မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၇၀ မှ သတင်းဆောင်းပါးဖြစ်ပါသည်
အောင်ပိုင် ရေးသည်။
ဧရာဝတီတိုင်းမှာ ၆၉ ကြိမ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကျင်းပဖို့ ရက်ပိုင်းအလို တိုင်းအစိုးရရဲ့ ညွှန်ကြားစာတစ်စောင်ဟာ ပွဲစီစဉ်သူတွေနဲ့ ဒေသခံ ကရင်တွေရဲ့ မူလအစီအစဉ်ကို ရုတ်တရက် ကန့်သတ်လိုက်ပါတယ်။
အဲဒီစာဟာ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီသို့လိပ်မူထားပြီး အခမ်းအနားကျင်းပရာမှာ ကရင်အာဇာနည်ဆိုတဲ့ စကားရပ်ကို အသုံးမပြုဖို့ပဲဖြစ်ပါတယ်။ စာမှာ လက်မှတ်ထိုးထား သူက ဧရာဝတီတိုင်းဒေသကြီးရဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်ပါတယ်။
ဒါကြောင့် ကရင်အာဇာနည်နေ့ဖြစ်တဲ့ သြဂုတ် ၁၂ ရက် ရောက်တဲ့အခါမှာတော့ ကျင်းပမြဲနေရာဖြစ်တဲ့ ဟင်္သာတမြို့နယ်က ကရင်ပြည်သူ့ပါတီခြံဝင်းထဲမှာ ကရင်အာဇာနည်နေ့လို့ခေါင်း စဉ်မတပ်ဘဲ ကျင်းပခဲ့ကြရပါတယ်။
ဒီပိတ်ပင်တားဆီးမှုတွေရှိပေမယ့် သူတို့ရင်ထဲကို စူးနစ်စိုက်ဝင်နေပြီးသားဖြစ်တဲ့ ကရင်အာဇာနည်ဆိုတဲ့ အသိအမှတ်ပြုမှုကိုတော့ ဆွဲနုတ်ပယ်ဖျက်ဖို့ရာ စွမ်းနိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ကြောင်း ဦးဆောင်ကျင်းပသူတွေက ပြောကြပါတယ်။
အခမ်းအနား တက်ရောက်လာသူတွေကို ကရင့်အာဇာနည်ဆိုတာဘယ်သူလဲလို့ ဦးဆောင်ကျင်းပသူတွေက မေးလိုက်တဲ့အခါ စောဘဦးကြီးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြန်ဖြေခဲ့ကြပါတယ်။
“ဒါဟာ ပိတ်ပင်တားဆီးရုံနဲ့ ပျောက်ကွယ်သွားမယ့်အရာမဟုတ်ဘူးဆိုတာကို ပြလိုက်တာပဲ” လို့ ဦးဆောင်ကျင်းပသူ စောဂျော်ကြီးက မော်ကွန်းကို ပြောပါတယ်။
ညွှန်ကြားစာကို လက်မှတ်ထိုးသူ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက “လုံခြုံရေးနဲ့ နယ်စပ်ရေး ရာဝန်ကြီးဌာနက ဒီအသုံးအနှုန်းကိုခွင့်မပြုနိုင်ဘူး၊ ဆူပူမှုဖြစ်နိုင်တယ်၊ ဖမ်းမယ်ဆိုတာကြောင့် ကျွန်မက ရိုးရိုးသားသား အနစ်နာခံပြီး လက်မှတ်ထိုးပေးလိုက်ရတာပါ” လို့ မော်ကွန်းကို ပြောပါတယ်။
ဒီလိုတားမြစ်ရတာဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ကရင်အာဇာနည်နေ့အခမ်းအနားမှာ “လက်နက်ချစကား အလျဉ်းမပြော”၊ “ကရင့်လက်နက် ကရင်လက်ထဲရှိရမယ်” စတဲ့ နိုင်ငံရေးအရ ထိရှလွယ်တဲ့အသုံးအနှုန်းတွေ ပါဝင်ခဲ့တာကြောင့် အာဏာပိုင်တွေက တားမြစ်ပိတ်ပင်တာလို့ ၎င်းကဆိုပါတယ်။
တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပါမယ်လို့ ရွေးကောက်ပွဲကတိကဝတ်တွေရှိခဲ့တဲ့ NLD အစိုးရလက်ထက်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ တန်းတူရရှိဖို့ ခက်ခဲနေဆဲပဲဖြစ်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေနဲ့ လူမျိုးစုအသင်းအဖွဲ့တွေက ပြောကြပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟာ အခုလို တိုင်းရင်းသားတွေအရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ ဒီဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်ကို မတွေ့ရဘူးလို့ သူတို့က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ ကရင်အာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူတွေဖြစ်တဲ့ နော်အုန်းလှ၊ စောအဲလ်ဘတ်ချိုနဲ့ စသိန်းဇော်မင်းတို့ကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေဖောက်ဖျက်မှုနဲ့ ၂၀၁၉ အောက်တိုဘာမှာ တရားစွဲဆိုဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဦးဆောင်ကျင်းပသူတွေဟာ မူလကဘုန်းကြီးကျောင်း တစ်ခုမှာကျင်းပဖို့စီစဉ်ထားပေမယ့် အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ကျင်းပခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ရန်ကုန်မြို့ လယ်ကောင် ဆူးလေမှာကျင်းပတဲ့အခါ ငြိမ်းစုစီ ပုဒ်မနဲ့ တရားစွဲဆိုခံရတာလို့ ထောင်ဒဏ် ချမှတ်ခံရတဲ့ ၎င်းတို့သုံးဦးက ပြောပါတယ်။
အခုလို တိုင်းရင်းသားရေးရာကိစ္စတွေကြောင့် ပဋိပက္ခတွေ ဖြစ်လာတဲ့အခါ “(တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဟာ) ကျွန်တော်တို့ကို ကာကွယ်မပေးနိုင်တဲ့အပြင် စာပေ၊ ယဉ်ကျေးမှု အဆင့်မဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ ထုံးတမ်းစဉ်လာတွေကိုတောင် လုပ်ပိုင်ခွင့်မပေးဘူး။ ပြန်ကန့်ကွက်နေတယ်။ ဒါကြောင့် အခြေခံကျတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရသလို ခံစားနေရတယ်” လို့ စောအဲလ်ဘတ်ချိုက မော်ကွန်းကို ပြောပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဆိုတာ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပေါ်ပေါက်လာတဲ့ ဝန်ကြီးဌာနဖြစ်ပါတယ်။ ဒီဥပဒေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့ပေမယ့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရအာဏာရလာစ ၂၀၁၆ မတ် ထဲမှာမှ ဖွဲ့စည်းနိုင်ခဲ့တာပါ။
ဒီဝန်ကြီးဌာနဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကိုမြှင့်တင်ဖို့၊ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရင်း နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့၊ ပြည်ထောင်စု စိတ်ဓာတ် ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်မှန်းဖွဲ့စည်းတာလို့ ဥပဒေမှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှာ အရာထမ်း ၃၇၉ ယောက်၊ အမှုထမ်း ၉၁၂ ယောက် တာဝန်ထမ်းဆောင်နေ တယ်လို့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပြည် ထောင်စုဝန်ကြီးရုံးအောက်မှာ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့နဲ့ ဖွဲ့စည်းထားပါတယ်။

Photo-Mar Naw ထောင်ဒဏ်ချမှတ်ခံရသည့် ကရင်အာဇာနည်နေ့ဦးဆောင်ကျင်းပသူများ ရုံးထုတ်
ဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုမှာ တိုင်းရင်း သားလူမျိုးအရေအတွက်ဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ ဝ ဒသမ ၁ ရာခိုင်နှုန်း ရှိရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတစ်ယောက် ခန့်အပ်ပါတယ်။ လူဦးရေသန်းငါးဆယ်ရှိရင် အနည်းဆုံး ငါးသောင်းရှိရမှာဖြစ်တယ်လို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပြောပါတယ်။
လတ်တလောမှာ ဝန်ကြီးဌာနအနေနဲ့တိုင်းရင်းသား လူမျိုးတွေရဲ့ စာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားဘာသာ စကားသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ ၎င်းကဆိုပါတယ်။ ၂၀၁၇-၂၀၁၈ ပညာ သင်နှစ်မှာ တိုင်းရင်းသားဘာသာစကား သင်ကြားရေးဆရာ ငါးထောင်ကျော်ကို ခန့်အပ်နိုင်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။
ရရှိတဲ့ဘဏ္ဍာငွေအများစုကို ဝန်ကြီးဌာနက လိုအပ်တဲ့ ရုံးဌာနအဆောက်အအုံတည်ဆောက်ရေးမှာ အများဆုံး သုံးနေရပြီး ၂၀၁၉ -၂၀၂၀ မှာ ကျပ်ငွေ ၄ ဒသမ ၃၂ ဘီလီယံ ရရှိခဲ့တယ် လို့ သူကပြောပါတယ်။ ဒီငွေပမာဏဟာ ဝန်ကြီးဌာန ၂၄ ခု ဘတ်ဂျက်ရငွေရဲ့ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းသာ ရရှိတာဖြစ်ပြီး ပြီးခဲ့ တဲ့နှစ်က ဝ ဒသမ ဝ၂ ရာခိုင်နှုန်း ရခဲ့ကြောင်း ၎င်းကပြောပါတယ်။
ပြည်နယ်နဲ့တိုင်းအလိုက် အထိမ်းအမှတ်နေ့အခမ်းအနားတွေဖြစ်တဲ့ ကရင်အမျိုးသားနေ့၊ ချင်းအမျိုးသားနေ့၊ ပအို့ဝ်အမျိုးသားနေ့ အခမ်းအနားတွေကို ဝန်ကြီးဌာနက ရန်ပုံငွေထောက်ပံ့ပေးခဲ့တယ်လို့ ၎င်းကဆိုပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (National Reconiciliation and Peace Centre – NRPC) မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်က အဖွဲ့ဝင်အဖြစ် ပါဝင်နေပေမယ့် ဝန်ကြီးဌာနကို တိုက်ရိုက်တာဝန်ပေးထားတာ ဘာမှမရှိဘူးလို့ ၎င်းက ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ဟာ မွန်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး မွန်အမျိုးသားပါတီမှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သူဖြစ်ပါတယ်။
မျက်ကွယ်ပြုခဲ့တဲ့ ပဋိပက္ခတွေ
တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်တဲ့အခါ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဟာ ဆိတ်ဆိတ်နေတတ်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေက ဆိုကြပါတယ်။

Photo-Mar Naw တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရန် ဆန္ဒထုတ်ဟောပြောနေစဉ်
အဲဒီထဲက ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကတော့ ၂၀၁၇ မှာ မွန်ပြည်နယ်က သံလွင်တံတား(ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး နာမည်ပြောင်းလိုက်တာပါပဲ။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ တည်ဆောက်ပြီး စီးခဲ့တဲ့ အဲဒီတံတားကို NLD အစိုးရ လက်ထက်၂၀၁၇ ဖေဖော်ဝါရီမှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပြောင်းပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၃ မှာ ဖွင့်ပွဲလုပ်မယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက မွန်ပြည်နယ်အစိုးရကို အကြောင်းကြားလာခဲ့ပါတယ်။
အရင်ကတည်းက တံတားနာမည်ရှိထားပြီးသားဖြစ်ပေ မယ့် အခုမှ နာမည်သစ်ပေးဖွင့်ပွဲလုပ်ပြီး ဆိုင်းဘုတ်တင်ဖို့ လုပ်တာပါ။ မွန်အမျိုးသားပါတီဟာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပြီး တံတားအမည်ပြောင်းတာဟာ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးနဲ့ အမျိုးသားပြည်လည်သင့်မြတ်ရေးကိုထိခိုက်နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ တံတားဖွင့်ပွဲရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မှာ တက်ကြွလှုပ်ရှားသူတွေစုပေါင်းပြီး မွန်လူမျိုးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းတာမဟုတ်ကြောင်းနဲ့ တံတားအမည်ပြောင်းမယ်ဆိုရင်လည်း မွန်အမျိုးသား ခေါင်းဆောင်တစ်ဦးဦးရဲ့ နာမည်ကိုပဲ ပြောင်းသင့်ကြောင်း သမ္မတရုံးနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာပို့ခဲ့ပါတယ်။
NLD ပါတီအဖွဲ့ဝင်၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ကိုယ်စားပြု၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ဖေဖော်ဝါရီ ၂၈ ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗဟိုအစိုးရက ဆုံးဖြတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့အမည်ကိုသာ သဘောတူကြောင်း အဆိုပြုဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် မတ် ၂ ရက်မှာ မော်လမြိုင်မြို့ထဲမှာ ဒေသခံသုံးထောင်ကျော်ဟာ ဗဟိုအစိုးရရဲ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်းနဲ့ မွန်လူမျိုးတွေကို ကိုယ်စားပြုတဲ့အမည်ကိုသာပေးဖို့ ဆန္ဒပြပွဲလုပ်ခဲ့ကြပတယ်။ မတ် ၁၄ ရက်မှာ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြရာ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကသာ အတည် ဖြစ်သွားခဲ့ပါတယ်။
မတ် ၁၈ ရက်မှာ ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်က ဒီကိစ္စဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ လုံခြုံမှုကို ထိပါးစေတယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ မတ် ၁၉ ရက် ဆန္ဒပြပွဲ မှာတော့ ဒေသခံနှစ်သောင်းကျော်ဟာ သူတို့ရဲ့အသံကို နားမထောင်တဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
ဒါပေမဲ့ ကန့်ကွက်တားမြစ်မှုတွေအားလုံးကို လျစ်လျူရှုပြီး ဧပြီ ၂၆ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့သာ ဆိုင်းဘုတ်တင်ဖွင့်ပွဲလုပ်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာ ဖြစ်ခဲ့သလိုပဲ ကယားပြည်နယ်မှာလည်း ဒေသခံတိုင်းရင်းသားတွေနဲ့ပြည်နယ်အစိုးရတို့ ပြဿနာတက်ခဲ့ ကြပါသေးတယ်။
၂၀၁၈ ဖေဖော်ဝါရီမှာ ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုဟာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မှာ တည်ဆောက်ထားရှိဖို့လုပ်ဆောင်တဲ့ကိစ္စပါ။ ၇၁ ကြိမ်မြောက် အာဇာနည်နေ့မှာ ဒီရုပ်တုဖွင့်ပွဲလုပ်နိုင်ဖို့ ပြည်နယ်ဝန်ကြီးချုပ်က စီစဉ်ထားတာပါ။
ဇူလိုင် ၃ ရက်မှာ ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် မပါဘဲ အများပြည်သူဘဏ္ဍာငွေသုံးပြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမယ့် ပြည်နယ်အစိုးရရဲ့ စီမံကိန်းကို လူထုက ကန့်ကွက်ဆန္ဒပြကြပါတယ်။
ဒီဆန္ဒပြပွဲမှာ ကရင်နီလူငယ်တွေနဲ့ ကျောင်းသားတွေ အပါအဝင် လူအယောက်တစ်ထောင်လောက်ပါဝင်ပြီး ကယားပြည်နယ် လွှတ်တော်ဘေးမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဘာကြောင့် လက်မခံနိုင်တာလဲဆိုတာကို ဟောပြောကြပါတယ်။
အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားသုံးဖြိုခွင်းတာကိုခံခဲ့ရပြီး ဆန္ဒပြသူတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်ဆန္ဒပြပွဲ ဦးဆောင်သူလူငယ် ကိုးဦးဟာ ငြိမ်းစုစီဥပဒေဖောက်ဖျက်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ တရားစွဲဆိုခံရပါတယ်။
ဒီလိုဖြစ်ရပ်တွေကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ်ဟာ ဆန္ဒပြသူတွေနဲ့ ညှိနိူင်းဖို့ ဇူလိုင် ၁၆ ရက်မှာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံစည်းဝေးခဲ့ပါတယ်။ နောက်ထပ်ဆန္ဒပြ ဆူပူမှုတွေကို ရပ်တန့်ဖို့ စစ်တပ်ကိုသုံးရလိမ့်မယ်လို့ အကျိုးအကြောင်းမခိုင်လုံဘဲ ၎င်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုဒေသခံတွေက သဘောမတူရင် အစီအစဉ်ပယ်ဖျက်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါကြောင့် ဒေသခံတွေက လက်မခံကြောင်းပြသနိုင်ဖို့ ဇူလိုင် ၁၇ ရက်မှာ ရုပ်တုကို လက်မခံနိုင်သူတွေရဲ့ လက်မှတ်ကို မြို့နယ်ခုနစ်ခုမှာ စတင်ကောက်ခံခဲ့ပါတယ်။
ဒါပေမဲ့ သုံးကြိမ်မြောက်တွေ့ဆုံတဲ့ ဇူလိုင်နောက်ဆုံးပတ် အစည်းအဝေးမှာတော့ ပြည်နယ်အစိုးရဟာ ကရင်နီလူငယ်တွေ တင်သွင်းတဲ့လက်မှတ်တွေကို တရားမဝင်ဘူးလို့ဆိုကာ လက်မခံခဲ့ပါဘူး။
၂၀၁၉ ဇန်နဝါရီ ၂၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စိုက်ထူဖို့ ရည်ရွယ်ထားတဲ့ ကန္တာဟေဝန်ပန်းခြံထဲကို သယ်ယူ လာပါတယ်။ ဒီအခါမှာလည်း ကရင်နီလူထုဟာ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြကြပြန်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာတော့ ဆန္ဒပြပွဲဦးဆောင်သူကရင်နီလူငယ်တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ အယောက် ၂၀ လောက်ကိုလည်း ငြိမ်းစုစီပုဒ်မ ၂၀ နဲ့တရားစွဲဆိုခဲ့ပါတယ်။
ကရင်နီလူထုက ဘယ်လိုပင်ကန့်ကွက်စေကာမူ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုဖြစ်မြောက်ရေးကော်မတီက ရုပ်တုဖွင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပခဲ့ပါတယ်။
ဒီလိုထင်ရှားတဲ့ပဋိပက္ခဖြစ်ရပ်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့အစိုးရကြားမှာ ယုံကြည်မှုပျက်ပြားစေတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ လေ့လာအကဲခတ်သူတွေက ရှုမြင်ကြပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဟာ အထက်ပါ အငြင်းပွားစရာကိစ္စတွေမှာ ဘာတစ်ခုမှ ပါဝင်ညှိနှိုင်းဆောင်ရွက်တာ မတွေ့ခဲ့ရဘူးလို့ လေ့လာအကဲခတ်သူတွေက ပြောပါတယ်။
မပါဝင်ရတဲ့အကြောင်းရင်းကတော့ လူမျိုးရေးကိစ္စကို နိုင်ငံရေးလမ်းကြောင်းပေါ် ဆွဲတင်လာတာဖြစ်တဲ့အတွက် လုပ် ရကိုင်ရခက်တာကြောင့်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပြောပါတယ်။ “ကရင်အာဇာနည်ဆို စောဘဦးကြီးကိုပဲ အသိအမှတ်ပြုတော့မှာလား။ မန်းဘခိုင်တို့၊ မန်းဝင်းမောင်တို့ကိုရော အသိအမှတ် မပြုတော့ဘူးလား။ ဒါမျိုးကိုဆိုလိုတာ” လို့ သူရဲ့ ကိုယ်ပိုင်အမြင်ကို ဥပမာပေးရှင်းပြပါတယ်။
ကရင်အာဇာနည်နေ့အခမ်းအနားဦးဆောင်ကျင်းပသူ စောဂျော်ကြီးကတော့ လူမျိုးတစ်မျိုးရဲ့ အာဇာနည်ဟာ ကိုယ့်လူမျိုးက ကိုယ့်ဘာသာကိုယ်သတ်မှတ်တာသာဖြစ်ပြီး အာဏာပိုင်က ဝင်ရောက်စွက်ဖက်ပိတ်ပင်စရာမလိုဘူးလို့ ပြောပါတယ်။
ခုလိုဝင်ရောက်စွက်ဖက်ပိတ်ပင်တဲ့အခါ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးကိုယ်တိုင် ပါဝင်လာတာကြောင့် “အထက်ရဲ့ ဖိအားပေးမှုကို မလွန်ဆန်နိုင်တဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကျွန်တော်တို့ ဧရာဝတီတိုင်းအတွက်တော့ အဆင်မပြေဘူး” လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
ဝန်ကြီးဌာနအတွက် အကြံပြုချက်
အမေရိကန်ပြည်ထောင်စု၊ မြောက်ပိုင်း အီလီနွိုင်းတက္ကသိုလ် ကမ္ဘာ့ဘာသာစကားနှင့်ယဉ်ကျေးမှုဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသရဖီသန်းက လူတစ်ယောက်ဟာ သူဘာလူမျိုးဖြစ်တယ်လို့ ခံယူလာတာဟာ လူမျိုးရေးသက်သက်မဟုတ်ဘဲ နိုင်ငံရေးလည်း ဖြစ်တယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးမှာ လူမျိုးရေးပေါ် အခြေခံပြီး တန်းတူ ဆက်ဆံမခံ ရရင် အဲဒီလူမျိုးတွေဟာ မိမိရဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာကို ပြန်လည်ဖော်ထုတ်နေတာမျိုး ဖြစ်တတ်တယ်လို့ သူကဆိုပါတယ်။
သူ့အနေနဲ့တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနဟာ ပေါ်ပေါ်ထင်ထင် မတွေ့ရတဲ့အတွက် ရှိနေမှန်းတောင် သတိမထားမိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်ပြီး ကရင်အာဇာနည်နေ့ကျင်းပခွင့်ကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်တိုင်က ပိတ်ပင်တာမျိုးဟာ အင်အားကြီး လွှမ်းမိုးထားတဲ့လူမျိုးကိုသာ ဗဟိုပြုပြီး တခြားလူမျိုးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ထားတဲ့သဘောမျိုးဖြစ်သွားစေတယ်လို့ သူက ရှင်းပြပါတယ်။
“လူမျိုးရေး၊ နိုင်ငံရေးနဲ့ယဉ်ကျေးမှုက ခွဲလို့မရနိုင်ဘူး” လို့ သူက ပြောပါတယ်။
တိုင်းရင်းသားအရေးလေ့လာသူ၊ သုတေသီ ဦးမောင် မောင်စိုးက တိုင်းရင်းသားအခွင့်အရေးလို့ဆိုရာမှာ ကိုယ်ပိုင် အမှတ်လက္ခ္ခဏာတွေ၊ သယံဇာတခွဲဝေမှု၊အခွန်ဘဏ္ဍာခွဲဝေမှု၊ အာဏာခွဲဝေမှုစတာတွေဟာ ထည့်သွင်းစဉ်းစားရမယ့် အရာ ဖြစ်ပြီး “တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနဟာ ဒီလို အနှစ်သာရရှိတဲ့ကိစ္စတွေကို လုပ်နေတာကို မမြင်ရတဲ့အတွက် လူမသိတဲ့ ဝန်ကြီးဌာနလို ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။
ကရင်လူမျိုးတွေရဲ့ ကရင်အာဇာနည်နေ့ အသုံးအနှုန်းကို တိုင်းရင်းသားရေးရာဝန်ကြီးက အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ပိတ်ပင်ရတာ၊ ဦးဆောင်သူတွေကိုတရားစွဲဆိုထောင်ဒဏ်ချမှတ် တာတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။
ဒါဟာအစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင်ထားတဲ့ တိုင်း ရင်းသားတွေကြားမှာ ယုံကြည်မှုပျက်ပြားစေပြီး အရင်းအမြစ်ဖြစ်တဲ့ စဉ်းစားတွေးခေါ်ယူဆချက်တွေ မတူညီတာကို လှစ်ဟ ပြလိုက်တာပဲလို့ ၎င်းကပြောပါတယ်။
ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတာကာဆက်ဆံရေးဌာနမှာ ပြည်သူ့ရေးရာမူဝါဒနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ဘာသာရပ်တွေကို သင်ကြားပို့ချပေးနေသူ ပါမောက္ခဒေါက်တာခင်မမမျိုးက တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်တဲ့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးရေးရာ မူဝါဒကို စနစ်တကျရေးဆွဲချမှတ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးစုပဋိပက္ခဟာ လူ့အဖွဲ့အစည်းထဲက သာမန်လူတွေကြားထဲမှာဖြစ်တာနဲ့ အုပ်ချုပ်သူ လူတန်းစားအစိုးရကြားမှာ ဖြစ်တာမျိုး နှစ်မျိုးစလုံးကို တွေ့နေရတယ်လို့ သူကရှင်းပြပါတယ်။ ဒါဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ရှိရမယ့်ယုံကြည်မှုတွေကို ပျက်ပြားစေတယ်လို့ သူက ပြောပါတယ်။

Photo-PKPF’s Facebook Page ကရင်နီလူငယ်သပိတ်စခန်းဖြိုခွင်းခံရစဉ်
ဒါပေမဲ့ တိုင်းရင်းသားလူမျိုးစုပဋိပက္ခတွေရှိတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးရေးရာ မူဝါဒရေးဆွဲထားတာကို မတွေ့ရသေးဘူးလို့ ၎င်းကပြောပါတယ်။ တိုင်းရင်းသားလူမျိုးရေးရာ မူဝါဒဆိုတာ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ ပဋိပက္ခတွေ မဖြစ်ပွားအောင် တန်းတူညီမျှခံစားရဖို့ မူဝါဒ ရေးဆွဲထားတာကို သူက ဆိုလိုတာပါ။
အဲဒီအထဲမှာလူမျိုးစုတွေရဲ့တိုင်းပြည်ပေါ်အခြေပြုတဲ့ ဆန္ဒနဲ့ မိမိလူမျိုးတစ်မျိုးတည်းကိုသာ အခြေပြုတဲ့ဆန္ဒကို ဟန်ချက်ညီအောင်ထိန်းနိုင်ဖို့ မူဝါဒချမှတ်ထားတာတွေ ပါဝင်တယ်လို့ သူကဆိုပါတယ်။ ဒါကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေနဲ့ ရေးဆွဲပြဋ္ဌာန်းကျင့်သုံးသင့်တယ်လို့ သူကအကြံပြုပါတယ်။
ပါမောက္ခဒေါက်တာသရဖီသန်းက အစိုးရက ပုံဖော်လိုတဲ့ စာပေ၊ ယဉ်ကျေးမှုလုပ်ချင်ရုံသက်သက်နဲ့ ဝန်ကြီးဌာနတစ်ခု ဖွဲ့စည်းစရာမလိုဘဲ “တိုင်းရင်းသားတွေကိုယ်တိုင်က လိုလားတဲ့ အခွင့်အရေးတွေကို ကာကွယ်မပေးနိုင်ရင်၊ လုပ်မပေးနိုင်ရင် ဘတ်ဂျက်တွေ ကုန်တာပဲရှိလိမ့်မယ်”လို့ သူက ဝေဖန်ပါတယ်။
#feature

