ ပါတီရဲ့သဘောထားမပါဘဲ နာယကတစ်ဦးထဲက သူ့သဘောနဲ့သူ တွေ့ခဲ့တာလို့တော့ ပါတီဘက်က ပြန်ရှင်းလင်းထားပါတယ်။ အခုအခါ မဲဆွယ်ကာလရောက်နေပြီဆိုတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အများပြည်သူ အမြင်ရှင်းအောင် ထပ်ရှင်းလင်းချင်သေးသလား။
မန်းအောင်ပြည့်စိုး။ ။ ည ၇ နာရီ၊ ၈နာရီလောက်မှာ ကျွန်တော် အထွေထွေအတွင်းရေးမှူးက ကျွန်တော်ဆီဖုန်းဆက်တယ်။ တပ်ကအကြောင်းကြားလာတယ်တဲ့။ အစည်းအဝေးတက်ဖို့။ ဘာအစည်းအဝေးလဲဆိုတော့ မသိဘူးတဲ့။ တပ်ကိုသွားတွေ့ဖို့တဲ့။ တပ်နဲ့သွားတွေ့ရအောင် တပ်နဲ့ကျွန်တော်တို့နဲ့ ဘာမှအဆက်အစပ်မှမရှိဘူး။ သွားမတွေ့နဲ့၊ တွေ့စရာအကြောင်းမရှိဘူး။ (အဲဒီအစည်းအဝေးကို) မတက်နဲ့ လို့ ကျွန်တော်ပြော လိုက်တယ်။ ကျွန်တော်ပြန်ထပ်မေးလိုက်သေးတယ်။ ခင်ဗျားတို့ကိုအကြောင်းကြားတာ စာနဲ့လား ၊ တယ်လီဖုန်းနဲ့လားဆိုတော့ တယ်လီဖုန်းနဲ့ပဲတဲ့။
တယ်လီဖုန်းနဲ့ဆိုမတက်နဲ့တော့လို့ ကျွန်တော်ပြောလိုက်တယ်။ ပြောလိုက်ပြီးတော့ စိတ်ထဲမှာတော့ မတက်တော့ဘူးပေါ့။ မေ့မေ့ပျောက်ပျောက်ပဲ။ နောက် သုံးရက်လောက်ကျတော့ မီဒီယာတွေထဲမှာ ထွက်လာတယ်။ KNDP ပါတီရဲ့ နာယကကြီး တစ်ယောက်က ဟိုမှာ(အစည်းအဝေး)တက်သွားတယ်။ တပ်ချုပ်နဲ့သွားပြီးတော့ တွေ့တယ်၊ ဘာညာပေါ့။
ကျွန်တော်နောက်ပိုင်း အသေးစိတ်ပြန်ပြီး မေးတဲ့အခါမှာ ဘယ်လိုဖြစ်သလဲဆိုတော့ အဲဒီနာယကရဲ့ သားတစ်ယောက်က နေပြည်တော်ဘက်မှာ စစ်မှုထမ်းနေတယ်။ (သူ့သားကို) သွားတွေ့ရင်းနဲ့ နောက်ပြီးတော့ (အစည်းအဝေးကို) သွားမယ် ဆိုလို့ရှိရင် ဘာထူးမလဲဆိုပြီး သွားပြီးတော့ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို) တွေ့လိုက်တာပေါ့နော်။ တွေ့ပြီးတော့ ဘာမှလည်း မပြောလာခဲ့ဘူး။ ဘာမှလည်းဆွေးနွေးတာ မရှိဘူးပေါ့လေ။
စစ်တပ်အောက်ကို ရောက်သွားပြီ၊ ပြည်ခိုင်ဖြိုးပါတီရဲ့ နောက်လိုက်ဖြစ်သွားပြီဆိုတဲ့ဟာက အကုန်လုံး ပြန့်သွားတယ်။ ကျွန်တော်ကိုတော့ အမျိုးမျိုးပေါ့လေ။ ဥက္ကဌ သတင်းစာရှင်းလင်းပွဲ လုပ်ရမယ်ထင်တယ်။ နာယကကို ထုတ်လိုက်ရမယ်ထင်တယ်။ ဘာညာဘာညာပေါ့။ ကျွန်တော် လည်း တော်တော်ရှည်ရှည်ဝေးဝေး စဉ်းစားတယ်။ ရွေးကောက်ပွဲက လုပ်ဖို့ နှစ်လလောက်ပဲ ကျန်တော့တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ပူးပေါင်းထားတဲ့ပါတီက သက်တမ်း နှစ်နှစ်လောက်ပဲ ရှိသေးတယ်။ အဲဒီပူးပေါင်းလာတဲ့ပါတီတွေက ပုဂ္ဂိုလ်တွေကို ထုတ်ပစ်လိုက်တာတို့၊ အရေးယူတာတို့ မလုပ်သင့်သေးဘူးဆိုပြီးတော့ စိတ်ထဲမှာ ခံစားရတာပေါ့လေ။
အဲဒီတော့ မီဒီယာ လေးခုရဲ့အမေးကို အထူးသဖြင့် KIC (Karen Information Center) ကမေးတဲ့ဟာကို အပြည့်အစုံ ဖြေလိုက်တယ်။ နောက်ပြီးတော့ Tomorrow သတင်းဂျာနယ်ရယ်၊ Eleven သတင်းစာရယ် ၊ အဲဒါတွေလည်း အပြည့်အစုံဖြေလိုက်တယ်။
သတင်းစာရှင်းလင်းပွဲနဲ့ သတင်းထုတ်ပြန်ချက်ရယ်လို့တော့ ကျွန်တော်တို့ မထုတ်ပြန်ဘူး။ အခုနက မေးတာကို ဖြေလိုက်တဲ့ သဘောမျိုးရှိတယ်။ ကျွန်တော်တို့ နိုင်ငံရေးအခြေခံမူဝါဒရဲ့ အမှတ်စဉ်သုံးမှာ ဘာပါသလဲဆိုရင် ကျွန်တော်တို့ ပါတီဟာ မည်သည့် အဖွဲ့အစည်း၊ မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်ရဲ့ လွှမ်းမိုးမှုကိုမှ မခံဘဲနဲ့ လွတ်လပ်တဲ့ ပါတီ တစ်ခုအဖြစ် ကျွန်တော်တို့က ရပ်တည်မယ်ဆိုပြီးတော့ ပါပြီးသား။ ကျွန်တော်တို့ NLD နောက်လည်း လိုက်ခွင့်မရှိဘူး။ ပြည်ခိုင်ဖြိုးရဲ့ တပည့်လည်း မဟုတ်ဘူး။ တပ်ကိုလည်း ကျွန်တော်တို့ ဩဇာမခံဘူး။ ဒါရှင်းရှင်းလေး။ ဒီလူတွေရဲ့ ဩဇာကို ကျွန်တော်တို့ ဘာမှမခံဘူး။ အဲဒီတော့ ကျွန်တော်တို့ပါတီကလည်း လေးပါတီပူးပေါင်းထားတဲ့ ပါတီဖြစ်တဲ့အတွက် အယူဝါဒ အမြင်ချင်းကတော့ နည်းနည်းပါးပါး ကွဲတာရှိတာပေါ့။
ဒီကြားထဲမှာ ပြဿနာကြီးကြီးငယ်ငယ်မဖြစ်ချင်လို့ ဒါနဲ့ပဲဖြေဖျောက်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ EC အများစုက တော့ နေပြည်တော်မှာ တပ်နဲ့သွားတွေ့တာ EC တွေလည်းမသိဘူး။ EC ရဲ့သဘောတူညီချက်လည်း မဟုတ်ဘူး။ ကျွန်တော် တို့ရဲ့သဘောထားက NLDရော၊ တပ်ရော၊ ပြည်ခိုင်ဖြိုးရော ကျွန်တော်တို့ ဆရာမတင်ဘူး။ တပည့်လည်း မခံဘူး။
ကိုယ့်ဘာသာလွတ်လပ်တဲ့ ပါတီတစ်ခုအနေနဲ့ပဲ ကျွန်တော်တို့ ဆက်ပြီးသွားမယ်။ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၀ အလွန်မှာ ပေါ်ပေါက်လာမယ့် အခင်းအကျင်းကို တစ်ချက်စောင့်ကြည့်မယ်။ စောင့် ကြည့်လို့ ကျွန်တော်တို့ညွန့်ပေါင်းအစိုးရဖွဲ့ရင် ကောင်းမလား။ ဒါမှမဟုတ် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာ ကျွန်တော်တို့ ကြည့်မယ်။ လိုအပ်ရင်လိုအပ်သလိုပေါ့။ ဒါဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော်တို့ အဖြေမပေးသေးဘူး။ ထွက်လာတဲ့အဖြေအပေါ် မူတည်ပြီး ကျွန်တော်တို့အလုပ်ဆက်လုပ်မယ်။

