မောင်ဥယျာဉ်ရေးသည်။
မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ အမေ့ခံဖြစ်ပါသည်။
အခုလို မိုးတွေတဖွဲဖွဲကျတဲ့ သိဟ်ရာသီရောက်တိုင်း မှောင်မည်းအေးစက်တဲ့အတိတ်တွေကို သတိမရချင်ဘဲ သတိရနေမိတယ်။ လူတိုင်းမှာ အတိတ်တွေ ကိုယ်စီ ရှိကြတယ်။ တချို့အတိတ်တွေက ရွှေထီးဆောင်းခဲ့တဲ့ အတိတ်တွေဖြစ်ပြီး အတိတ်အချို့ကတော့ ဘယ်တော့မှ ပြန်မသွားချင်တော့တဲ့ အတိတ်ခါးခါးတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့အားလုံးမှာ အတိတ်ခါးခါးတွေ ကိုယ်စီရှိခဲ့ကြဖူးတယ်။ အတိတ်ခါးခါးတွေကြောင့်ပဲ ရှင်လျက်နဲ့ ဝေးကွာခဲ့ရသလို တချို့လည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးရှည်ကြီးဆီ ထွက်ခွာသွားကြပြီ။
မှောင်မည်းစိုထိုင်းတဲ့ ဝန်းကျင်က အလွမ်းဓာတ်ခံရှိသူကို လွမ်းအောင်ဖန်နေတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က အဖြစ်တွေဟာ ဒီနေ့ထိ စွဲစွဲထင်ထင် ရှိနေတုန်းပဲ။ ကျွန်တော်တို့အားလုံး ခွဲတမ်း၊ ဦးရာလူ၊ ပါမစ် စတဲ့ စနစ်ဆိုးကြီးကို ခါးစည်းခံခဲ့ရတဲ့အပြင် ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ ငွေစကြေးစလေးတွေဟာ တစ်စုံတစ်ယောက်ရဲ့ အမိန့်အာဏာအောက်မှာ တရားမဝင်ငွေကြေးအဖြစ် ကြေညာခြင်းခံခဲ့ရတယ်။
တိုင်းပြည်လည်း ဆင်းရဲတွင်းနက်ခဲ့ပြီး လူမွဲနိုင်ငံအဖြစ် စာရင်းသွင်းခြင်း ခံလိုက်ရတော့တယ်။ ဒီလိုနဲ့ပဲ လူထုရဲ့ အထွေထွေအကျပ်အတည်းတွေက အရေးတော်ပုံကြီးအတွက် တွန်းအားဖြစ်စေခဲ့တယ်။ ဒီတော်လှန်ရေးကြီးက လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ခေတ်ပြောင်းတော်လှန်ရေးကြီး ဖြစ်တယ်။ မလိုသူတွေက မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ မင်းမဲ့စရိုက်ဆန်တဲ့ အရေးအခင်းအဖြစ် ပုံဖျက်ခဲ့ကြတယ်။ လူထုအရေးတော်ပုံကြီးကြောင့် နှစ်လအတွင်း မင်းသုံးဆက်ပြုတ်အောင် အပြုတ်တိုက်နိုင်ခဲ့ကြပေမယ့် တော်လှန်ရေးပန်းတိုင်အထိ မရောက်နိုင်ခဲ့ကြဘူး။
အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ချက်တွေအောက်မှာ ပြည်သူတွေ အိပ်မက်ဆိုး မက်ခဲ့ကြရတယ်။ အဆိုးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကာလရှည်ကြာရှိခဲ့တဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားခဲ့ရတာပါပဲ။ ဘယ်သူ့ကိုမှ မယုံကြည်ရဲလောက်အောင် အထီးကျန်ခဲ့ကြတယ်။ နံရံအားလုံးမှာ နားတွေရှိခဲ့တဲ့ အတိတ်ကာလတွေ။ တေးရေး ဝင်းမင်းထွေးရေး ပြီး ချစ်ကောင်းသီဆိုခဲ့ဖူးတဲ့ ‘ကိုယ်တိုင်ရေးပုံတူ’သီချင်းလိုပါပဲ။
နံရံအားလုံး *** နားတွေရှိရင်*** ဘဝကို သီချင်းလုပ် ဆိုချင်တယ်*** ဘဝရဲ့အစဟာ *** အချစ်တဲ့လားကွယ်*** အချစ်နဲ့ *** ဆုံးနိုင်ဖွယ်ရာ မမြင် *** ဓာတ်ပြားချပ်တစ်ခုလို *** ဘဝပေါ်မှာ *** အပ်ကြောင်းထပ်ခဲ့ပြီ *** အချစ်ဆိုတာ*** ချစ်ဖူး တယ် *** ချစ်ဖူးတယ် *** ချစ်ဖူးတယ် *** အို မလွယ်ဘူး *** ရူးနိုင်တယ်

နံရံအားလုံး နားတွေ ရှိနေတယ်လို့ အယုံသွင်းထားခံရမှတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ယုံကြည်လို့ မရနိုင်အောင် ဖြစ်ခဲ့ကြတယ်။ လက်ဖက်ရည်ဆိုင်ထိုင်လို့မှ တစ်ယောက်နဲ့တစ်ယောက် စကားကျယ်ကျယ် မပြောရဲခဲ့ကြဘူး။ အဲဒီအချိန်က ရေဒီယိုနားထောင်တယ်ဆိုတာ သူပုန်သူကန်တွေသာ လုပ်ကြတဲ့အလုပ်။ အရာရာဟာကန့်သတ်၊ အတွင်းရေး၊ ထိပ်တန်း လျှို့ဝှက်တွေနဲ့ချည်း တုပ်နှောင်ထားခံကြရတော့တယ်။ အရပ်ထဲမှာ ညပိုင်း စက်ဘီးတစ်စီးနဲ့ လည်ရောင်းတဲ့ ဌာပနာထုပ်သည်ကို မယုံရဲဘူး။ ကျွဲခေါင်းသီးပြုတ်သည်လာရင် အိမ်ထဲကချောင်းကြည့်ပြီး ပြောလက်စ စကားတွေ ရပ်ခဲ့ကြတယ်။ ရပ်ထဲရွာထဲ သူစိမ်းတစ်ရံတွေ ဝင်လာတဲ့အခါ ဘုမသိ ဘမသိ စိုးထိတ်ကြစမြဲ။
အခုတော့ ကျွန်တော်တို့အချင်းချင်းကြားမှာ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်မှုတွေက များသထက် များလာခဲ့တယ်။ အချင်းချင်း မယုံကြည်မှ အဆင်ပြေကြသူတွေကလည်း ရှိနေပြန်တယ်။ တကယ်တော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ကာလရှည်ကြာ ယုံကြည်ရတဲ့ လူ့အဖွဲ့အစည်းအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခဲ့တယ်။ အချင်းချင်း အပြန်အလှန် ဖေးမခဲ့ကြတယ်။ သွားစရာလာစရာရှိရင် အိမ်တံခါးသော့ခတ်ပြီး အိမ်နီးချင်းထံ သော့အပ်ခဲ့ကြသူတွေ။ ဒါပေမဲ့ အဲဒါတွေအားလုံး အခုတော့ အိပ်ရာဝင်ပုံပြင် ဖြစ်ခဲ့ရပြီ။ ယုံကြည်မှုပျက်ယွင်းတဲ့ဒဏ် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ကောင်းကောင်းကြီးခံနေကြရတယ်။
နံရံအားလုံး နားတွေရှိတဲ့ခေတ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ တာဝန်ရှိသူတွေထက် အနားပြာတွေက အာဏာငန်းဖမ်းခဲ့ကြတယ်။ စကားပြောစက်တွေ ခါးမှာချိတ်ထားသူတွေက မြေပေါ်မြေအောက် ဝဲယာ အဖျက်သမားအဖြစ် သတ်မှတ်ထားခြင်းခံရသူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးခဲ့ကြတယ်။ ကာကီ ရောင်ဝမ်းဆက်ဝတ်ပြီး နံပါတ်တုတ်ကိုင်ဆောင်ခွင့်ရသူတွေကိုလည်း ပြည်သူတွေ မျက်မုန်းကျိုးခဲ့ကြတာပဲ။ အဲဒီခေတ်က ဘောင်းဘီရှည်မြင်ရင် ကြောက်နေရတဲ့ခေတ်။ ကြောက်အောင်လည်း နည်းမျိုးစုံနဲ့ ခြောက်ထားခဲ့ကြတယ်။ ပြည်သူအများစုကြီး ခေါင်းပြားအောင် မအိပ်နိုင်ခဲ့ကြဘူး။ ဘယ်အချိန် အိမ်တံခါးကို ဘယ်သူများ လာခေါက်မလဲ စိုးထိတ်နေခဲ့ကြရတယ်။ အာဏာငန်းဖမ်းသူတွေကြောင့် နိုင်ငံရေးသရောကြီး ခိုင်းခဲ့တဲ့ ကာလတွေဆိုပါတော့။ အဲဒီကာလတွေမှာ ကျွန်တော်တို့အားလုံး တိတ်ဆိတ် ချောက်ချားနေလေ့ရှိတယ်။ တချို့မိတ်ဆွေတွေ သံကန့်လန့်ကာနောက် ရောက်ခဲ့ရပြီး တချို့သော မိတ်ဆွေတွေ နယ်စပ်မျဉ်းရဲ့ အပြင်ဘက် ရောက်ကုန်တယ်။ ဒီလိုနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ကြရာက အချို့လည်း ဘယ်တော့ဆုံနိုင်မယ်မှန်း မသိရတဲ့ သံသရာခရီးရှည်ကြီးကို ထွက်ခွာသွားကြပြီ။
ခင်မင်ရတဲ့ ကျွန်တေ့ာအသိ ဦးလေးကြီးတစ်ယောက်ရဲ့ ဖြစ်ပုံကတော့ တစ်မျိုးတစ်ဘာသာ။ သူက စာလေးဘာလေးလည်းဖတ်၊ ဟိုစပ်စပ် ဒီစပ်စပ်လည်းလုပ်တဲ့ ပါလေရာငါးပိချက် ဆိုပါတော့။ တိုတိုပြောရရင် မုန်တိုင်းအလွန်ကာလတွေမှာ သူလည်း စစ်ကြောရေးစခန်းကို ရောက်သွားပါလေရော။ အဲဒီခေတ်က သူနဲ့အတူ စစ်ကြောရေးပါသွားသူတွေ အများကြီးပဲ။ စစ်ကြောရေးထုံးစံအတိုင်း တစ်ယောက်တစ်ခန်း ခွဲထားပြီးမှ စစ်ဆေးကြတာ။ အထိုးအနှက် အကန်အကြောက် အဆိုအဆဲလေးတွေလည်း ပါတာပေါ့။ သူကတော့ ဟိုတယ်မှာ နေရသလို နေခဲ့ရပါသတဲ့။ သူ့ကို အဲဒီလိုရှယ်ထားကြောင်း ဘေးအခန်းက လူတွေသိအောင် လုပ်ပေးတယ်။ စစ်ဆေးရေးတာဝန်ရှိသူတွေက လိုအပ်တာထက် ပိုပြီးတရိုတသေ ဆက်ဆံပြကြတယ်။ သူ့ကို အပူချိန် အပူ၊ အအေးချိန် အအေး လိုလေသေးမရှိ ထားပေးတယ်။ သူနဲ့အတူ တစ်ချိန်တည်း တစ်နေရာတည်း စစ်ကြောခံရတဲ့သူတွေက သူ့ကို သစ္စာဖောက်အဖြစ် သံသယဝင်ကုန်ကြတယ်။ သံသယဝင် မယ်ဆိုလည်း ဝင်စရာ။ ဟိုတယ်မှာ ထားသလို ထားခဲ့ရုံမက သူနဲ့အတူ စစ်ဆေးခံကြရသူ အကုန်လုံး ထောင်ကျတန်းကျ ဖြစ်ပေ မယ့် သူကတော့ စစ်ကြောရေးအပြီး ထောင်မကျဘဲ အိမ်ကို တန်းတန်းမတ်မတ် ပြန်ရောက်လာခဲ့တယ်။ သူ အိမ်ပြန်လာတော့ အခြားသူတွေရဲ့ အိမ်ပြန်ခရီးလိုပါပဲ စောင့်ကြည့်ခြင်းခံရ၊ ခရီး ထွက်ရင် သတင်းပို့ရ စတဲ့အပိုအလုပ်တွေ လုပ်ကြရပြန်တယ်။ ဖောက်ပြန်ရေးသမားတချို့လို ဘာအခွင့်အရေးမှလည်း မရခဲ့ပါဘူး။ ဒါပေမဲ့ စစ်ဆေးသူတွေက လိုအပ်တာထက်ပိုပြီး သဘောကောင်းပြခဲ့ကြတယ်။ အဲဒီလို သဘောကောင်းပြတာကပဲ သူ့ကို ထောင်ချောက်အတွင်း သက်ဆင်းစေခဲ့ရတော့တာပါပဲ။ နောက်တော့လည်း ရဲဘော်ရဲဘက်တွေရဲ့ ဖယ်ကြဉ်ခြင်းခံရပြီး အိမ်တွင်းအောင်းဘဝကို ရောက်သွားခဲ့ရတယ်။ ကွယ်လွန်သွားချိန်ထိ သူ့မိတ်ဆွေတွေရဲ့ ယုံကြည်မှု ရမသွားရှာဘူး။
၁၉၉၀ ပြည့်လွန်နှစ်ကာလတွေက မြန်မာနိုင်ငံအတွက် ထိတ်လန့်သွေးပျက်ဖွယ် ကာလတွေပါပဲ။ အချင်းချင်းကြားမှာရှိတဲ့ မယုံကြည်မှုတွေက ဘယ်တုန်းကနဲ့မှ မတူအောင် များပြားခဲ့တယ်။ ယုံကြည်မှုပျက်သုဉ်းပြီဆိုမှဖြင့် ဘဝဟာ နေပျော်စရာ မကောင်းတော့ဘူး။ အရာရာကို လုံခြုံရေးအဖြစ် သဘောထား ပြီး ကိုယ့်စည်း ကိုယ့်ဘာသာ အထပ်ထပ် တားလိုက်ကြတော့ တယ်။ ဘယ်သူ့ဘယ်သူမှ မယုံကြည်ရဲတော့ဘူး။ အချိန်ကလည်း ညီအစ်ကို မသိတသိ။ အရာရာဟာ ဒွေးရောယှက်တင် ဖြစ်လွန်းလှတယ်။ အဲဒီကာလမှာ အခွင့်အရေးတစ်စုံတစ်ရာအတွက် သတင်းပေးသတင်းယူတွေက မိုးဦးကျ မှိုပွင့်တွေထက် ပေါခဲ့တယ်။
တစ်ခါတစ်ရံ ဘယ်တော့မှ ပြန်ဆုံဖို့ မသေချာတော့တဲ့ လူတွေအကြောင်းတွေးရင်း ဝမ်းနည်းကြေကွဲရတယ်။ အထူးသဖြင့် ဟိုးအဝေးကြီးကို ထွက်ခွာသွားကြတဲ့ နောင်တော်တွေ၊ အစ်မတော်တွေအကြောင်း စဉ်းစားမိတဲ့အခါတိုင်း ဘယ်ဘက်ရင်အုံက တဆစ်ဆစ်နာကျင်ရတယ်။ အခု နိုင်ငံရေးမိုးလေဝသ အတန်အသင့် ကောင်းလာတဲ့အခါ တချို့သူတွေ အိမ်ပြန်ရောက်လာကြ ပေမယ့် အကြောင်းကြောင်းကြောင့် ပြန်မလာနိုင်သေးတဲ့သူတွေလည်း ရှိနေတယ်။ တစ်ချိန်ချိန်မှာ ပြန်လာမှာပါလေဆိုတဲ့ မရဲတရဲ မျှော်လင့်ချက်လေး ထားမိပေမယ့် အဲဒီမျှော်လင့်ချက်လေးကလည်း သိပ်မခိုင်ကြောင်း ကိုယ့်ဘာသာသိနေခဲ့တယ်။
ချစ်ရသူတွေနဲ့ ကွေကွင်းရခြင်းသည်လည်း ဒုက္ခ၊ မချစ် မနှစ်သက်သူတွေနဲ့ ပေါင်းဖက်ရခြင်းကလည်း ဒုက္ခ၊ ဘယ်ဒုက္ခက မှ မသက်သာဘူး။ ဒုက္ခမှန်သမျှ ဆင်းရဲခြင်းပါပဲ။ ကျွန်တော်တို့ ဦးလေးအရွယ် စာရေးဆရာကျော်ဝင်းက သူတို့မျိုးဆက်ကို ‘ပျောက်ဆုံးသွားသော မျိုးဆက်’ကို ရည်ညွှန်းလေ့ရှိတယ်။ သူတို့မျိုးဆက်ဟာ စစ်နဲ့တော်လှန်ရေးကာလရှည်တွေကို ဖြတ်သန်းခဲ့ရလို့ အဲဒီလို အမည်ပညတ်တာလို့ ဆိုတယ်။ သူတို့မျိုးဆက်က တက္ကသိုလ်ကျောင်းသားအရွယ်မှာ ၇၄၊ ၇၅၊ ၇၆ အလုပ် သမားအရေးအခင်း၊ မှိုင်းရာပြည့် (၁၉၇၆) တွေ ကြုံခဲ့ရပြီး ထောင်ကျသူကျ၊ တောနဲ့တောင်ဆီ ရောက်သူရောက် ဖြစ်ကြရတယ်လို့ဆိုတယ်။ ကျွန်တော်တို့မျိုးဆက်ကို ဘယ်လိုအမည်ပေးရပါ့။ အလယ်တန်းနှစ်မှာ မဆလ၊ အထက်တန်းနှစ်မှာ နဝတ၊ တက္ကသိုလ်ကျောင်းသားဘဝမှာ နအဖ။ ပညာခေတ်လို့ တွင်တွင်အော်နေရင်း အခြေခံပညာရေးမှာ မြန်မာ့ပညာရေး မျှော်မှန်းချက်ကျောက်တိုင်တွေ စိုက်လိုက်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲလိုက်၊ လူကြီးဆိုတဲ့လူတွေ ကျောင်းတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးတဲ့အခါ မာလ်တီမီဒီယာခန်းထဲ ကျောင်းသားတွေထိုင်ခိုင်းပြီး ကွန်ပျူတာနဲ့ ပုံတွေဆွဲပြခဲ့ကြရတယ်။ တက္ကသိုလ်အဆင့်မှာလည်း ပညာရေးဝေးသည်မရှိ ဆိုပြီး တက္ကသိုလ်တွေ မြို့ပြင်ထုတ်၊ သုံးနှစ်နဲ့ ဘွဲ့ပေးတဲ့အခါလည်းရှိ၊ လေးနှစ်နဲ့ ဘွဲ့ရခဲ့ သူတွေလည်း ရှိ။ ဆရာကျော်ဝင်းက သူတို့မျိုးဆက်ကို ‘ပျောက်ဆုံးသွားသော မျိုးဆက်’ လို့ အမည်ပေးခဲ့သလို ကျွန်တော်တို့ မျိုးဆက်ကိုလည်း ‘ပျက်သုဉ်းသွားသော မျိုးဆက်’ လို့ အမည်ပေး လိုက်ချင်တော့တယ်။
ကျွန်တော်တို့ကို မဆုံဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့ကြသလဲ။ ဘာကြောင့် မဆုံစေချင်ကြတာလဲ။ မဆုံဖြစ်ခြင်းရဲ့ နောက် ကွယ်မှာ ဘယ်သူတွေ အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြသလဲ။ ဘယ်အရာတွေက ကျွန်တော်တို့အချင်းချင်း မဆုံဖြစ်အောင် ဟန့်တားထားသလဲ။ တစ်ချိန်ချိန်မှာ ဝေးကွာနေကြသူတွေ ပြန်ဆုံကြဦးမှာလား။ အိပ်မပျော်တဲ့ တိတ်ဆိတ်ညတွေမှာ မေးခွန်းတွေက ညတာပိုရှည်စေခဲ့တယ်။ ကိုယ့်ဘာသာ မေးခွန်းတွေ မေးရင်းဖြေရင်း လုံးချာလည်ခဲ့ရတာတွေလည်း ရှိတယ်။ တချို့မေးခွန်းတွေအတွက် အဖြေတိတိကျကျ မရှိမှန်းလည်း ကိုယ့်ဘာသာ သိနေခဲ့တယ်။ ဒီအခြေအနေရောက်မှတော့ ဘယ်သူ့ကိုမှလည်း အပြစ်တင်ယိုးမယ်ဖွဲ့မနေချင်တော့ဘူး။ နာကျင်ကိုက်ခဲမှုတွေအတွက်လည်း လက်တုံ့မပြန်ချင်တော့ပါဘူး။ ခွင့်လွှတ်ဖို့ လွယ်ကူပေမယ့် နှလုံးသားမှာ စွဲထင်နေတဲ့ ပုံရိပ်တွေကို မေ့ပစ်ဖို့က မလွယ်လှဘူး။
နိုင်ငံရေးသရောကြီးခိုင်းတဲ့ကာလမှာ နိုင်ငံရေးကလွဲပြီး အရာရာကို လုပ်ခွင့်သာအောင် စေတနာဆိုးနဲ့ ဖန်တီးခဲ့ကြသူတွေရှိတယ်။ လောင်းကစားနည်းတွေ ဘယ်ခေတ်နဲ့မှ မတူအောင် ပေါများခဲ့တယ်။ အရက်ဆိုင်နဲ့ ဘီယာဆိုင်တွေလည်း အထူးအထွက် တိုးခဲ့ကြတယ်။ မူးယစ်ဆေးက မြို့ကြီးပြကြီးတင်မက ကျေးလက် ဒေသအထိ ခရီးပေါက်ခဲ့ပြီ။ လောင်းကစားမျိုးစုံက မုဆိုးမရဲ့ ချွေး ခံအိတ်အထိ ရန်ရှာနေကြပြီ။ ကျွန်တော်တို့ ခပ်ငယ်ငယ်ကအထိ အရက်ဆိုတာ လူ့အဖွဲ့အစည်းရဲ့ နှာခေါင်းရှုံ့စရာ ကိစ္စရပ်အဖြစ် သဘောထားခဲ့ကြတယ်။ အရက်သောက်သူတွေကလည်း ညနေပိုင်း အလုပ်သိမ်းချိန်ရောက်မှ အရက်ဆိုင်ကို ခိုးကြောင်ခိုးဝှက် သွားသောက်ကြရတာ။ အခုတော့ မနက်မိုးမလင်းသေးဘူး၊ အရက်နဲ့ မျက်နှာသစ်ကြမယ့် လူငယ်လူရွယ်တွေက အရက်ဆိုင် တွေရှေ့မှာ ဆိုင်ဖွင့်ချိန်ကို ဇွဲနပဲကြီးကြီးနဲ့ စောင့်နေကြပြီ။ အလုပ်လုပ်နိုင်သူတွေရဲ့ လုပ်အား ဆုံးရှုံးရတဲ့အပြင် အမူးသမားရဲ့ ဝန်ထုပ်ဝန်ပိုးကိုပါ သူ့မိသားစုက ထမ်းထားကြရတယ်။ မူးယစ်ဆေး ဝါးမျိုးစုံကလည်း ပဲကြီးလှော်ဝယ်ရသလို လွယ်လွန်းလှတယ်။ အခု ဒီဒဏ်တွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်း ကောင်းကောင်းကြီးခံနေရပြီ။ ဘယ်လောက်နာကျင်ကြေကွဲဖို့ ကောင်းသလဲ။
တော်လှန်ရေးမှာ အားကြိုးမာန်တက်ပါပြီးပါမှ အကြောင်းကြောင်းကြောင့် ခရီးမတ်တတ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင် ခွာသွားကြသူတွေရှိတယ်။ ကျွန်တော် သူတို့အပေါ် နားလည်ပေးလို့ရပါတယ်။ ဒါပေမဲ့ မက်လောက်တဲ့ အခွင့်အရေး တစ်စုံတစ်ရာအတွက်နဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်သူအချို့လည်း ရှိနေ ခဲ့ပြန်တယ်။ အဲဒီဖြစ်ရပ်တွေကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အခုထိ ရှင်သန်နေဆဲ လက်မခံချင်တဲ့ အမှန်တရားတစ်ခု။
တကယ်တော့ ဟိုးအဝေးမှာ ရောက်နေကြသူတွေဟာ ငွေနောက် ကောက်ကောက်ပါအောင်လိုက်ရင်း အဝေးကို လွင့်စဉ် သွားကြသူတွေ မဟုတ်ဘူး။ တတိယနိုင်ငံတွေကို အထင်ကြီးလွန်းလို့ နေရပ်စွန့်ခွာသွားကြတာလည်း မဟုတ်ဘူး။ ကံဇာတ်ဆရာ အလိုကျ ရေခြားမြေခြား တစ်နယ်တစ်ကျေးကို ရောက်သွားကြသူတွေသာ ဖြစ်တယ်။ ကျွန်တေ့ာမှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ရွှေပြည်ကြီးက မခမ်းနားလှတဲ့ ခရိုးခယိုင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်မှာ ကျွန်တော်တို့အားလုံးဆုံပြီး အတိတ်အကြောင်းတွေကို ထွေရာလေးပါး ပြောကြဆိုကြမယ်။ အဲဒီ ပျော်ရွှင်ဖွယ်စကားဝိုင်းမှာ ရက်စက်ယုတ်မာ ကောက်ကျစ်ခဲ့ကြတဲ့ ဟိုကောင်တွေအကြောင်း မပြောကြေး။
#mawkun #magazine #chronicle #forgotten

