ကျော်ဇေယျ၊
ရန်ကုန်၊ဖေဖော်ဝါရီ-၁၀၊ ၂၀၂၀
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီး လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းတဲ့အခါ ကော်မတီရဲ့တင်ပြချက်ကို လက်မခံလိုတဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက “ နာယကကြီး”ဟု တစ်စာစာ အော် ကန့်ကွက်ဆွေးနွေးဖို့ ခွင့်တောင်းသော်လည်း လွှတ်တော်နာယက က ခွင့်မပြုဘဲ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့တယ်။
ယင်းကိုယ်စားလှယ်မတိုင်မီ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့အစီရင်ခံစာကို သဘောမတူကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဆွေးနွေးပြီး လေ့လာစီစစ်ရေးပူးပေါင်းကော်မတီအကြံပြုသလို တင်သွင်းထားတဲ့ ဥပဒေကြမ်းအားလုံးကို တစ်ပေါင်းတည်း မဆွေးနွေးလိုပဲ ဥပဒေကြမ်းတစ်ခုချင်းအလိုက် သီးခြားစီသာ ဆွေးနွေးလိုကြောင်း နာယကကို တင်ပြခဲ့ပါတယ်။
ထိုအခါ ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်က “ ဒီမှာဆွေးနွေးမယ့်အချိန်၊ အငြင်းပွားရမယ့် အချိန်မဟုတ်ပါဘူး။ ခွင့်မပြုနိုင်ပါဘူး။ စိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအတိုင်းပဲ မိမိတို့ လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ခုနှစ်ကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းဆိုတဲ့ ခေါင်းစဉ်အောက်တစ်ခုထဲမှာပဲ ပုဒ်မအလိုက် ဆွေးနွေးသွားရမှာဖြစ်တဲ့အတွက် သီးခြားစီဆွေးနွေးဖို့ဆိုတာ အဖြစ်နိုင် ကြောင်း နာယက က ရှင်းပြပါတယ်။
ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိရင် ဖေဖော်ဝါရီ ၁၇ ရက် တနင်္လာနေ့ နောက်ဆုံး အမည်စာရင်း တင်သွင်းရမယ်လို့ ဒီနေ့ အစည်း အဝေးမှာ ကြေညာခဲ့ပါတယ်။
ဖွဲ့စည်ပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းပြီးလေ့လာစိစစ်ရေးပူးပေါင်း ကော်မတီကို ၂၀၂၀ ဇန်နဝါရီ ၂၇ ရက်မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့ရာ ယင်းကော်မတီက လေ့လာတွေ့ ရှိချက်အစီရင်ခံစာကို ယနေ့မှာ ဖတ်ကြားတင်သွင်းခဲ့တာဖြစ်ပါတယ်။
Photo – Pyidaungsu Hluttaw
#Dailynews

