မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ သရော်စာဖြစ်ပါသည်။
ဗြိတိသျှကိုကိုမောင် ရေးသည်။
ကျေးရွာတွေမှာ ပြည်သူ့စစ်တွေ ခေတ်ထစဉ်ကပေါ့။
ရွာအော့ကြောလန်အေးစံဟာ ဘယ်ကဘယ်လို အကပ်ရတယ်မသိ။
ရိုင်ဖယ်တစ်လက်ရပြီး နေ့ချင်းညချင်း ပြည်သူ့စစ်ဖြစ်လာတယ်။
“ကျေးရွာကာကွယ်ရေး” လက်မောင်းပတ်ကြီးနဲ့ ရိုင်ဖယ်ကြီးထမ်းပြီး ညညဆို အေးစံတို့အဖွဲ့ကင်းလှည့်တယ်။ ကင်းလှည့်ပြီဆိုတာနဲ့ ကိုယ့်အိမ်က ကြက်တွေ၊ ဘဲတွေ လုံအောင်သာ သိမ်းကြဆည်းကြပေတော့။ တတ်နိုင်ရင် ခြင်ထောင်ထဲသာထည့်သိပ်။ အေးစံတို့လား။ မခိုးပါဘူး။ ခိုးစရာလား။ ရိုင်ဖယ်ကြီးတစ်လက်လုံးရှိနေမှပဲ။ ဟေ့၊ ကင်းသမားတွေ ညလယ်စာစားဖို့ အလှူခံတာကွာဆိုဆွဲသွား၊ ဘာပြောရမတုံး။ အေးစံလား။ သူမသိ၊ သူမတတ်၊ သူမပါတာ ရွာမှာမရှိဘူး။ ရိုင်ဖယ်တန်ခိုးနဲ့ အမျိုးဂုဏ်တွေ တိုးနေချက်လေ။ ရွာဦးကျောင်းက ဘုန်းကြီးတွေတောင် သူ့သေနတ်ဒင်စာ မိဖူးတယ်။ ရွာလမ်းမပေါ် မေတ္တာသုတ်ရွတ်လို့တဲ့။ အေးစံ အနစ်နာခံစောင့်ရှောက်တဲ့ရွာမှာ ဘေးကင်းအောင် လမ်းပေါ်ထွက် မေတ္တာသုတ်ရွတ်ကြတယ်ဆိုတာ။ ဒါ အေးစံကို စော်ကားတာဆိုပြီး ကျွေးတာ။
အလိုလေး၊ သာသနာရေးတောင် အေးစံပါမှတော့ ကျန်တဲ့စုံစီနဖာ မပြောနဲ့တော့။
ဘယ်နေရာဖြစ်ဖြစ် အေးစံရဲ့လူပါမှ အလုပ်ဖြစ်တာ။
ဖြစ်လိုက်တဲ့စီးပွား။
ရွာကလူတွေ ဖြစ်တာမဟုတ်ဘူး။ အေးစံဖြစ်တာ။
ရွာကတော့ မွဲပြာကျလို့။
စိမ်းစိမ်းမြင် အေးစံလယ်ကြီး ဖြစ်ဖြစ်ကုန်တာရယ်။
ဓားမဦးချ လယ်လုပ်တယ်ဆိုတာ ရှေးကပဲရှိတာ။
အေးစံခေတ်ကျ ရိုင်ဖယ်ဦးချလယ်၊ သေနတ်ဦးချလယ်တွေချည်း။
ခေတ်ကလည်း ပျက်ပြားသကိုး။
ရွာထဲ ပြောစမှတ်တောင်ရှိတယ်။
လသာသာ ညတွေမှာ မိသားစုတွေ ဝိုင်းဖွဲ့စကားပြောရင် အသံကျယ်ကျယ် အီးပေါက်တဲ့ကောင်ဆိုတညီတညာတည်း နာမည်ဝိုင်းပေးကြတယ်။
“အေးစံရိုင်ဖယ်”တဲ့လေ။
အပြင်မှာတော့ အီးသံမကျယ်ရဲဘဲ ကိုယ့်မိသားစုထဲပဲ အီးသံကျယ်ရဲတယ်ဆိုတဲ့သဘော။
ဒီလိုပြောသံကြားရင် အေးစံ သိပ်ဒေါသထွက်တာကလား။
သူကသာ မတရားသဖြင့်သာ ဗိုလ်ကျရင်သာနေမယ် သူ့ပြောတာဆိုတာတော့ အေးစံမကြိုက်ဘူး။
“အေးစံကို ပြေးကန်မှ ပထွေးဆန်တယ် မပြောကြနဲ့”ဆိုပြီး ကြိမ်းလည်းကြိမ်း ရွာလူကြီးလည်းတိုင်ပဲ။
ရွာလူကြီးခမျာလည်း အသက်ကြီးလို့သာ လူကြီးဖြစ်ရတယ်၊ အေးစံရိုင်ဖယ်တော့ သူလည်းကြောက်သမို့ အေးစံ မကောင်းပြောတဲ့ ရွာသားဆို ထိပ်တုံးလောက်တော့ ခတ်ပေးရတာချည်း။
အေးစံဖြစ်ချင်တာက ရှင်းတယ်။

ရွာရဲ့ ကာကွယ်ရေးခေါင်းဆောင်။ ဒီခေတ်ပျက်ကြီးထဲ သူဘာလုပ်လုပ်မှန်တယ်။
ဒီတော့ သူ့ကို ကြည်ညိုတာ ခံချင်တယ်။
လူရော စာရိတ္တရောက ဖွတ်ကျောကုန်း။ နွားချေးလူးထားသလို မတောက်ပြောင်ဘူးပဲထား။
ကျောမှာလွယ်ထားတဲ့ ရိုင်ဖယ်တန်ခိုးနဲ့ လူတွေ သူ့ရှိခိုးစေချင်၊ ကြည်ညိုစေချင်တာ။
အေးစံ ကြံတာပဲ။
ကြည်ညိုစေချင်လွန်းလို့ သူကြီးအိမ်လည်း ထိပ်တုံး ငါးခုလောက် အသစ်ထွင်းပြီး သွားပို့တာပဲ။
လူတွေကလည်း မမှတ်ဘူး။
“အေးစံ ခွေးကြံကြံသကွာ” ဆိုပြီး ထပ်ပြောကြတာပဲ။
အသံကြားတာနဲ့ အေးစံကလည်း ထိပ်တုံးကျွေးတာပဲ။
ဖြစ်နိုင်ရင် ရိုင်ဖယ်စာပါ ကျွေးချင်တာ။
အေးစံဟာ သူ့ကိုရွာက ကြည်ညိုစေမယ့်အရေး အမြဲတွေးတယ်။
ရွာဘုရားပွဲရောက်ပြီ။
ကာလသားတွေက ဗလာဆိုင်းနဲ့ အရပ်ပြဇာတ်လေး သွင်းမယ်ပေါ့။
ဒါလည်း အေးစံပါတယ်။ လူရိုသေခံဖို့ကြံတယ်။
ပြဇာတ်အတွက် စည်းဝေးနေတဲ့ ရွာသားတွေဆီ အေးစံက ရိုင်ဖယ်ကြီးနဲ့ သွားတယ်။
“ဒီရွာမှာ ဘယ်နေရာဖြစ်ဖြစ် အေးစံ မပါလို့မရဘူး။ နား လည်လား။ ဒီတော့ မင်းတို့ပြဇာတ်မှာ ငါလည်းတစ်ခန်း ဝင်ကမယ်။ လူရိုသေ ရှင်ရိုသေအခန်းကထည့်နော် ဟေ့ကောင်တွေ။ မဟုတ်လို့ကတော့”
ပြဇာတ်ရေးတဲ့သူက အေးစံအကြောင်းသိပြီးသားပဲ။
“အတော်ပဲ ကိုအေးစံ၊ ဘုန်းကြီးခန်းတစ်ခန်း လွတ်နေတယ်။ ကိုအေးစံ ဥပဓိနဲ့ဆို အတော်ပဲ။ခေါင်းတုံးတုံးနိုင်ပါ့မလား”
ဘုန်းကြီးခန်း ဆိုတော့ အေးစံ ကြွေသွားတယ်။
ဒီတစ်ခါတော့ ငါ့ကြည်ညိုကြ မအေပေးတွေလို့ စိတ်ထဲကကြိမ်းတယ်။
အနည်းဆုံးတော့ စင်ပေါ်တက်၊ သူများတွေ ကန်တော့တာ ခံရတာပေါ့။
ပြဇာတ်တိုက်ကြတော့ အေးစံမလာဘူး။
အေးစံက ဆရာကြီးပဲ။
အရာရာသိတယ်။ အရာရာတတ်တယ်။ အရာရာကျွမ်းကျင်တယ်။
ပြဇာတ်ကတာလား။ ဘုန်းကြီးခန်းလား။
ခေါင်းတုံးတုံးထားပြီလေ။ သင်္ကန်းအရုံလည်းကျင့်ပြီးသား။
ဘုန်းကြီးခန်းလေ။
ဘာတကူးတကတိုက်နေစရာလိုလဲ။
ပြဇာတ်ညရောက်ပြီ။
အေးစံ အခန်းရောက်ခါနီးတော့ အရက်သောက်ပြီး ရဲ ဆေးတင်နေတယ်။
ရွာသားတစ်ယောက်က ဆရာအေးစံ အခန်းရောက်ခါနီး ပြီလို့ ပြောတော့ အေးစံက သင်္ကန်းအဟောင်းကြီး ယူပြီး ထလိုက် လာတယ်။
ကြည်ညိုကြစမ်း၊ အဟင်း အဟင်း။
စင်ပေါ်တက်ခါနီး သင်္ကန်းရုံနေတော့ ဇာတ်ဆရာလုပ်တဲ့ ရွာသားကလာပြောတယ်။
“ကိုအေးစံ၊ အချိန်မရဘူး။ သင်္ကန်းကို သပ်သပ်ရပ်ရပ် ရုံမနေနဲ့၊ အဲဒီလောက်မလိုဘူး။ တစောင်းပတ်ပြီးသာ ထွက်သွားချေ။ ပြီးရင် ဟော့ဟိုမှာ တွေ့လား၊ စက္ကူနဲ့ လုပ်ထားတဲ့ ကတ်ပြားအဝိုင်းကြီး၊ အဲဒါကြီးကိုသာ တွန်းထည့်လိုက်”
အေးစံလာပြီ။
ကဲ၊ ကြည်ညိုကြပေတော့ဟေ့။
မီးရောင်အောက်ကို သင်္ကန်းကြီး မသပ်မရပ်ခြုံပြီး အေးစံ ထွက်လာတယ်။
ဇာတ်ဆရာပြောတဲ့ စက္ကူကတ်ပြားအဝိုင်းကြီးကို တွန်းထည့်လိုက်တယ်။
အေးစံတွန်းလိုက်တာနဲ့ စက္ကူအဝိုင်းကြီးနဲ့တန်းထားတဲ့ ကြိုးကို စင်ထောင့်က ရွာသားက ဆွဲလိုက်တယ်။
အဝိုင်းကြီးက လိမ့်ပြီး စင်အလယ်က မြတ်စွာဘုရားရုပ်ပုံ ကားချပ် ရှေ့မှာ ရပ်သွားတယ်။
အေးစံဟာ သူ့ကိစ္စပြီးသွားလို့ ပရိသတ်ဘက်ကို ဝမ်းမြောက် တည်ကြည်တဲ့ သူ့မျက်နှာကြီးလှည့်ပြီး အကြည်ညိုခံလိုက်တယ်။
ပရိသတ်ဆီက ဝေါခနဲ အသံထွက်လာတယ်။
“ဟေး … ဒေဝဒတ်ကြီးဟေ့၊ အေးစံကြီးဟေ့၊ ဒေဝဒတ် အေးစံကြီးကွ။ ဟေး … ဘုရားကို သတ်တဲ့ လူမိုက်ကြီးကွ”
ပရိသတ်က အော်ဟစ်အားပေးရုံနဲ့ အားမရတော့ဘူး။
ပြောင်းဖူးရိုးတွေနဲ့ပါ ဆော်တော့တာ။
အေးစံမျက်နှာ မည်းခနဲဖြစ်သွားတယ်။
ကြည်ညိုခံချင်လို့ ဘုန်းကြီးခန်း ဝင်ပါပါတယ်ဆိုမှ ဒေဝဒတ်နေရာက ဖြစ်နေတယ်လေ။
နောက်ရက်တော့ အောင်ခြင်းရှစ်ပါးသရုပ်ဖော်ပြဇာတ် တစ်ဖွဲ့လုံးထိပ်တုံးစာ မိပါလေရောလား။
“အေးစံကို အကြည်ညိုပျက်စေမှု” တဲ့လေ။
ဒါတောင် ပြဇာတ်ဆရာက ထိပ်တုံးခတ်ခါနီး ပြောသွားသေး။
ဘာတဲ့။
“အောက်ကလူတွေက ဒေဝဒတ်မို့မကြည်ညိုတာပါ။ကိုအေးစံကိုဆို ကြည်ညိုကြမှာပါ” တဲ့လေ။
#mawkun #magazine #chronicle #satire #kyi_nyo_kai_chin_lo

