အမ်း- ၂၀၂၄ အောက်တိုဘာ ၃ (မော်ကွန်း)
တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီဝင်တွေက ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ အမ်းဒေသက သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲဖြစ်ခဲ့ချိန် ကျောက်စကွဲ၊ ရွာသာယာနဲ့ မီးလောင်ချောင်းရွာတွေက ဒေသခံတွေဟာ စစ်ဘေးရှောင်ခဲ့ကြရတာပါ။ အဲဒီ အထဲက တချို့ဟာ ဘေးလွတ်ရာနေရာရဖို့ အမ်းမြို့တွင်းကို စစ်ဘေးရှောင်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာလို့ သတင်းရင်းမြစ်က ပြောပြပါတယ်။
” အဲဒီနေ့က တိုက်ပွဲဖြစ်ကြတော့ အကုန်လုံးကမန်းကတန်းနဲ့ အနီးနားရွာတွေကိုပြေးကြတယ်။ ဒါပေမဲ့ တိုက်ပွဲ အခြေအနေက ပိုဆိုးလာနိုင်ခြေရှိနေတဲ့အတွက် ဒီပတ်ဝန်းကျင်မှာဆက်နေလို့ အဆင်မပြေဘူးဆိုပြီး ၂၉ ရက်နေ့က အမ်းမြို့ထဲကို သွားကြတာပါ။ လမ်းမှာစစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသွားတာပါ” လို့ သူက ပြောပါတယ်။
ဖမ်းဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အမ်းမြို့၊ ကံ့ကော်တစ်ထောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကြောင်းဖြစ်ပြီး အဲဒီလူ ၆၀ လောက်ကို ပြန်မလွှတ်သေးဘဲ သူတို့နဲ့အတူ ဖမ်းထားဆဲဖြစ်တယ်လို့ ၎င်းသတင်းရင်းမြစ်က ပြောပါတယ်။
” ကံ့ကော်တစ်ထောင်ဘုရားပေါ်က စစ်သားတွေနဲ့ AA နဲ့က မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်မှုတွေ ရှိတယ်။ သူတို့ (စစ်ကောင်စီ)ကလည်း အနီးတဝိုက်နေရာတွေကို စစ်ကြောင်းခဏခဏထိုးတယ်။ အဲဒီနေ့ကလည်း စစ်ကြောင်း ထွက်ရင်း တွေ့လို့ အဖမ်းခံလိုက်ရတာ။ ဘုရားတောင်ပေါ်မှာပဲ ဖမ်းဆီးထားတာပါ။ ပြန်မလွှတ်ပေးသေးပါဘူး” လို့ အထက်ပါ သတင်းရင်းမြစ်က ဒီနေ့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ စက်တင ၂၆ ရက်ကလည်း ကျောက်စကွဲရွာ အနီးတဝိုက်ကို ကံ့ကော်တောင်ဘုရား တောင်ပေါ်ကနေ လက်နက်ကြီးလှမ်းပစ်ကူခဲ့တဲ့အတွက် ကျောက်စကွဲရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံသုံးဦးသေဆုံးခဲ့သေးတယ်လို့လည်း သူကပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်မှာ ဒီနှစ်မတ်လကစလို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး အဲဒီက အရေးပါတဲ့စစ်စခန်းဖြစ်တဲ့ တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။
လက်ရှိမှာ အမ်းမြို့ရဲ့ ခံတပ်စခန်းတွေရှိတဲ့ မဲတောင်ကြောတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို AA က ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ရေးအခြေအနေတွေ ပြင်းထန်နေတယ်လို့ ဒေသခံတချို့ကလည်း ပြောပါတယ်။
ပုံစာ- နပခ အခြေစိုက် အမ်းမြို့။
ဓါတ်ပုံ- google
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

