၂၀၁၆-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၃) မှ စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။
ဇော်ထိုက် ရေးသည်။
ဆုတ်ယုတ်မှုတွေလည်း ရှိနေ
စီးပွား/ကူးသန်းအနေနဲ့ WTO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ်တွေထဲက တစ်ခုအဖြစ် ၂ဝ၁၂ မှာ စပြီးတော့ ပို့ကုန် မဟာဗျူဟာစီမံချက်(Export Strategy Plan)ကို ဆောင်ရွက် နေပါတယ်။ အဲဒီအစီအစဉ်ရဲ့ လေ့လာဆန်းစစ်မှုတွေအရ မြန်မာ နိုင်ငံအနေနဲ့ ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် ကုန်စည်အမည် ခြောက်မျိုးနဲ့ ဝန်ဆောင်မှုတစ်မျိုးကို ဦးစားပေးအမည်တွေ အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ကုန်စည်ခြောက်မျိုးကတော့ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရာဘာ၊ အထည်ချုပ်ထွက်ကုန်(ချုပ်ပြီး အထည်)ဖြစ်ပြီးတော့ ဝန်ဆောင်မှုတစ်မျိုးဆိုတာကတော့ ခရီးသွားလုပ်ငန်းပဲ ဖြစ်ပါတယ်။
၂ဝ၁၂ ကတည်းကစပြီးတော့ အဲဒီကုန်စည်အမည် ခြောက်မျိုးနဲ့ ဝန်ဆောင်မှုတစ်မျိုးတို့ကို မြှင့်တင်ဖို့ဆိုပြီးတော့ လေ့လာဆန်းစစ်မှုတွေ၊ စည်းမျဉ်းစည်းကမ်းဖြေလျှော့မှုတွေ လုပ်လာခဲ့တာ အခုဆိုရင် သုံးနှစ်လောက်ရှိပါပြီ။ ဒီကြားထဲမှာ လည်း ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံကို အရင် က တင်းကျပ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ချပေးနေ ပါတယ်။
ဒါပေမဲ့ အဲဒီ ဦးစားပေးကုန်စည်တွေကိုပြည်ပတင်ပို့တဲ့နေရာမှာ ထူးထူးခြားခြားတိုးတက်လာမှုတော့မရှိသေးတဲ့အပြင် ရေထွက်ကုန်တင်ပို့မှုတန်ဖိုးဆိုရင် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၆၇၅ ဒသမ ၃ ရှိရာကနေ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာ နှစ်မှာ ကန်ဒေါ်လာ ၄၂ဝ ဒသမ ၇ သန်းဖိုးပဲ တင်ပို့နိုင်ပါတော့ တယ်။ တစ်နှစ်အတွင်း ၄ဝ ရာခိုင်နှုန်းနီးပါး ပြန်လည် ကျဆင်း သွားပါတယ်။
ပြည်ပကိုဆန်တင်ပို့တဲ့ပမာဏက ဦးသိန်းစိန်အစိုးရလက် ထက်မှာ ၄၆ နှစ်အတွင်း အများဆုံးစံချိန်၊ ၄၈နှစ် အတွင်း အများ ဆုံးစံချိန်ဆိုတာတွေကို ရောက်တဲ့အထိ တိုးတက်လာတယ် ဆို ပေမယ့် တကယ့်တိုးတက်မှုလို့ပြောဖို့အတွက် အငြင်းပွားဖွယ် အခြေအနေရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကနေ ဆန်ကို ပြည်ပ တင်ပို့မှုက ဒီလိုမျိုးတစ်ဟုန်ထိုးမြင့်တက်လာတာက အရည် အသွေးတိုးတက်လာလို့၊ ဈေးနှုန်းအရနိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်လာလို့ စတဲ့ ကုန်သွယ်မှုတိုးတက်ရေး ဆိုင်ရာ လိုအပ်ချက်တွေကြောင့်မဟုတ်လို့ပါပဲ။
ဆန်တင်ပို့မှု တစ်ဟုန်ထိုး မြင့်တက်သွားတာက မူဆယ် နယ်စပ်ကနေ တရုတ်နိုင်ငံကို မှောင်ခိုတင်ပို့တဲ့ ဆန်ဈေးကွက်က ၂ဝ၁၂ နှစ်လယ်ပိုင်းကစပြီးတော့ ရုတ်တရက် ဝယ်လိုအား တစ် ဟုန်ထိုးမြင့်လာတာကြောင့်ပဲဖြစ်ပါတယ်။ အဲဒီလို မူဆယ်ကနေ တရုတ်ကိုတင်ပို့တဲ့ ဆန်ပမာဏက မြန်မာနိုင်ငံရဲ့တစ်နှစ်စာ ဆန်တင်ပို့မှုပမာဏစုစုပေါင်းရဲ့ ၆ဝ ရာခိုင်နှုန်းအထိ ရှိနေတာကြောင့် သာ ဆန်တင်ပို့မှုပမာဏက အရင်ကထက် အများကြီးပိုလာတာ ဖြစ်ပါတယ်။
အပေါ်မှာတင်ပြခဲ့သလို မြန်မာနိုင်ငံရဲ့နိုင်ငံတကာကုန် သွယ်ရေးကဏ္ဍမှာ ကုန်စည်အမည်အများကြီး မဆိုထားနဲ့၊ ဦးစားပေးမယ်လို့ အထူးမဟာဗျူဟာတွေချမှတ်ဆောင်ရွက်နေ တဲ့ ကုန်စည်အမည် လက်တစ်ဆုပ်စာတောင်မှ ဘာဖြစ်လို့ မှန်မှန် ကန်ကန် တိုးတက်ရိပ်ပြမလာရသေးတာလဲဆိုတာနဲ့ ပတ်သက် ပြီး မော်ကွန်းက WTO ကို မေးမြန်းခဲ့ပါတယ်။
ဌာနမှူး မာရီယိုမူဆာက ဒီလိုဖြစ်ရပ်မျိုးက ဖွံ့ဖြိုးမှုနိမ့်ကျ တဲ့ နိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ရောက်အောင် ကြိုးပမ်းတဲ့အခါတိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဖြစ်ရပ်မျိုးလို့ ဆိုပါတယ်။
LDC နိုင်ငံတွေကို နိုင်ငံတကာဈေးကွက်ထဲ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ သူတို့ကုန်ပစ္စည်းနဲ့ဆက်စပ်တဲ့ ဈေးကွက်တွေ အတွက် အထူးအခွင့်အရေးတွေကိုလည်း နိုင်ငံတကာအသိုင်း အဝိုင်းက ပေးကြတယ်။ ဒါပေမဲ့ ဒါက တစ်ကဏ္ဍ၊ နိုင်ငံတကာ ဈေးကွက်မှာ အရည်အသွေးကို အထူးအလေးပေးတဲ့ကိစ္စက တစ်ကဏ္ဍပဲ။ အထူးအခွင့်အရေးပေးတယ်ဆိုတာ ကုန်ပစ္စည်း တွေကို လာရောက်ရောင်းဝယ်ဖို့ ခွင့်ပြုတယ်ဆိုတဲ့အဆင့်ပါပဲ။ ဒါပေမဲ့ အဲဒီကုန်ပစ္စည်းတွေက အရည်အသွေးတန်းဝင်အောင် လုပ်စရာတွေအများကြီးရှိနေသေးတဲ့အတွက် စားသုံးသူတွေက လက်တွေ့မှာ မဝယ်ယူကြသေးဘူး။ ခင်ဗျား (မော်ကွန်း)တို့ ပြောတဲ့ ရေထွက်ကုန်ကိစ္စဆိုရင် ဒါက အရည်အသွေးနဲ့အရမ်းဆိုင်တယ် လို့ပြောရမယ်”လို့ မာရီယိုမူဆာက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒေါက်တာမောင်အောင်က ”ရေထွက် ကုန်ရဲ့ပြဿ နာက အခုလုပ်နေတာတော်တော်များများက သဘာဝကနေ ဖမ်းပြီးလုပ်တာ များတယ်။ မွေးတာက မဖွံ့ဖြိုး သေးဘူး။ နည်းနည်းပါးပါးတော့ရှိတယ်။ ဘာက ပြဿနာရှိနေလဲ ဆိုရင် တိရစ္ဆာန်အစာက အရမ်းဈေးကြီးနေတယ်။ အဲဒီတော့ တွက်ခြေမကိုက်ဘူး။ အဲဒါကြောင့် အခုဒေါ်လာဈေးတက်နေတာ တောင် ရေထွက်ကုန်က အခြေအနေ သိပ်မကောင်းသေးတာ။ အခုမှ တွက်ခြေကိုက်ခါစရှိသေးတာ။ လုပ်ရမှာက မွေးတဲ့ဟာကို ဖွံ့ဖြိုးအောင် လုပ်ရမှာ။ အကုန်လုံးကချိတ်နေတာ။ ဘက်ပေါင်း စုံက ဖြေရှင်းမှရမှာ။ ကုန်သွယ်ရေးရယ်၊ ရင်းနှီးမြှုပ်နှံမှုရယ်၊ ဝန်ဆောင်မှုရယ်၊ အိုင်တီကလည်း ချိတ်နေတာပေါ့”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ်ဆိုတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးနယ်ပယ်မှာ ကုန်သည်အသိုင်း အဝိုင်းရဲ့ ဝေဖန်မှုပြင်းထန်တဲ့ ကိစ္စရပ်တွေလည်း ဖြစ်ပေါ်နေတာ တွေရှိပါတယ်။ အဲဒါကတော့ မဟာဗျူဟာချမှတ်ပြီး ဦးစားပေး ပို့ကုန်အဖြစ် သတ်မှတ်ဆောင်ရွက်နေတဲ့ ရေထွက်ကုန်နဲ့ ဆန် တွေက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို ပြန်ဝင်နေတဲ့ ဖြစ်ရပ် တွေပဲဖြစ်ပါတယ်။ ထိုင်းပုစွန်တွေ ရန်ကုန်ဈေးကွက်အထိ ဝင်နေတာနဲ့ ထိုင်းဆန်တွေရန်ကုန်ဈေးကွက်အထိ ဝင်နေတယ်ဆိုတဲ့ အပေါ် စီးပွား/ကူးသန်းကိုမေးမြန်းရာမှာတော့ ဒေါက်တာမောင် အောင်က ဒီဖြစ်ရပ်တွေက အမှန်ဖြစ်ကြောင်း ဝန်ခံပါတယ်။
ဒါနဲ့ပတ်သက်ပြီးတော့ ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုး သူရအေးက ”ဈေးမြင့်တဲ့ဆီကို နိမ့်တဲ့ဆီက ကုန်စည်တွေ ဝင်တယ်ဆိုတာတော့ တားဖို့ခက်တယ်။ ရေရှည်မှာ ဒါတွေနဲ့ပတ် သက်ရင် ကိုယ့်နိုင်ငံရဲ့ စီးပွားရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒက ဘာလဲဆိုတာနဲ့ ယှဉ်ပြီး ကိုင်တွယ်ရမှာပေါ့”လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။
လက်လျှော့လိုက်ရတဲ့ စီမံချက်
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဆောင်ရွက်တဲ့ ကုန်သွယ် ရေးပြုပြင်ပြောင်းလဲမှုတွေအနက် မြန်မာနိုင်ငံထဲကို တရားမဝင် တင်သွင်းနေတဲ့ ကုန်ပစ္စည်းဈေးကွက်ကို တရားဝင်ဖြစ်အောင် ပြောင်းလဲဖို့ ကြိုးပမ်းခဲ့တဲ့ စီမံချက်တစ်ခုလည်း အပါအဝင် ဖြစ်ပါ တယ်။ အဲဒီစီမံချက်ကို စီးပွား/ကူးသန်းကဦးစီးပြီး အခြားဝန်ကြီး ဌာနတွေပါ ပါဝင်တဲ့ Mobile Team ဆိုတဲ့ တရားမဝင်ကုန်သွယ် မှုရွေ့လျားထိန်းချုပ်ရေးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်ခဲ့တာပါ။
၂ဝ၁၂ နှစ်ဆန်းပိုင်းမှာ စီးပွား/ကူးသန်းရုံးချုပ်(နေပြည် တော်ရုံးအမှတ်-၃)မှာ ကျင်းပတဲ့ပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သူ့လက်ထက်မှာကုန်သွယ်ရေးတွေတိုးတက်အောင် လုပ်မယ်၊ စီးပွားရေးတွေ တိုးတက်အောင်လုပ်မယ်လို့ ပြောရင်း တစ်လက်စတည်းမှာပဲ တရားမဝင်ကုန်သွယ်မှုတွေကို တားဆီး နှိမ်နင်းမယ်လို့ စတင်ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာပြီး လပိုင်းအကြာမှာပဲ စီးပွား/ကူးသန်းက တရားဝင်သတိပေးကာလသတ်မှတ်ထုတ်ပြန်ပါတယ်။ အဲဒီ နောက်ပိုင်းမှာ Mobile Team ရဲ့လုပ်ငန်းတွေကို စတင်ခဲ့တာဖြစ်ပါတယ်။
အဲဒီကာလမှာ စီးပွား/ကူးသန်းကတာဝန်ရှိသူတွေ တရား ဝင်ဝန်ခံပြောဆိုခဲ့တာတစ်ခုက မြန်မာနိုင်ငံက တရားဝင်ဖော်ပြ နေတဲ့ အိမ်နီးချင်းနိုင်ငံအချို့နဲ့ ကုန်သွယ်မှုပြုလုပ်နေတဲ့ ကိန်း ဂဏန်းပမာဏတွေနဲ့ အဲဒီအိမ်နီးချင်းနိုင်ငံတွေက တရားဝင် ဖော်ပြတဲ့ မြန်မာနိုင်ငံနဲ့ကုန်သွယ်တဲ့ ကိန်းဂဏန်းပမာဏတွေ ဟာ ကွာဟမှုကြီးမားနေတယ်ဆိုတာပဲဖြစ်ပါတယ်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာနလက်အောက်က ဌာနတစ်ခုဖြစ်တဲ့ ဗဟိုစာရင်းအင်းအဖွဲ့ (Central Ststistical Organization – CSO )က ထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရ ၂ဝ၁၄ မှာ မြန်မာနိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ရဲ့ ကုန်သွယ်မှုပမာဏ(ပို့ကုန်+သွင်းကုန်)က အမေရိကန် ဒေါ်လာသန်းပေါင်း ၅,၃၂၂ ဒသမ ၉၃ ဖြစ်ပါတယ်။
ဒါပေမဲ့ http://globaledge.msu.edu/countries/thailand/tradestats ဆိုတဲ့ ထိုင်းနိုင်ငံနဲ့ သူ့ရဲ့ ကုန်သွယ်ဘက် နိုင်ငံတွေရဲ့ ကုန်သွယ်မှုပမာဏကို ထုတ်ပြန်တဲ့ ဝက်ဘ်ဆိုက် တစ်ခုမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းကတော့ ၂ဝ၁၄ မှာ ထိုင်းနဲ့ မြန်မာရဲ့ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာသန်းပေါင်း ၈,၁၅၅ ဒသမ ၈၃ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ကိန်းဂဏန်းနှစ်ခုရဲ့ကွာဟမှုကိုကြည့်ပြီး ဘယ်ဘက်က အမှန်နဲ့ပိုပြီး ကင်းကွာတယ်ဆိုတာကို သက်သေမပြနိုင်ပေမယ့် ဒီလို ကွာဟမှုဖြစ်ပေါ်နေတာက မှောင်ခိုကုန်သွယ်မှုရှိနေတာ ကြောင့်ပဲဆိုတာ သက်သေပဲဖြစ်ပါတယ်။
မြန်မာနဲ့ ထိုင်း ကုန်သွယ်မှုကိန်းဂဏန်းများ မူကွဲနှစ်မျိုး
Mobile Team အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှု ပထမပိုင်း ကာလတွေမှာ စီးပွား/ကူးသန်းအနေနဲ့ သတင်းမီဒီယာသမား တွေကိုပါ သူတို့ရဲ့လုပ်ငန်းဆောင်ရွက်ရာနယ်မြေတွေဆီ တစ်ပါ တည်း ခေါ်ဆောင်သွားပြီး သူတို့ရဲ့လုပ်ငန်းတွေကို မှတ်တမ်း တင်စေတာတွေအထိ လုပ်ခဲ့ပါတယ်။ စီးပွား/ကူးသန်းက ကုန် သွယ်မှုတန်ဖိုးတွေတက်လာတာဟာ တရားမဝင်ကုန်သွယ်မှု တွေ တရားဝင်ဖြစ်လာတာကြောင့်လည်း ပါတယ်ဆိုပြီး သူတို့ရဲ့လုပ်ငန်းအောင်မြင်မှုရှိကြောင်း ပြောခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ Mobile Team အဖွဲ့ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကို ကုန်သည်အသိုင်းအဝိုင်းက ဝေဖန်မှုတွေရှိ လာပါတယ်။ ဒီလိုနဲ့ ၂ဝ၁၅၊ ဒီဇင်ဘာ ၃ဝ ရက်မှာ Mobile Team အဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို လုံးဝရပ်နားပြီဖြစ် ကြောင်း စီးပွား/ကူးသန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က မီဒီ ယာတွေကို တရားဝင် ထုတ်ဖော်ပြောကြားထားတာကတော့ Mobile Team အဖွဲ့ဝင်တွေကို စာနဲ့ ခြိမ်းခြောက်တာတွေ၊ လက် နက်နဲ့ ခြိမ်းခြောက်တာတွေအထိ ရှိတယ်လို့ဆိုပါတယ်။ စီးပွား/ ကူးသန်းရဲ့ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုချက်အရတော့ ၂ဝ၁၂၊ နိုဝင်ဘာကနေ ၂ဝ၁၅၊ စက်တင်ဘာအထိ မှောင်ခိုကုန် သွယ်မှု ကျပ်ဘီလီယံ ၄ဝ ကျော်ဖိုးကို Mobile Team အဖွဲ့တွေ က တားဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Mobile Team အဖွဲ့ရဲ့လုပ်ငန်းတွေ ဘာကြောင့် မအောင် မြင်ရတာလဲဆိုတဲ့ မေးခွန်းကို မော်ကွန်းအနေနဲ့ ဒေါက်တာ မောင်အောင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းခဲ့ပါတယ်။
သူက ”မအောင်မြင်တာကတော့ ဝိသမလောဘတွေပေါ့ ဗျာ။ ဒါပဲပေါ့”လို့ ဆိုတဲ့ တိုတောင်းတဲ့ ဝါကျတစ်ကြောင်းပဲ ပြန် ပြောခဲ့ပါတယ်။
ကုန်သည် ဦးမျိုးသူရအေးကတော့ Mobile Team အဖွဲ့ရဲ့ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုက ဟာကွက်တွေရှိ တဲ့အတွက် တချို့ကုန်သည်တွေက မကျေမနပ်ဖြစ်တာမျိုး ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။
”ဘယ်ပစ္စည်းကိုစစ်မလဲဆိုတဲ့ဟာကို မဲနှိုက်ပြီးရွေးတာမျိုး တွေ ရှိခဲ့တယ်။ တကယ်တော့ X-ray စက်တွေနဲ့ လုပ်ရင် ပြီးတာ ပဲလေ။ မဲနှိုက်ပြီးလုပ်တော့ဗျာ၊ ကိုယ့်ပစ္စည်းအစစ်မခံရအောင် အကြံအဖန်လုပ်တာမျိုးတွေ ရှိတာပေါ့ဗျာ။ ပြောရရင် တစ်ခါ ဓားပြတိုက်ခံရတာကနေ နှစ်ခါဓားပြတိုက်ခံရသလိုဖြစ်တာ တွေ ရှိခဲ့တာပေါ့”လို့ ဦးမျိုးသူရအေးက ပြောပါတယ်။
ပို့ကုန်ကဏ္ဍ လက်ရှိအနေအထား
ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွယ်ဘက် နိုင်ငံ၂၅နိုင်ငံ ရှိပြီးတော့ ပို့ကုန်ပမာဏအများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယားနဲ့ မလေးရှားနိုင်ငံတို့ပါ။ ဒီခုနစ်နိုင်ငံကိုတင်ပို့တဲ့ ပို့ကုန်တန်ဖိုးဟာ ၂ဝ၁၄-၂ဝ၁၅ဘဏ္ဍာနှစ် စုစုပေါင်းပို့ကုန်တန်ဖိုးအားလုံးရဲ့ ၉၁ ရာခိုင်နှုန်းကျော်ရှိပါတယ်။
၂ဝ၁၂ မှာ စတင်ပြီးတော့ အမေရိကန်နဲ့အီးယူနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေ လျှော့ပေးနေတယ်ဆိုပေမယ့် အဲဒီနိုင်ငံတွေဆီကို ကုန်ပစ္စည်း တင်ပို့နိုင်မှုကတော့ အလွန်နည်းပါးပါသေးတယ်။ အဲဒီဘဏ္ဍာ နှစ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို ပို့ကုန်တင်ပို့နိုင်မှု တန်ဖိုးက မြန်မာနိုင်ငံရဲ့ စုစုပေါင်းပို့ကုန်တန်ဖိုးရဲ့ ဝ ဒသမ ၄ဝ၆ ရာခိုင်နှုန်းပဲရှိပါတယ်။
ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ” Sanction (စီးပွားရေးပိတ်ဆို့မှု) တွေ ရုပ်တယ်ဆိုပေမယ့် အမေရိကန်ဈေးကွက်၊ အီးယူဈေးကွက်တို့ကို ကိုယ့်ဆီကကုန် ပစ္စည်းတွေ တင်ပို့ဖို့ဆိုတာက အဲဒီဈေးကွက်ထဲက စားသုံးသူတွေ က ကိုယ့်ကုန်ပစ္စည်းကို ကြိုက်နှစ်သက်တဲ့အဆင့်ရောက်အောင် ထုတ်လုပ်နိုင်မှဖြစ်မှာလေ။ အဓိက အရည်အသွေးမြင့် ကုန်စည် တွေ ထုတ်လုပ်နိုင်ဖို့ို လိုတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုတန်ဖိုးက ဗဟိုစာရင်းအင်းအဖွဲ့ ရဲ့ ထုတ်ပြန်မှုအရ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂,၅၂၃ ဒသမ ၇ဝဝ ရှိပါတယ်။ အဲဒါကို ပို့ကုန်အုပ်စုအလိုက်ခွဲကြည့်ရင် ပြည်သူအများရဲ့လုပ်ငန်းနယ် ပယ်နဲ့သက်ဆိုင်တဲ့ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်နဲ့ ချုပ်ပြီး အထည်တင်ပို့မှု ပမာဏပေါင်းက စုစုပေါင်းပို့ကုန်တန်ဖိုးရဲ့ ၃၄ ဒသမ ၈၇၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါတောင်မှ အထည်ချုပ်လုပ် ငန်းနယ်ပယ်ဆိုတာ CMP (Cutting, Making, Packing) ဆိုတဲ့ ပြည်ပအပ်ကုန်တွေကို လက်ခစားလုပ်တဲ့ပမာဏ အများ ကြီးပါနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ မူရင်းကုန်စည်တင်ပို့မှုလို့ ပြောနိုင်ဖို့ ခက်ခဲပါတယ်။
ဒီအနေအထားမှာ လူအများစုရဲ့ လုပ်ငန်းနယ်ပယ်နဲ့ ဝေး ကွာတဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်စိမ်းတင်ပို့မှုကတော့ စုစု ပေါင်း ပို့ကုန်တန်ဖိုးရဲ့ ထက်ဝက်နီးပါး ၄၉ ဒသမ ၄၇၆ ရာခိုင်နှုန်း ရှိပါတယ်။
ဘယ်လောက်ပဲ တောင်းဆိုပေမယ့် မလုပ်ပေးတဲ့အချက်
နိုင်ငံတကာကုန်သွယ်ရေးနယ်ပယ်မှာ ကျင့်သုံးတဲ့ ငွေပို့၊ ငွေလွှဲပုံစံနှစ်မျိုး ရှိပါတယ်။ အဲဒါတွေကတော့ T/T(Telegraph of Transfer)လို့ခေါ်တဲ့ ကုန်ပစ္စည်းကို သင်္ဘောပေါ် မတင်ခင် ကတည်းက ဝယ်လက်ဘက်ကနေ ရောင်းတဲ့သူဆီ ငွေကြိုလွှဲရတဲ့ စနစ်နဲ့ L/C(Letter of Credit) လို့ခေါ်တဲ့ ကုန်ပစ္စည်းကို သင်္ဘောပေါ်တင်ပြီးမှ ဝယ်လက်ဘက်က ငွေကြိုလွှဲရတဲ့စနစ်တို့ ဖြစ်ပါတယ်။
လက်ရှိကာလမှာတော့ နိုင်ငံတကာ ကုန်သွယ်ရေးနယ်ပယ် မှာ L/C စနစ်ကိုပဲအဓိကထားသုံးစွဲနေပြီဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ L/C ကိုပို့ကုန်လုပ်ငန်းအတွက် ခွင့်မပြု သေးဘ ဲT/T စနစ်ကိုပဲ ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။ တကယ့်လက်တွေ့ ကုန်သွယ်ရေးနယ်ပယ်မှာ ဝယ်သူဘက်က ငွေကို ကြိုတင်ပို့ချင်တာမျိုး နည်းလွန်းတဲ့အတွက် မြန်မာကုန် သည်တွေအနေနဲ့ ကိုယ့်ငွေနဲ့ ကိုယ်စိုက်သွင်းပြီးဟန်ဆောင်လုပ် ကိုင်နေရတဲ့အတွက် လုပ်ငန်းတစ်ခုအတွက် အရင်းနှစ်ဆ သုံးစွဲ နေရပါတယ်။
ပြည်ပကို ဆန်တင်ပို့မှု တစ်ဦးချင်းပမာဏအများဆုံး ကုန် သည်တွေရဲ့စာရင်းမှာ ထိပ်ဆုံးမှပါဝင်လေ့ရှိသူ ဦးလူမော်မြင့် မောင်က ”နိုင်ငံတကာကုန်သွယ်ရေးလောကမှာ ဘယ်ဝယ်လက် ကမှ သင်္ဘောပေါ် ပစ္စည်းမတင်ခင် ငွေကို ကြိုမလွှဲချင်ကြဘူး။ တစ်ခုတော့ရှိတာပေါ့။ ဒီပစ္စည်းကို မြန်မာနိုင်ငံဆီက မဝယ်ရင် ဒီပြင်နေရာမှာ မရနိုင်ဘူးဆိုရင်တော့ ငွေကြိုလွှဲရင်လွှဲမှာပေါ့။ ဒီတော့ မြန်မာကုန်သည်တွေက စင်ကာပူမှာ ကုမ္ပဏီခွဲတွေဖွင့်ပြီး အဲဒီကနေတစ်ဆင့် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်လက်ကပို့တဲ့ငွေပုံစံ လုပ်ပြီး မြန်မာပြည်ထဲ ငွေအလွှဲပြနေရတယ်။ အဲဒီကိစ္စကြီးက အခုထက်ထိ မပြေလည်သေးဘူး။ လိုတာထက် ဝန်ပိတာပေ့ါ”လို့ ပြောပါတယ်။
ပို့ကုန်လုပ်ငန်းနဲ့ပတ်သက်ပြီး ငွေပို့၊ ငွေလွှဲကိစ္စတွေကို L/C နဲ့ခွင့်မပြုသေးဘဲ T/T နဲ့ပဲ သတ်မှတ်ထားသေးတဲ့အပေါ် စီးပွား/ကူးသန်းရဲ့ တာဝန်ရှိသူတွေကို သတင်းထောက်တွေမေး တဲ့အခါ အောက်ပါအတိုင်း အကြောင်းပြလေ့ရှိပါတယ်။
အမေရိကန်က မြန်မာအပေါ်ချမှတ်ထားတဲ့ ငွေကြေးစီး ကြောင်း ပိတ်ဆို့မှုကို အပြည့်အဝဖြေလျှော့မပေးသေးတဲ့အချိန်မှာ ဝယ်လက်က ငွေမလွှဲခင် ပစ္စည်းကိုအရင်ပို့တဲ့ L/C စနစ်ကို သုံးရင် အဲဒီငွေကြေးစီးကြောင်းကို အမေရိကန်က အချိန်မရွေး ဝင်ရောက် တားဆီးလိုက်နိုင်တယ်၊ ဒါဆိုရင် မြန်မာကုန်သည်တွေ ဆုံးရှုံးမှုကြုံနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာမောင်အောင်ကို ထပ်ဆင့် မေးမြန်းရာမှာတော့ ”အခုဆို အမေရိကန်က တလောကတင် (၂ဝ၁၅ အကုန်ပိုင်း) ဆိပ်ကမ်းတွေနဲ့ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ကို ဖြေလျှော့လိုက်တာပဲ။ ငွေကြေးစီးကြောင်း ပိတ်ဆို့မှုတွေ လည်း မကြာခင်လျှော့ပေးမယ်လို့တော့ မှန်းထားတာပဲလေ။ အဲဒါဆို L/C စနစ်ကို ခွင့်ပြုလိုက်မှာပေါ့။ ကျွန်တော့်ပုဂ္ဂလိက အထင်တော့ သိပ်မကြာခင် ဖြစ်မယ်ထင်တယ်”လို့ ပြောပါတယ်။
ဘာတွေလုပ်ဖို့လိုနေသေးလဲ
မြန်မာ့ကုန်သွယ်ရေးကဏ္ဍ နိုင်ငံတကာဈေးကွက်ထဲကို ထဲထဲဝင်ဝင်ထိုးဖောက်နိုင်ဖို့အတွက် ဆောင်ရွက်ဖို့လိုတယ်လို့ နိုင်ငံတကာပညာရှင်၊ ကျွမ်းကျင်သူနဲ့ကုန်သည်တွေရဲ့ ထောက်ပြ တဲ့အချက်တွေကို ခြုံကြည့်ရင် အဓိကအနေနဲ့ အချက်နှစ်ရှိ ပါတယ်။
အဲဒါကတော့ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရေရရှိမှုနဲ့ ဆိပ် ကမ်းအစရှိတဲ့ ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ အခြေခံအဆောက်အဦ တွေ ဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ကုန် ထုတ်လုပ်သူတွေကို ငွေကြေးအရင်းအနှီးထောက်ပံ့ရေးတု့ိပဲ ဖြစ် ပါတယ်။
ဒါနဲ့ပတ်သက်ပြီး WTO က မာရီယိုမူဆာက ”မြန်မာနိုင်ငံ ကုန်သွယ်ရေးဖွံ့ဖြိုးဖို့အတွက် အဓိကစိန်ခေါ်မှုကတော့ LDC နိုင်ငံတွေအားလုံးကြုံတွေ့ရတဲ့ မူဝါဒရေးရာတိုးတက်ရေး၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ လုပ်ငန်းအဆင့်မများရေး၊ ကုန်သွယ်မှုဖြေလျှော့ရေး၊ အကောက်ခွန်ကဏ္ဍအဆင်ပြေရေး၊ အရည်အသွေးမြင့်ကုန်စည်တွေထုတ်လုပ်နိုင်ရေး စသဖြင့် အတူတူတွေပါပဲ။ ပြောရရင် ခရီးသွားလုပ်ငန်းမှာတောင် ဝန် ဆောင်မှုအရည်အသွေးကောင်းဖို့က မရှိမဖြစ်ပဲ”လို့ ပြောပါတယ်။
ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးနှင်းဦးကလည်း အခုလို ဆိုပါတယ်။
“ Sanction (စီးပွားရေးပိတ်ဆို့မှု)တွေ ဘယ်လောက်ပွင့် လာပါတယ်ပြောပြော၊ မူဝါဒတွေ ဘယ်လောက် လျှော့ပေးထားပါ တယ်ပြောပြော ကိုယ့်ဘက်ကပို့စရာကုန်ပစ္စည်းမရှိရင် ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် နိုင်ငံတကာဈေးကွက်မှာ ရောင်းတမ်း ဝင်တဲ့ကုန်စည်တွေ ထုတ်လုပ်နိုင်အောင် ကိုယ့်ဆီက လုပ်ငန်း တွေကို အရင်ဖွံ့ဖြိုးအောင်လုပ်ဖို့လိုတယ်”
မြန်မာနိုင်ငံမှာ ရေထွက်ကုန်ထုတ်လုပ်တဲ့အအေးခန်း စက် ရုံတစ်ရာကျော်ရှိပေမယ့် စက်ရုံ ၂ဝ လောက်ကပဲ အီးယူဈေးကွက် ရဲ့ အသိအမှတ်ပြုတဲ့အဆင့်သတ်မှတ်ချက်ရရှိထားပါသေးတယ်။
မြန်မာ့ကုန်သွယ်ရေး လက်ရှိအချိန်အနေအထားကနေ တိုးတက်လာဖို့ ငွေကြေးအရင်းအနှီး ထောက်ပံ့ပေးရေးနဲ့ ငွေပို့ ငွေလွှဲလျင်မြန်ဖို့ ဘဏ်စနစ်တိုးတက်ရေးတို့ဟာ အဓိကလိုအပ် ချက်တွေဖြစ်တယ်လို့ ဆန်ကုန်သည် ဦးလူမော်မြင့်မောင်က ပြောပါတယ်။
”သူများနိုင်ငံတွေမှာ ကုန်သည်တွေအတွက်ဘဏ်က ရက် ၆ဝပေး၊ ရက် ၉ဝပေးစသဖြင့် ငွေစိုက်လွှဲပေးတာတွေရှိတယ်။ အဲဒါမျိုးအတွက်လည်း တစ်နှစ်ပတ်လုံးမှ အတိုးက ၃ရာခိုင်နှုန်း၊ ၃ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ။ ဒီမှာအဲဒီစနစ်မရှိတော့ ကိုယ့် မှာမရှိရင် အပြင်ကနေ အတိုးကြီးနဲ့ချေးနေရတော့ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်းက ဘယ်လိုမှ အား မကောင်းဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ကုန်သည်တွေကို ငွေကြေးထောက်ပံ့ဖို့ လို တယ်ဆိုတဲ့ ကုန်သည်တွေရဲ့ ပြောစကားကို စီးပွား/ကူးသန်းရဲ့ အကြံပေးဒေါက်တာမောင်အောင်ကလည်းသဘောတူပါတယ်။
”မြန်မာနိုင်ငံကကုန်သည်အများစုက ငွေကြေးအင်အား မရှိဘူး။ အဲဒီအတွက် ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး ငွေကြေး ထောက်ပံ့တဲ့ Exim Bank (ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေကို ငွေကြေးပံ့ပိုးသည့်ဘဏ်) လိုဟာမျိုးတွေ တည်ထောင်ဖို့ လို တယ်။ ပြောရရင် စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ အောက်မှာ ဘဏ်တစ်ခုမှရှိဘူး။ တချို့ဝန်ကြီးဌာနတွေရဲ့အောက်မှာ ရှိကြ တယ်လေ”လို့ သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးတိုးတက်ဖို့အတွက် ဘာတွေ ဆောင်ရွက်ဖို့ လိုသေးတယ်လို့ ပညာရှင်တစ်ယောက်အနေနဲ့ ယူဆသလဲဆိုတဲ့ မေးခွန်းကိုလည်း ဒေါက်တာမောင်အောင်ကို မေးခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး သူက ”လုပ်ရမှာကတော့အများကြီးရှိ သေးတာပေါ့။ တို့ရဲ့အဓိက စိန်ခေါ်မှုက တို့နိုင်ငံမှာက ပို့ကုန်တွေ ကို Value Added(တန်ဖိုးမြင့်)တွေဖြစ်အောင်လုပ်နိုင်ဖို့ပဲ။ အဲဒါ က အဓိကစိန်ခေါ်မှုပဲ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးတိုးတက်လာစေဖို့အတွက် အဓိကထားပြီး လုပ်ရမယ့်အချက်တွေအဖြစ် မာရီယိုမူဆာက လည်း ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို တိုးတက်အောင် လုပ် ဖို့လိုတယ်လို့ အကြံပြုပါတယ်။
”အာဆီယံဒေသမှာတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆန်လုပ် ငန်းနဲ့ပတ်သက်ပြီးလုပ်ခဲ့တာက နမူနာကောင်းတစ်ခုပဲ။ ကမ္ဘောဒီးယားက ဆန်လုပ်ငန်းနဲ့ပတ်သက်ပြီးအရည်အသွေးတိုးတက် အောင် ရင်းနှီးမြှုပ်နှံမှုတွေ ပုံအောပြီးလုပ်တယ်။ သူ့ဆန်ရဲ့ အရည် အသွေးကို နိုင်ငံတကာဈေးကွက်မှာ ထုတ်ပြနေတယ်။ မြန်မာ လည်းဒီလိုလုပ်ဖို့လိုတယ်။ ပြီးတော့ ဈေးကွက်ရှာဖွေရေးစတာ တွေကို အလေးထား ဆောင်ရွက်ပါလို့ပြောလိုပါတယ်”လို့ သူက ပြောပါတယ်။
မြန်မာ့ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှု ဘယ်အဆင့် ရောက်ပြီလဲဆိုတဲ့အပေါ် နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြောပါဆိုတဲ့ မေးခွန်းအပေါ်တော့ ဒေါက်တာမောင်အောင်က ”ကုန်သွယ်ရေး နဲ့ ပတ်သက်ရင် အခုမှ Foundation (အစ) ပဲရှိသေးတယ်။ ဟို ခေတ်က အခက်အခဲတွေကို ဖြေရှင်းပေးတာပဲရှိသေးတယ်။ ရေ ရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်စရာတွေ အများကြီး ကျန် သေးတယ်။ ရေရှည်မှာ တိုင်းပြည်စီးပွားရေးကို ကုန်သွယ်ရေးက ဦးဆောင်ရမှာလေ”လို့ သူကပြောပါတယ်။
လာမယ့်အစိုးရသစ်လက်ထက်မှာ ကုန်သွယ်ရေးနယ်ပယ် ကိုဦးဆောင်မယ့်သူက ဘယ်သူမှန်းမသိရသေးပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက်အတွင်းမှာ သူတည်ထောင်လာတဲ့ ကုန်သွယ်ရေး သင်တန်းကျောင်း ရပ်ဆိုင်းသွားမှာတော့ စိုးရိမ်မိတယ်လို့ သူက ဆက်ပြောပါတယ်။
”ပြောရရင် တို့လူတွေ(မြန်မာကုန်သည်တွေ)က နိုင်ငံ တကာဈေးကွက်ထဲမှာ သိပ်ပြီးလုပ်တတ်ကိုင်တတ်ရှိသေးတာ မဟုတ်ဘူး။ အဲဒီအတွက်လည်း ပြင်ဆင်ဖို့လိုတယ်လေ”လို့ သူက ပြောပါတယ်။ ။

