ဘိုင်အိုမက်ထရစ် ဒေတာစနစ်နဲ့ မှတ်ပုံတင်မယ့် SIM Card များလုံခြုံပါရဲ့လား

ဘိုင်အိုမက်ထရစ် ဒေတာစနစ်နဲ့ မှတ်ပုံတင်မယ့် SIM Card များလုံခြုံပါရဲ့လား

အောင်ပိုင်ရေးသည်။

လက်ရှိအသုံးပြုနေသည့် SIM card များကို ဇွန် ၃၀ ရက် နောက်ဆုံးထား၍ နိုင်ငံသားစိစစ်ရေးနံပါတ်ဖြင့် မှတ်ပုံတင်ရန်နှင့် နိုင်ငံသားစိစစ်ရေးနံပါတ်တစ်ခုလျှင် SIM card နှစ်ခုထက်ပို၍ အသုံးပြုထားသည်ကို တွေ့ရှိပါက ပိတ်သိမ်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာများကို ညွှန်ကြားခဲ့သည်။

အဓိကအကြောင်းအရင်းမှာ မိုဘိုင်းဖုန်းအသုံးပြု၍ ကျူးလွန်သည့် ရာဇဝတ်မှုများကို လျှော့ချနိုင်ရေးနှင့် လုံခြုံရေး အတွက်ဖြစ်သည်ဟု ဆိုသည်။ (သို့သော် SIM card အရေအတွက် မည်မျှပိတ်သိမ်းသည်ကို ယခု ဆောင်းပါး တင်ဆက်သည့်အချိန်အထိ ထုတ်ပြန်ထားခြင်းမရှိသေးပါ။)

ယင်းရည်ရွယ်ချက်ဖြင့်ပင် ထပ်တိုးအစီအစဉ်အဖြစ် SIM card အသုံးပြုသူသည် မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျမှတ်သားဖော်ထုတ်နိုင်မည့် Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းစနစ်ကို အကောင်အ ထည်ဖော်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေသည်။ Biometric Data ဆိုသည်မှာ လူတစ်ယောက်၏ မျက်နှာ၊ မျက်လုံး၊ လက်ဗွေရာ စသည့်အချက်အလက်များကို ဆိုလိုခြင်းဖြစ်သည်။

ယင်းစနစ်အရ SIM card အသုံးပြုသူ၏ ဖုန်းနံပါတ်နှင့်တွဲ၍ နိုင်ငံသားစိစစ်ရေးနံပါတ်သာမက “Finger Print (လက်ဗွေရာ) ယူမယ်၊ မျက်လုံးတော့မယူဘူး၊ မျက်နှာကိုတော့ မှတ်မိအောင်၊ တိုက်ဆိုင်စစ်ဆေးလို့ရအောင် Live Photo (မှတ်ပုံတင်သည့်အခါ ချက်ချင်းရိုက်ယူသည့် မျက်နှာပုံ) ကို ယူထားမယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက မော်ကွန်းကို ပြောသည်။

ခေတ်သစ်နည်းပညာပိုင်းဆိုင်ရာ အခွင့်အရေးများနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများ ဆောင်ရွက်နေသည့် လန်ဒန်အခြေစိုက် Privacy International (PI) အဖွဲ့ကတော့ SIM card များကို မှတ်ပုံတင်ခြင်းသည် ရာဇဝတ်မှုများကိုတိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသည်ဟု အစိုးရများကပြောလေ့ရှိသော်လည်း လက်တွေ့ကျသည့် သက်သေများပေါ်တွင် အခြေခံထားခြင်းမဟုတ်ဟု ပြောသည်။

သို့သော် SIM card မှတ်ပုံတင်ခိုင်းသည့် အစိုးရအရေအတွက်သည် နှစ်စဉ်များပြားလာပြီး Biometric Data ဖြင့် SIM card မှတ်ပုံတင်ဥပဒေရှိသည့် နိုင်ငံများမှာ ၂၀၂၀ မတ် အထိ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ပါကစ္စတန်နှင့် UAE နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ရှိသည်ဟု PI က စာရင်းပြုစုထားသည်။

မော်ကွန်းကမေးမြန်းခဲ့သည့် လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ၊ နည်းပညာလေ့လာကျွမ်းကျင်သူ၊ ဥပဒေရေးရာကျွမ်း ကျင်သူများကတော့ Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းသည် ဒီဂျစ်တယ်စနစ်ကို အသုံးပြု၍ ကျူးလွန်သည့်ရာဇဝတ်မှုကိုလျှော့ချနိုင်ရန်နှင့် လုံခြုံရေးအတွက် အစိုးရကဆောင်ရွက်ခြင်းဖြစ်သောကြောင့် ကြိုဆိုရမည်ဖြစ်သည်ဟုဆိုသည်။

သို့သော်လည်း သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ (Privacy Data) ကို ကာကွယ်ပေးမည့် ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများမရှိသောကြောင့် အလွဲသုံးစားအလုပ်ခံရနိုင်ခြင်း၊ စောင့်ကြည့်နောက်ယောင်ခံရခြင်းများ ဖြစ် စေနိုင်သည်ကို ၎င်းတို့ကသတိပေးသည်။

“SIM card မှတ်ပုံတင်တာက လုံခြုံရေးအတွက် အရေးကြီးတယ်။ လိုအပ်တယ်။ တခြားနိုင်ငံတွေမှာလည်း လုပ်နေတာပဲ ထောက်ခံတယ်။ ဒါပေမဲ့ Biometric Data နဲ့ SIM card မှတ်ပုံတင်တဲ့အခါ Privacy Data တွေကို သိမ်းထားမယ့် အစိုးရမှာ ဘယ်လို လုံလုံခြုံခြုံထားမလဲဆိုတဲ့ တာဝန်ရှိတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးနေဘုန်းလတ်က ထောက်ပြသည်။

၎င်းသည် လွှတ်တော်ကိုယ်စားလှယ်မဖြစ်ခင်က သတင်းအချက်အလက်နှင့် နည်းပညာအကြောင်းသိကောင်းစရာများ မျှဝေနေသော အရပ်ဘက်အဖွဲ့အစည်း Myanmar ICT for Development Organization (MIDO) ကို တည်ထောင်ခဲ့သူတစ်ဦး ဖြစ်သည်။

Privacy ဆိုသည့်စကားရပ်ကို တိုက်ရိုက်ဘာသာပြန်ဖို့ခက်သော်လည်း လူတစ်ယောက်က မည်သူ့ကိုမျှ ပေးသိလို့မရ သည့် ကိုယ်ပိုင်အချက်အလက်၊ ကိုယ်ရေးကိုယ်တာများကို ဆိုလိုခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“အိမ်လိပ်စာ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် ဒါတွေကအစ Privacy တွေပဲ။ မလိုအပ်ဘဲ သူများကို ပေးသိလို့မရဘူး။ အဲဒီမှာမှ အဆင့်ဆင့်ရှိသေးတယ်။ လက်ဗွေရာတွေ၊ မျက်လုံးသူငယ်အိမ်တွေပါတဲ့ Biometric Data ဆို Privacy အဆင့်ပိုမြင့်သွားပြီ။ လူနဲ့တွဲနေတာ လုံးဝခွဲလို့ရတာတွေမဟုတ်ဘူး” ဟု ၎င်းက ဥပမာပေးသည်။

မှတ်ပုံတင်ထားသည့် အကောင့်ကို ပြန်လည်စစ်ဆေးနေစဉ် Photo – Aung Py

အစိုးရက ဘာတွေစီစဉ်နေလဲ

Biometric Data ဖြင့် SIM card မှတ်ပုံတင်သည့်အခါ အချက်အလက်များ သိုလှောင်ရေးအတွက် Common Database စနစ်တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တင်ဒါကော်မတီက မေ ၂၉ ရက်တွင် ခေါ်ယူခဲ့သည်။

တင်ဒါခေါ်သည့် ကြေညာစာအရ ကုမ္ပဏီသည် နိုင်ငံအတွင်းတရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဟု သတ်မှတ်ထားပြီး Common Database တည်ဆောက်ခြင်းကို လုပ်ငန်းအပ်နှံသည့်နေ့မှ ခြောက်လအတွင်း အပြီးဆောင်ရွက်ပေးရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

ယခုအချိန်အထိ တင်သွင်းလာသည့် တင်ဒါများကို စိစစ်နေဆဲဖြစ်ပြီး တစ်လဝန်းကျင်အကြာတွင် တင်ဒါအောင်မြင် သည့်ကုမ္ပဏီကို ထုတ်ပြန်ကြေညာသွားမည်ဟု ဆက်သွယ်ရေး ညွှန်ကြား မှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမျိုး ဆွေက ဇွန်လ ၁၅ ရက်နေ့တွင် မော်ကွန်းကို ပြောသည်။

Common Database တွင် အများဆုံး လူပေါင်းသန်း ၆၀ ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထား နိုင်အောင် တည်ဆောက်ထားမည်ဖြစ်ပြီး လတ်တလောတွင် အသက် ၁၀ နှစ်နှင့်အထက် လူဦးရေ သန်း ၃၀ မှ ၃၅ သန်း၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

“ခြောက်လလောက်ကြာအောင် Testing (စမ်းသပ်မှု) လုပ်ပြီးရင် ဒီနှစ်ကုန်လောက် ဒါမှမဟုတ် ရှေ့နှစ်လောက် စလုပ်ဖြစ်သွားမှာပေါ့” ဟု ဦးမျိုးဆွေက ပြောသည်။

လိုအပ်သည့် ဘတ်ဂျက်ငွေကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ (Universal Service Fund – USF) မှ ထုတ်ယူသုံးစွဲမည်ဖြစ်သည်။ USF ရန်ပုံငွေဆိုသည်မှာ ဝေလံခေါင်ဖျားပြီး ဆက်သွယ်ရေးစနစ်နိမ့်ကျသော ဒေသများတွင် ဆက်သွယ်ရေးစနစ် မြှင့်တင်ရန် အော်ပရေတာများထံမှ ကောက်ခံထားသည့် ရန်ပုံငွေဖြစ်သည်။

“ဘယ်လောက်ပမာဏအထိ သုံးစွဲမယ်တော့ သတ်မှတ်ထားတာ မရှိသေးပါဘူး။ စနစ်လည်းကောင်းရမယ်။ အသုံးတည့်တဲ့ဟာလည်း ဖြစ်ရမယ်၊ ဈေးလည်း သင့်တင့်မျှတရမယ်” ဟု ၎င်းက ဆက်ပြောသည်။

USF ငွေသည် ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် အခြေခံအဆောက်အအုံများ၊ ကျေးလက်ဒေသ ဆက်သွယ်ရေး တိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးသူများ၊ လူ့အသိုင်းအဝိုင်းမှ ဖယ်ကျဉ်ခံထားရသူများအတွက် သုံးရန်ရည်ရွယ်ထား သော ပြည်သူ့ဘဏ္ဍာငွေဖြစ်သောကြောင့် ယခုလိုအစီစဉ်တွင် သုံးစွဲခြင်းသည် မဖြစ်သင့်ဘဲ ရူးမိုက်သည့် လုပ်ရပ်ဖြစ်သည်ဟု PI အဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာ ယာယီညွန်ကြားရးမှူး မစ္စလူစီပါဒန်ကက ဝေဖန်သည်။

ကောင်းကျိုး၊ ဆိုးကျိုး

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ (Myanmar Institute for Peace and Security – MIPS) မှ အမှှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက SIM card မှတ်ပုံတင်ခြင်းသည် အာဏာရှင်နိုင်ငံများတွင်သာမက ဒီမိုကရေစီ နိုင်ငံများတွင်လည်း အမျိုးသားလုံခြုံရေးအတွက် လုပ်ကြသည်ဟု အမေရိကန်နိုင်ငံကို ဥပမာပေးရှင်း ပြသည်။

“အမေရိကန်မှာ SIM card ဝယ်မယ်ဆိုရင် ယာဉ်မောင်းလိုင်စင်လိုဟာမျိုးနဲ့ ဝယ်ရတယ်။ အစိုးရက ထုတ်ပေးထားတဲ့ ID တစ်ခုခုနဲ့ ဝယ်လိုက်ပြီဆိုတာနဲ့ လူတွေအားလုံးမှာ Social Security Number ဆိုတာ ရှိတယ်။ မှတ်ပုံတင်နံပါတ် သဘောမျိုး အဲ့ဒါနဲ့ သွားပြီးချိတ်ထားတယ်” ဟု ၎င်းက ပြောသည်။

သို့သော် တစ်ဦးချင်း၏ အခွင့်အရေးကိုကာကွယ်ပေးသည့် ဥပဒေများရှိသောကြောင့် လူတစ်ယောက်ကို အကြမ်းဖက်သမား၊ ရာဇဝတ်မှုကျူးလွန်သူဟု သံသယရှိပါက လွယ်လင့်တကူကြည့်လို့မရဘဲ တရားရုံးသို့လျှို့ဝှက်စာပေးပို့ကာ ခွင့်ပြုချက်တောင်းမှသာ ကြည့်ခွင့်ရသည်ဟု ဒေါက်တာမင်းဇော်ဦး က ဆက်ပြောသည်။

ထို့ကြောင့် မြန်မာအစိုးရသည် မှတ်ပုံတင်နံပါတ်ထက် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ထိပါးနိုင်ခြေပိုရှိသော Biometric Data ဖြင့် SIM card မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည်ဖော်မည်ဆိုပါက အလျင်စလိုမလုပ်ဘဲ တရားရေး၊ ထောက်လှမ်းရေး ၊ ဖွဲ့စည်းပုံ စသည့်စနစ်တစ်ခုလုံးကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ၎င်းက အကြံပြုသည်။

ဦးမျိုးဆွေက Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းအားဖြင့် ရာဇဝတ်မှုများ၊ အကြမ်းဖက်သမားများ၊ ငွေကြေးဆိုင်ရာ လိမ်လည်မှုများကို အလွယ်တကူဖော်ထုတ် အရေးယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

“Biometric နဲ့ မှတ်ပုံတင်လိုက်ရင် လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ တိတိကျကျ သိရလိမ့်မယ်။ တချို့နိုင်ငံတွေမှာဆို SIM card က ID တစ်ခုလိုဖြစ်နေတာ” ဟု ၎င်းကပြောသည်။

မှတ်ပုံမတင်သည့် SIM card များကို ပိတ်သိမ်းမည့် အစိုးရ၏ အစီအစဉ်နှင့် ပတ်သက်၍ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်အဖွဲ့ Free Expression Myanmar က ဧပြီ ၂၉ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည်။

ထိုကြေညာချက်ထဲတွင် SIM card မှတ်ပုံတင်ခြင်းသည် ရာဇဝတ်မှုများနှင့် လိမ်လည်မှုများ လျှော့ချရာတွင် အထောက်အကူဖြစ်စေသည်ဆိုသည့်အရာကို မှန်ကန်၍ကျိုးကြောင်းဆီလျော်စွာ သက်သေမပြနိုင်သည့်အပြင် ကျင့်သုံးခဲ့သည့် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗီးယားကဲ့သို့ နိုင်ငံများတွင်လည်း အောင်မြင်မှုမရှိဟုဆိုသည်။

အဘယ်ကြောင့်ဆိုသော် ရာဇဝတ်မှုကျူးလွန်သူများသည် ခိုးယူထားသော SIM card များအား အသုံပြုခြင်းနှင့် အင်တာနက်ဖြင့် စကားပြောဆိုနိုင်သော Application များကို အသုံးပြုခြင်းကဲ့သို့သော အပြုအမူများကို ပြောင်းလဲ၍ ဆက်လက်ကျူးလွန်ဆဲဖြစ်သည်ဟု ထောက်ပြထားသည်။

ထို့အပြင် ဆင်းရဲမွဲတေသူများသည် နိုင်ငံသားစိစစ်ရေးကဒ်ပြားပြုလုပ်ရန် အခက်အခဲရှိသည့်အတွက် ၎င်းတို့၏ SIM card များ ပိတ်သိမ်းခံရနိုင်ပြီး SIM card အသစ်ဝယ်ယူခြင်းမှလည်း ကန့်သတ်ခံရနိုင်သည်ဟုဆိုသည်။
၂၀၁၄ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံတွင် မည်သည့်အသိအမှတ်ပြုကတ်ပြားတစ်ခုမျှမရှိသူသည် အသက် ၁၀ နှစ်နှင့် အထက် လူဦးရေ၏ ၂၇ ဒသမ ၃ ရာခိုင်နှုန်း (၁၁ ဒသမ ၂ သန်းကျော်)ရှိနေသည်။

MIDO ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ထိုက်ထိုက်အောင်က ဥပဒေလုပ်ထုံးလုပ်နည်း ခိုင်ခိုင်မာမာမရှိဘဲ Biometric Data ဖင့် SIM card များကို မှတ်ပုံတင်ထားပါက “အစိုးရက မကြိုက်တာတွေ လုပ်နေတဲ့လူတွေရှိရင် လွယ်လင့်တကူ ခြေရာခံပြီးတော့ ဖမ်းဆီးထောင်ချ အရေးယူတတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။

ထို့ကြောင့် နည်းပညာပိုင်းအရ ဖြစ်နိုင်သော်လည်း လူတစ်ဦးချင်းစီ၏ Privacy ကို ထိန်းသိမ်းရန် ဥပဒေအရ အဆင်သင့်ဖြစ်ပြီလားဆိုသည်ကို ၎င်းကမေးခွန်းထုတ်သည်။

လိုအပ်နေသည့် ဥပဒေ

ယခုအချိန်တွင် Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်းကို ဆက်လက်လုပ်ဆောင်ပါက တစ်ဦးချင်း၏ အချက်အလက်များကို အလွဲသုံးစားလုပ်ခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုကွန်ရက်ထဲမှ ဖယ်ရှားခြင်း၊ ခွဲခြား ဆက်ဆံခြင်း၊ စောင့်ကြည့်ခြင်း စသည့်လုပ်ရပ်များမဖြစ်စေရန် အကာအကွယ်ပေးသည့် ဥပဒေမူဘောင်များ မရှိဘဲ အကောင်အထည်ဖော်သလိုဖြစ်နေလိမ့်မည်ဟု Privacy International က မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံမှာ ဒေတာတွေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ၊ စောင့်ကြည့်ခြေရာခံခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေ မရှိသေးဘူး။ အဲဒါတွေရှိလာအောင် လုပ်မယ့်အနေအထားလည်း မမြင်ရသေးဘူး။ အဲလို ဥပဒေမူဘောင်တွေ မရှိသေးတဲ့အချိန်မှာ ဒီဟာတွေကို မိတ်ဆက်အကောင်အထည်ဖော်မယ်ဆိုတဲ့ဟာက လုံးဝကိုလက်ခံလို့မရပါဘူး။” ဟု မစ္စလူစီပါဒန်က ကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၇ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်၊ ပစ္စည်း၊ စာပေးစာယူနှင့် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများအတွက် ဥပဒေအရကာကွယ်ပေးရမည်ဟု ဖော်ပြထားသည်။

ဆိုက်ဘာနှင့်ပတ်သက်၍ ဆက်သွယ်ရေးဥပဒေ၊ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေဆိုပြီး ဥပဒေသုံးရပ်ရှိသည်။

သို့သော် ယင်းဥပဒေများသည် ယခုအကောင်အထည်ဖော်မည့် Biometric Data ဖြင့် SIM card မှတ်ပုံတင်ခြင်း အစီအစဉ်တွင် စုဆောင်းထားသည့် Privacy Data များကို လုံခြုံအောင် အကာအကွယ်ပေးရန် မလွှမ်းခြုံနိုင်သော ကြောင့် သီးသန့်ဥပဒေတစ်ခု အချိန်မီရေးဆွဲသွားမည်ဟု ဦးမျိုးဆွေကဆိုသည်။

“ကျူးလွန်လာရင် ကျူးလွန်တာနဲ့အညီ တန်ပြန်အရေးယူနိုင်ဖို့ ဥပဒေတွေ၊ နည်းဥပဒေတွေက လိုတယ်” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်အထိ Privacy Data များကို အကာအကွယ်ပေးသည့် ဥပဒေနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ တင်ပြဆွေးနွေးလာခြင်းမရှိသေးဟု ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေးကော်မတီ၏ဥက္ကဋ္ဌ ဦးဝင်းထွဋ်က မော်ကွန်းကို ဇွန် ၂၉ ရက်တွင်ပြောသည်။

“ဆက်သွယ်ရေးကော်မရှင်ဖွဲ့စည်းဖို့ ဥပဒေတင်ပြလာတာတော့ရှိတယ်။ အဲ့ဒီဥပဒေကြမ်းက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးပြီးလို့ ပြည်သူ့လွှတ်တော်ကို ရောက်လာပြီ။ ဒီကော်မရှင်အဖွဲ့က ပိုစနစ်ကျပြီး အားကောင်းတဲ့ ဆက်သွယ်ရေးကဏ္ဍဖြစ်ဖို့ ရည်ရွယ်ဖွဲ့စည်းတာပါ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် Privacy International က ဖြစ်နိုင်သည့် အားနည်းချက်များကို အသိပညာပေးရန်နှင့် အစိုးရသည် လူ့ခွင့်အရေးကို လေးစားကာကွယ်ရန် သတိပေးသည့်စာကို ဆက်သွယ်ရေးအော်ပရေတာလေးခုအပါအဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ၂၀၁၉ နှစ်ကုန်ပိုင်းက ပေးပို့ခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက “Biometric Data နဲ့ SIM card မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ ဥပဒေမူဘောင်တွေအားလုံးကို ကျွန်တော်တို့ ပြင်ဆင်နေတယ်ဆိုတာ ကျေးဇူးပြုပြီးသတိပြုပါ။ ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်အားလုံးကို ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု စာပြန်ခဲ့သည်ဟု Privacy International ကဆိုသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ Biometric Data များ မစုဆောင်း ခင်မှာပင် အနိမ့်ဆုံးအဆင့်အနေဖြင့် ဥပဒေအကြမ်းရေးဆွဲပြီး ပြည်သူကို ဦးစွာရှင်းပြထားဖို့ လိုအပ်သည်ဟု ဆိုသည်။

သို့မှသာ အများပြည်သူလုံခြုံရေးဆိုင်ရာ နားလည်တတ်ကျွမ်းသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေသမားများ ပါဝင်ဆွေးနွေးအကြုံပြုထားသည့် ဥပဒေဖြစ်မည်ဟု ၎င်းကဆက်ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ိလိုတယ်။ ဒီ Data တွေကို ဘယ်သူက ထိန်းသိမ်းမယ်၊ ဘယ်သူက တာဝန်ခံမလဲဆိုတာ။ တကယ်တမ်းပြောရရင် လက်ဗွေရာတွေ၊ မျက်နှာပုံတွေ ပေးလိုက်ကတည်းက Privacy က ပါသွားပြီလေ။ ဥပဒေမှာ အဲ့ဒါမျိုးတွေပါ ထည့်သွင်းစဉ်းစားရအမေယ်။” ဟု ၎င်းက အကြံပြုသည်။


#Feature

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."