ကာတွန်း – သီဟ(စခန်းသစ်)
၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။
ဗြိတိသျှကိုကိုမောင် ရေးသည်။
ပြဿ နာကတော့ နွားနို့အိုးမှောက်တာက စတာပဲဗျို့။
ကိုင်း…တိုင်းနိုင်ငံထူထောင်စကတည်းက သေရည်မသောက်နဲ့၊ နွားနို့သောက်ပါရယ်လို့ ပြောစမှတ်ဖြစ်နေတဲ့ ဒီနွားနို့က ဘယ်နားမှာ သွားမှောက်တာတုံးဆို ဖြေရတော့မှာပဲ။
ဘုရားရင်ပြင်တော်မှာပါဗျာ။
အလိုလေး…ဘုရားရင်ပြင်တော်မှာ နွားနို့ အိုးမှောက်တာ ဘာဖြစ်သတုံးတဲ့။
ဖြစ်သပေါ့ဗျာ။
တစ်သက်လုံးက ဘုရားဝင်းထဲက ဘုန်းကြီးကျောင်းပိုင် နွားမနို့ကို ညှစ်၊ ဘုရားဝင်းကို ဖြတ်၊ ဟိုးဘက်က လက်ဖက်ရည်ဆိုင်တွေဆီ နွားနို့ပို့လာတဲ့ သူကြီးဟောင်းက ဒီကနေ့ ဘုရားရင် ပြင်တော်ပေါ် နွားနို့အိုးကြီး သယ်ပြီး ဖြတ်သဗျာ။ အဲဒီမှာ သူ့မြေး တော်လေးက စားလက်စ ငှက်ပျောခွံလေး လွှင့်ပစ်လိုက်တာ သူ ကြီးဟောင်းကြီး ချော်လဲပြီး နွားနို့အိုး မှောက်ပါလေရောလား။
နွားနို့အိုးကြီးလည်း မှောက်ရော သာဓုတွေ အကျယ်ကြီး ခေါ်၊ ဘုရားလှူတယ်ဆိုပြီး မြေးအဘိုးနှစ်ယောက် အရေးပေါ်ခါ တော်မီ ကုသိုလ်ယူလိုက်ပါရောလားဗျို့။
သို့ကလိုနှယ်ပဲ အရင်တုန်းက ရွာထဲမှာ နွားလှည်းကို ဒုန်း စိုင်းမောင်း၊ ထန်းတောကို ကန်ထရိုက်ဆွဲထားတဲ့ သူကြီးမြေး ငတိလေးမှာ နေရင်းထိုင်ရင်း နွားနို့အိုး အလှူရှင် သူကြီးဟောင်း ဘိုးဘိုးကြီးရဲ့ နိဗ္ဗာန်အောင်သွယ်တော် ဘုရားဒကာလေး ဖြစ် တော့တာပဲ။
သို့ကလိုနှင့်ပေါ့ဗျာ၊ နွားနို့အိုးကြီးမှောက်မှ ဘုရားလှူလိုက် တာကို ဘသူကြီးဟောင်းကုသိုလ်လို့ ဆိုလာလေတဲ့ မြေးတော် လေးက ရွာနီးချုပ်စပ်တစ်ဝိုက် ကုသိုလ်တော်သခင်လေး ဖြစ် တော့တာပါပဲဗျို့။
သူကြီးမြေးလေးဆိုတာလည်း တစ်ခေတ်တစ်ခါက၊ ဟို တစ်ခါတစ်ခေတ်က တီဗီဖန်သားပြင်ပေါ်က ပရိသတ်အချစ်တော် သူကြီးမြေးတော်လေးရယ်ပေါ့ဗျ။
ဘမြေးလေးဟာ ကံအလွန်ကောင်းသူလေးရယ်ပါ။ ငယ် စဉ်ကတည်းက ရွာသားတွေ ထော်လာဂျီတောင် မမြင်ဖူးခင်က အကောင်းစားကားနက်ကြီးတွေပေါ် အခန့်သားစီးပြီး ပရိသတ် ကြီးကို တီဗီရှစ်နာရီသတင်းမှာ စတိုင်လ်ကျကျ မလိုင်ရွပြခဲ့သူ ကလေးရယ်ပေါ့။
တစ်ရက်တစ်ခါသား ဒီလိုမျိုး အချိန်ကာလကြီးမှာ သူကြီး ဟောင်းမြေးတော်လေးက ရွာအတွက် သမိုင်းတွင်မယ့် ညလို့ ကြွေးကြော်လိုက်တော့ လူတွေ လန့်ကုန်တယ်မှတ်လား။ ဘယ့် နှယ် ခေတ်အဆက်ဆက် ရွာထဲ သမိုင်းဝင်မယ့် ကိစ္စတွေက ည သန်းခေါင်ကျော်မှာချည်း လုပ်ခဲ့တာကို ရွာသားတွေက ကြုံခဲ့ဖူး ပြီလေ။
မကြာသေးခင်ကတောင် နေပြည်တော်က ရှုံးမယ့်ကြက်ဖ ကို ပိုင်ရှင်လုတဲ့ပွဲမှာ သန်းခေါင်ယံရဲကားတွေ တဝီဝီနဲ့ ဝှဲချီးကျင်းပ ကောင်းလို့ လူတွေ အိပ်ရေးပျက်ခဲ့ရပြီးပြီ မဟုတ်လား။ အဲဒီည တုန်းကဆို လူတွေ အိပ်ရေးတွေ အပျက်ခံပြီး သူကြီးမြေးတော် လေး ဘာလုပ်မလဲဆိုပြီး စောင့်ကြည့်ခဲ့တာ။
ကိုင်း…အခုတော့ နွားနို့အိုးမှောက်လို့ ဘုရားလှူလိုက်ရရှာ တဲ့ ဒကာတော် ဘိုးတော်မြေးလေးလည်း ငြိမ်းချမ်းရေးအလှူ့ ဒကာဖြစ်ပြီလေ။ ငြိမ်းချမ်းရေးအလှူဖော်ဆောင်သူ ဘုရားဒကာ လေးဖြစ်ပြီဆိုတော့ကာ ဝန်းရံသူတွေ ဝန်းရံပြီပေါ့ဗျာ။
ဘယ်သူတွေ ဝန်းရံကြသတုံးဆိုတော့ အဟဲ သိတဲ့အတိုင်း ရွာ့ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်၊ တစ်နည်းအားဖြင့် ရွာရဲ့ အလှမယ် ရွာမစ်စ်တွေပေါ့ဗျာ။
မစ်စ်လေးတွေခမျာလည်း သင်းကလေးတို့ကို ရွာထဲ ကွမ်း တောင်ပန်းတောင်ကိုင်ဖို့ရာ အားကြိုးမာန်တက်လုပ်ပေးခဲ့ရတဲ့ အစ်ကိုကာလသားတွေထက် သူကြီးမြေးအကောင်းစားလေး မျက်နှာရဖို့က ပိုအရေးကြီးနေလေတော့ အိုး…ဟိုး…ဒကာတော် ရေမြေ့ရှင်သခင် ငြိမ်းချမ်းရေးအရှင်လေးသည် ဘာဖြစ်သည်၊ ညာဖြစ်သည်၊ အဝှာဖြစ်သည်ဆိုပြီး ဘုန်းတော်သွင်း ဘွင်းတော် သုံးရရှာသကိုးဗျ။
သင်းလေးတို့က ခုနေခါတော့ ကာလသားများနှင့် လား လားမှ မထိုက်၊ ဘိုးတော်သူကြီးအဟောင်းရဲ့ မြေးတော်နှင့်မှ ထိုက်သည့် ဘာညာသာရကာ ဒေဝီကညာအလောင်းအလျာလေး တွေလို့ မှန်းထားရှာသကိုးလေ။ ခုနဆိုခဲ့တဲ့ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် လေဒီတစ်သိုက်လိုပဲ လေဖန်းဒန်းစီးတဲ့ အချို့ အချို့က မြေးတော်လေးကို အလှူ့ဒါယကာ နိုဗယ်လ်ဇောတိကဆု ပေးမယ်လို့တောင် ပြောလာကြသဗျ။
အို…နွားနို့အိုးအလှူဒါယကာ သခင်လေးသည် ကျွန်တော် မတို့ ဘဝတွင် ရှာမှ ရှားသော ဇောတိကအလောင်းအလျာပါဆို ပြီး လာလျှောက်ပြီး ကညာကောက်ချင်သူ သမီးပျိုတွေကလည်း ရွာထဲ အတုံးအရုံးပေါ့လေ။
ရယ်တော့ ရယ်ရသားဗျ။ သူကြီးဟောင်းကြီး အုပ်ချုပ်တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ လယ်သူရင်းငှားဘဝနဲ့ ရုန်းလာသူ တွေကလည်း အခုကျတော့ သူကြီးမြေးကြီး နို့ဗန်းမှောက်လို့ လှူ တာကို အလှူ့ဒကာအဖြစ် သာဓုခေါ်ချင်နေကြသကိုး။
သူကြီးဟောင်းမြေးလေး ဘုန်းကြီးချက်များ ကာလ သမီး အဝှာလေးတို့ မဆိုထားနှင့်၊ အခုလက်ရှိ သူကြီးပြုတ်ခါနီး ကြီး အိမ်မှာ မွေးထားတဲ့ ဝက်သိုးကြီးတောင် ကြောက်ရသဗျို့။
အလို…ခဏ…အဲဒီဝက်သိုးကြီးကိစ္စ ပြောပြရဦးမယ်။ တကယ့်တကယ်ကျ အဲဒီဝက်သိုးကြီးက အသံသိပ်ကျယ်သဗျ။ လက်ရှိသူကြီးပြုတ်ခါနီးကြီး ခေတ်ကောင်းတုန်းကဆို ဝက်သိုး ကြီးရဲ့ အသံ သိပ်ထွက်တာကလား။ အိမ်ရှေ့က ဖြတ်ပြီး ပြုတ်ခါ နီး သူကြီးကြီးကို ကချော်ကဖျက်လုပ်မယ့် ငတိများဆို ဝက်သိုး ကြီးက တရှူးရှူးတရှဲရှဲ နှာသံပေးပြီး ခြိမ်းခြောက်တာပေါ့ဗျာ။
တချို့ကတော့ ဝက်ဆိုတာ အချိန်တန်ရင် အသားတိုးမွေး ပြီး ပေါ်စားပစ်ရမယ့် အမျိုးလို့ သိပေမယ့် တချို့ကတော့ ဒီဝက် မျိုးဟာဖြင့် သူကြီးအိမ်အဆက်ဆက်က အိမ်စောင့် လော်ဘီအင်း ခွေးကြီးလို သခင်အလိုကျ ဟောင်ပြတတ်တဲ့ အလိုတော်ရိခွေး ကြီးလိုမျိုး ထင်ပြီး အလေးဂရုပြုကြတယ် မဟုတ်လား။
အဲဒီမှာ လက်ရှိပြုတ်ခါနီး သူကြီးလက်ထက် ဝက်ကြီးရဲ့ ဘုန်းတန်ခိုးက တောက်ကြွားမောက်စားလှပါသည်ကောဗျာ။ သူကြီးက နေရာ ပေး၊ မပေး မသိပေမယ့် သူကြီးအိမ်ရှေ့ ဖြတ် လျှောက်မယ့်သူတိုင်းကတော့ ဝက်ကြီးနှာမှုတ်မှာ ကြောက်ကြရ သပေါ့။ ဝက်ကြီးနှာမှုတ်ရင် သူကြီးကလည်း ကြည်၊ မကြည် မသေချာဘူးကိုး။
အောင်မယ်လေး…အခုများကျ လက်ရှိ ပြုတ်ခါနီးသူကြီး ကို မခန့်တဲ့ သူကြီးဟောင်းမြေးလေးက နွားနို့အလှူဒါကာလေး ဖြစ်တဲ့အခါ ဝက်ကြီးကလည်း မြေးလေးကို နှာမှုတ်လွှတ်သဗျ။ ရော်…ကျုပ်တို့ မြေးတော်လေးပဲဗျာ၊ ဘယ့်နှယ်ခေလိမ့်မတုံး။
”ဟေ့…ဝက်ကြီး၊ ငါ့အိမ်တော်ပါ မိတ်သဟာတွေနဲ့ နင် ဖွဲ စားနေတဲ့ နှာနုကို လွှတ်ရိုက်ခိုင်းလိုက်မဟဲ့”လို့ တစ်ချက်ပဲ ဆို လိုက်တယ်။
ဝက်ကြီးခမျာ အမြီးကုပ်ပြီး တင်းကုပ်ထဲ ဝင်ပြေးသကိုးဗျ။
ခက်တော့ ခက်သားလားဗျာ။ အခုလို ခေတ်ကြီးထဲမှာ ရွာ တိုးတက်ရေးကိစ္စ အရင့်အရင် နှစ်လုံးပြူးသူကြီးမြေးက အရေးပါ နေတယ်ဆိုတော့လည်း။
ကဲပါဗျာ၊ တကယ်က ဟောဒီ ကျုပ်တို့ရွာကြီးကို မောင်းနှင် နေတာ ကျုပ်တို့ ရွာသားတွေပဲဗျ။ ကျုပ်တို့ရွာကြီးမှာ အရေးပါ အရာရောက်တာလည်း ကျုပ်တို့ရွာသားတွေပဲ။ ကျုပ်တို့ရွာကြီး ကို သမိုင်းဝင်စေတာလည်း ကျုပ်တို့ရွာသားတွေပဲ။ ဘယ်သူကြီး တွေ၊ သူကြီးတူတွေ၊ သူကြီးမြေးတွေမှ မဟုတ်ဘူး။
သူကြီးအိမ်က ဝက်တွေ၊ ခွေးတွေလည်း မဟုတ်ဘူး။ ဘုရား စောင်းတန်းမှာ နွားနို့အိုးမှောက်လို့ အလှူ့ဒါယကာဖြစ်တာကို လည်း ကျေးဇူးတင်စရာ မလိုဘူး။ ကျုပ်က ကျုပ်တို့ရွာကို အဲဒီ အကြောင်းလေး ပြောပြချင်တာ။
အလိုလေး…ရွာသားတွေက ဂရုမစိုက်ပါဘူးဗျာ။ တဆိတ် ရှိ သူတို့သားသမီးတွေ ထိုင်းမှာ အလုပ်လုပ်ပြီး ပို့ထားတဲ့ ပိုက်ဆံ နဲ့ ဝယ်ထားတဲ့ ဟမ်းဖုန်းလေးက ဖေ့စ်ဘွတ်ခ်ဆိုတာကြီး တပွတ် ပွတ်နဲ့။
ကိုင်း…မောင်ရင်တို့ ဖေ့စ်ဘွတ်ခ်က ဘာများထူးသတုံးဆို။ အလို…ဒီမှာ ပိုက်ဆံငါးထောင်တန်တစ်ရွက်ပုံက ခေတ်စားတယ် ဆိုပဲ။ ငါးထောင်တန်ပေါ်မှာ အနိုင်ရ ပါတီခေါင်းဆောင် အန်တီ ကြီးရယ်၊ အရင်ဗိုလ်ချုပ်မှူးကြီးရယ်၊ မဲမနိုင်တဲ့ပါတီက သမ္မတ ကြီးရယ် လက်မှတ်တွေ ထိုးထားသတဲ့။ တိုင်းပြည်လည်း ငြိမ်း ချမ်းတော့မတဲ့။
ငြိမ်းချမ်းရေး ငါးထောင်တန်လက်မှတ်သုံးခုကို ပြည်သူဆီ ယူဆောင်လာသူက ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးတော်လေးပါတဲ့။ မြေး တော်လေးဟာ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်သူကြီးပါသတဲ့။ အိုက်စ်။
အလိုလေး…ဒီလူတွေနဲ့ ခက်ပါဘိတောင်း။ ကိုယ့်ရွာမှာ နွားနို့အိုးမှောက်ကျတာကို ဘုရားလှူပါတယ်ပြောနေတဲ့ သူကြီး ဟောင်းမြေးလေးအကြောင်းကျ သေချာမသိဘဲ နိုင်ငံတော်နဲ့ ချီ တဲ့ ကြီးကြီးမာစတာတွေ ကိစ္စကျ စိတ်ဝင်စားလှချည်ရဲ့တဲ့။
အမလေးဗျာ…ဟိုက နွားနို့အိုးကြီး ရင်ပြင်တော်ပေါ် မှောက်လို့ အလှူ့ဒကာကြီး ခံလိုက်တာ နည်းတောင် နည်းသေး။အဟေဟေး…။ ။

