Photo: Than Naing U
၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
အမရပူရ(တောင်မြို့) မှာရှိတဲ့ သူဌေးဘုရားက လူသိနည်းတဲ့ စေတီတစ်ဆူဖြစ်တယ်။ ပြည်တွင်းပြည်ပ ဘုရားဖူးတွေလည်း ကြိတ်ကြိတ်တိုးစည်ကားမနေဘူး။ အုပ်ချုပ်ရေးပိုင်းက အရာရှိ ကြီးငယ်တွေ လာရောက်ဖူးမြော်တာလည်း မရှိဘူး။ တောင်မြို့သူ တောင်မြို့သားအချို့သည်ပင် ရေရေရာရာ မသိတဲ့သူတွေရှိတယ်။ တကယ်တော့ သူဌေးဘုရားက ကမ္ဘာကျော်သမိုင်းဝင်နေရာတွေ ရဲ့ အလယ်ဗဟိုမှာ ရှိတယ်လို့ ပြောနိုင်တယ်။
သူဌေးဘုရားရဲ့မြောက်ဘက်မှာ ကမ္ဘာကျော် သံဃတက္ကသိုလ် ကြီးဖြစ်တဲ့ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိတယ်။ မန္တလေးကို လာကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ တခုတ်တရ လာရောက်လေ့ လာကြရတဲ့ ဘုန်းတော်ကြီးကျောင်းတိုက်ကြီးဖြစ်တယ်။ သူဌေး ဘုရားရဲ့ အရှေ့ဘက်မှာ ကျွန်းသစ်တိုင်တွေနဲ့ တည်ဆောက်ထား တဲ့ ကမ္ဘာ့အရှည်ဆုံး ကျွန်းသစ်တံတားကြီး၊ အဲဒီတံတားကြီးရဲ့ သက်တမ်းက မန္တလေးမြို့ထက် အသက်ကြီးတယ်။
သူဌေးဘုရားရဲ့တောင်ဘက်မှာ နှစ်ရာချီရှိတဲ့ မယ်ဇယ်ပင်တွေ ရှိ တယ်။ ဒီလောက် စိတ်ဝင်စား စရာနေရာတွေ ပတ်လည် ဝိုင်းနေပေမယ့် သူဌေး ဘုရားက လူသိနည်း လှတယ်။ ဉာဏ် တော်ကလည်း အမြင့်ကြီး မ ဟုတ်ဘူး။ ပေ ၃ဝ လောက် တော့မြင့်မှာပေါ့။ လုံးတော် ပြည့်ရွှေသင်္ကန်းလည်း ကပ်မထားဘဲ ရွှေဆေးပါးပါးသာ သုတ်ထားတယ်။ (အရင်ကတော့ ထုံးဖွေးဖွေး စေတီတစ်ဆူမျှသာ)
တကယ်တော့ သူဌေးဘုရားရင်ပြင်တော်ဟာ အနုပညာနဲ့ စာပေပွဲလမ်းတွေ ဝှဲချီးကျင်းပခဲ့တဲ့ အနုပညာမှော်ရုံတောသာ ဖြစ်တယ်။ အဲဒီရင်ပြင်တော်ပေါ်မှာ အနုပညာသမားတွေ အနု ပညာဝတ်မှုန်တွေ ကူးခဲ့ကြတယ်။ စာပေသမား၊ ကဗျာသမားတွေ ရင်ဘတ်ချင်း ဂျပ်ပင်တပ်ခဲ့ကြတယ်။
ပြည်သူချစ်တဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေကို အသက် ၇ဝ ပြည့် (၂၉၊ နိုဝင်ဘာ၊ ၁၉၈၅) က စလို့ နှစ်စဉ်နီးပါး ကျင်းပခဲ့ကြတယ်။ စစ်အာဏာရှင်တွေ ဓားမိုး အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာလည်း မြန်မာနိုင်ငံတစ်နံတစ်လျားက အမေလူထုဒေါ်အမာကို ချစ်ခင်လေးစားသူတွေက ရောက် အောင်လာခဲ့ကြတယ်။
အမေမာရဲ့ မွေးနေ့ပွဲကို နိုင်ငံ ရေးအကျဉ်းသားတွေ လာကြတယ်။ စာပေ လောကက ဆရာ၊ ဆရာမတွေ လာကြ တယ်။ နိုင်ငံရေး အဝန်းအဝိုင်းက လူတွေ လာကြ တယ်။ ချစ်ခင် လေးစား တန် ဖိုးထားကြသူ
တွေလာကြ တယ်။
အာဏာပိုင်တွေရဲ့ ဒေါက်ထောက်ကြည့်နေတဲ့ မျက်လုံးတွေ အောက်မှာ လူတန်းစားအလွှာစုံက ရောက်လာကြတဲ့ ပွဲလည်း ဖြစ်တယ်။
လေထီးဦးအုန်းမောင်၊ လူထုစိန်ဝင်း၊ မြသန်းတင့်၊ ထက် မြက်၊ ဇော်ဝင်းကိုတို့လို ကျွန်းပြန်တွေလည်း လာရောက်ခဲ့သလို ဒဂုန်တာရာ၊ လင်းယုန်မောင်မောင်၊ ဒေါက်တာသန်းထွန်း၊ တော် ဘုရားလေး၊ ဒေါ်ခင်ဆွေဦး၊ ဒေါ်ကလျာ၊ ကိုလေး(အင်းဝဂုဏ် ရည်)၊ ကြည်အောင်၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်မိုးသူ၊မောင်သစ်ဆင်း၊ တင်မောင်သန်း၊ ဖေမြင့်၊ အံ့မောင်၊ ဓနထွန်း၊ မင်းဆွေနှစ်၊ ဝင်းမောင်(သမိုင်း)စတဲ့ စာရေးဆရာ၊ ဆရာမတွေ စုံလင်အောင် လာတဲ့ပွဲလည်း ဖြစ်တယ်။
မွေးနေ့ပွဲကျင်းပတဲ့ သူဌေးဘုရားက တောင်လေးလုံး ကျောင်းတိုက်ဆရာတော် ဦးပညာရဲ့ ကျောင်းတိုက်ဝင်းထဲမှာ ရှိ တာပါ။ ဆရာတော်ကိုယ်တိုင်က တောင်သမန်ဝန်းကျင် သမိုင်း ဝင်စာအုပ်များနဲ့ အမျိုးသားစာပေဆုရထားတဲ့ ရဟန်းစာဆိုတစ် ပါးဖြစ်တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က တောင်လေးလုံး ကျောင်းတိုက်မှာ အမေလူထုဒေါ်အမာရဲ့ ရာပြည့်ပွဲရှိတယ်။
ကျွန်တော်တို့ အမေမာရာပြည့်ပွဲကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားခဲ့ကြတယ်။ တောင်လေးလုံးကျောင်းမရောက်ခင် တောင် သမန်ကန်ပတ်လမ်းမှာ ဂျာနယ်လစ်တစ်ယောက်နဲ့ တွေ့တယ်။ လမ်းမှာ အာလာပသလ္လာပပြောရင်း ကျွန်တော်တို့က ဖြည်းဖြည်း ပဲ ဆိုင်ကယ်မောင်းမှာမို့ အရင်သွားနှင့်ဖို့ ပြောလိုက်တယ်။ ဂျာ နယ်လစ်လေး ပြန်ပြောလိုက်တဲ့စကားကြောင့် ကျွန်တော်တို့ အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ”တောင်လေးလုံး ကျောင်းကို ဘယ်လိုသွားရမှန်းမသိလို့ ဆရာတို့နဲ့ အတူလိုက်ပါ ရစေ”တဲ့။ အဲဒီအတိုင်း တကယ်ဖြစ်ခဲ့တာပါ။ စာပေဆိုင်ရာအခမ်း အနားတွေ အခါမလပ်ကျင်းပနေတဲ့ တောင်လေးလုံးကျောင်း တိုက်ကို ဒီနေ့ခေတ် ဂျာနယ်လစ်လေးက တကယ်မသိခဲ့ဘူး။
တကယ်တော့ တောင်လေးလုံးကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်ဟာ အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေ သာမကဘူး၊ စာပေနဲ့ဆိုင်တဲ့ ပွဲလမ်းတွေလည်း ကျင်းပခဲ့တဲ့ ဘူမိ နက်သန်နေရာမှန်ပေါ့။ ၁၂ မျက်နာရီစင် ဝတ္ထုတိုပေါင်းချုပ်ထုတ် ဝေတဲ့ အမှတ်တရပွဲ၊ ပြည်သူချစ်သော အနုပညာသည်များ စာ အုပ်ငွေရတုအမှတ်တရပွဲ၊ ဆရာတင်မိုး၊ ဆရာကြည်အောင် အမှတ်တရပွဲတွေလည်း လုပ်ခဲ့ကြတယ်။ ဝတ္ထုတိုဖတ်ပွဲတွေဆို တာ ဟိုးစောစောပိုင်းကတည်းက ကျင်းပခဲ့တာပေါ့။ စာရေးဆရာ ညီပုလေးရဲ့ ငါးထောင်စားလက်သီးဝတ္ထုတိုကို စာရေးဆရာကိုယ် တိုင် ဖတ်ပြခဲ့တာ အမှတ်ရမိသေးတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အမေမာ သက်ရှိထင်ရှားရှိစဉ် မှာ ဓာတ်ပုံဇော်ဇော် (ဘိုအဖွဲ့)က အမေမာ့မွေးနေ့ပွဲမှာ တောင် သမန်အင်းရဲ့ ဆယ့်နှစ်လရာသီအလှကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တွေ မွေးနေ့လက်ဆောင်ပေးခဲ့ဖူးတယ်။ ကျွန်တော်အမှတ်ရနေ တဲ့ အမေလူထုဒေါ်အမာရဲ့ မွေးနေ့ပွဲတွေရှိတယ်။
ဆရာလူထုစိန်ဝင်းရယ်၊ ဒေါက်တာသန်းထွန်းရယ်၊ အမေ လူထုဒေါ်အမာရယ်၊ မွေးနေ့ပွဲမှာ ငြိမ်းချမ်းရေးချိုးငှက်တွေ လွှတ် ကြတဲ့ ပွဲ၊ ရေးဖော်ရေးဖက်လည်း ဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ် တဲ့ ဟံသာဝတီဦးဝင်းတင် စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးထောင်ချ ထားခြင်း ခံနေရချိန်မှာ အကျဉ်းစံဘဝက လွတ်မြောက်ဖို့ ဆု တောင်းပြီး ချိုးဖြူငှက်တွေ လွှတ်ကြတာလေ။ ဒါပေမဲ့ ချိုးငှက် လွှတ်သူတွေရော ဟံသာဝတီဦးဝင်းတင်ပါ ကံမကောင်းခဲ့ကြဘူး။ မွေးနေ့ရှင် ကွယ်လွန်ချိန်ထိ ဟံသာဝတီဦးဝင်းတင်က အကျဉ်း ထောင်ထဲမှာ နေခဲ့ရတယ်။
မုံရွာသား ဆရာလင်းယုန်မောင်မောင်က သူနှစ်သက်မြတ် နိုးလွန်းတဲ့ အရာတစ်ခု၊ အမေမာရဲ့ တစ်ခုသော မွေးနေ့သဘင်မှာ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ဖူးတယ်။ လက်ဆောင်ယူသူရော လက်ဆောင်ပေးသူပါ ကြည်နူးပျော်ရွှင်ကြတဲ့အပြင် မွေးနေ့ပွဲ တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်အပေါင်းကလည်း ဝမ်းပန်း တသာလက်ခုပ်တီး ဂုဏ်ပြုခဲ့ကြတယ်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးမာကီးတို့နဲ့အတူ လူ့ဘောင် သစ်က ဦးဇေယျကြီးလည်း အမေမာရဲ့ မွေးနေ့ပွဲကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ချလာခဲ့ဖူးတယ်။ မွေးနေ့ပွဲကို လာရင်း သမိုင်း ဆရာကြီး ဒေါက်တာသန်းထွန်းနဲ့ တွေ့တော့ ဆရာကြီး တစ်ခုခု ဆုံးမသြဝါဒပေးပါဦးလို့ ၈၈ မျိုးဆက်တွေက တောင်းဆိုကြသတဲ့။ ဆရာကြီးက ‘မင်းတို့ ကောင်းတာလုပ်နေကြတာပဲ၊ ဘာဆုံးမ စရာလိုလဲ’လို့ သြဝါဒထူးမိန့်ကြားလိုက်တယ်။ နောက်တစ်နေ့ နိုဝင်ဘာ ၃ဝ မှာ ဆရာကြီး ရုတ်တရက်ကွယ်လွန်သွားတော့ ၈၈ မျိုးဆက်တွေက ဆရာကြီးခေါင်းတလားကို ထမ်းပြီး တောင် သမန်းအင်းစောင်းက လင်ဇင်းကုန်းသုသာန်ကို လိုက်ပါပို့ဆောင် ကြတယ်။
အမေမာရဲ့ မွေးနေ့ပွဲကို လာရင်း သမိုင်းပညာရှင်ကြီးရဲ့ နောက်ဆုံးခရီးကိုပါ မမျှော်လင့်ဘဲ လိုက်ပါပို့ဆောင်ဖြစ်သွားတဲ့ ၈၈ မျိုးဆက်ရဲ့ အမှတ်တရခရီးစဉ်ပါပဲ။
သူဌေးဘုရားရင်ပြင်တော်ပေါ် အရှေ့မြောက်ထောင့်မှာ ခရေပင်ကြီးတစ်ပင်ရှိတယ်။ ခရေပင်ကြီးရဲ့ပတ်လည်မှာ အမှတ် တရကျောက်တိုင်တွေ စိုက်ထူထားတယ်။ ဟံသာဝတီဦးဝင်းတင်၊ ဆရာမြသန်းတင့်၊ ဆရာတင်မိုးတို့ရဲ့ ကျောက်တိုင်တွေ ရှိတယ်။ အဲဒီကျောက်တိုင်တွေနဲ့ မလှမ်းမကမ်းမှာ ဆရာကြည်အောင်ရဲ့ အမှတ်တရကျောက်တိုင်ရှိတယ်။
Photo: Than Naing U
သူဌေးဘုရားရင်ပြင်တော်မှာ အရင်က အာရုံခံတန် ဆောင်း မရှိခဲ့ဘူး။ အခုတော့ အာရုံခံတန်ဆောင်းတွေ၊ ဘာတွေနဲ့ ဖြစ်နေပြီ။ အလယ်က အာရုံခံတန်ဆောင်းတွေရဲ့ အလှူရှင်က ခုနစ်ပြည်ထောင်မင်းသားများလို့ ကမ္ပည်းထိုးထားတယ်။ မြောက်ဘက်က အာရုံခံတန်ဆောင်းကိုတော့ လူထုကြီးပွားရေး စာအုပ်တိုက်မိသားစုရဲ့ ကောင်းမှုဖြစ်တယ်။
သူဌေးရင်ပြင်တော်ပေါ်မှာ ပါးစပ်ဆိုင်းနဲ့ ကပြတဲ့ အငြိမ့် မင်းသမီးတစ်ယောက်လည်း ရှိတယ်။ သူက လမင်းတရာ ဒေါ်ဌေး ဌေးမြင့်ပါ။ အမေလူထုဒေါ်အမာရဲ့ မွေးနေ့တိုင်းမှာ အငြိမ့်မင်း သမီးဝတ်စုံဝတ်ပြီး နှစ်စဉ်ကပြဖျော်ဖြေပေးတာ ဖြစ်တယ်။ ကျွန် တော်အမှတ်ရနေတဲ့ သီချင်းက ‘တုံးကျော်မ’သီချင်း။ သံပြိုင်ဆို ရမယ့် အပိုဒ်ရောက်ရင် ဧည့်ပရိသတ်က ဝိုင်းပြီးဆိုပေးကြတယ်။
အမေမာရဲ့မွေးနေ့တိုင်းမှာ ဧည့်ခံတဲ့ဟင်းက ဝက်သား ဟင်းလေးချက်၊ ရပ်နီးရပ်ဝေးက မွေးနေ့ပွဲလာ ဧည့်ပရိသတ်က ဝက်သားဟင်းလေးချက်ကို စုံရည်မက်ရည်ရှိကြတယ်။ ကျွန် တော်ကိုယ်တိုင်လည်း နှစ်ခါ၊ သုံးခါထက်မနည်း စားခဲ့ဖူးတယ်။ တောင်လေးလုံးက ချက်ပြုတ်ကျွေးမွေးတဲ့ ဝက်သားဟင်းလေးနဲ့ ဘူးသီးကြော်ဟာ စာပေလောကသားတွေအတွက် နတ်သြဇာ ပါပဲ။ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်း၊ လန်ဒန် ယူနီဗာ စီတီကောလိပ် အာဖရိကနှင့် အာရှလေ့လာရေး (SOAS) က မြန်မာ စာပါမောက္ခ အန်နာအဲလော့၊ ဂျပန်အိုဆာကာ တက္ကသိုလ် က မြန်မာစာပါမောက္ခ မပန်းခက်စတဲ့သူတွေလည်း သူဌေးဘုရား ရင်ပြင်တော်ပေါ် လာရောက်ခဲ့ဖူးသူတွေဖြစ်တယ်။
၁၉၉ဝ ပြည့်လွန်နှစ်တွေက အမေမာရဲ့ မွေးနေ့ပွဲတစ်ခုမှာ နှင်းတွေ သိပ်သိပ်သည်းသည်းကျနေတာ ကြုံခဲ့ဖူးတယ်။ နှင်းတွေ သိပ်သိပ်သည်းသည်းကျနေရင် ပဲစေ့လေးတွေ အညှောင့်မပေါက် နိုင်ဘူးဆိုတဲ့ ကမ္ဘာကျော် စကားတစ်ခွန်းကိုတောင် သတိရမိ သေးတော့။ မွေးနေ့ပွဲက မနက် ၉ နာရီဝန်းကျင်လောက်မှာ စတာ ဖြစ်ပေမယ့် အဲဒီနေ့ကတော့ ဝန်းကျင်တစ်ခုလုံး မြူနှင်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ တောင်သမန်အင်းထဲမှာလည်း မြူခိုးတွေ ဝေ မှိုင်းလို့ပေါ့။ မွေးနေ့ပွဲလာသူအားလုံး အညာဆောင်းကို အသိ အမှတ်ပြုလိုက်ရတယ်။
နှင်းရည်စိုရွှဲနေတဲ့ သူဌေးဘုရားရင်ပြင်တော်ပေါ်မှာ မွေး နေ့ရှင်ကို ချစ်တဲ့ စိတ်၊ လေးစားတဲ့စိတ်နဲ့ ငြိမ်သက်နေကြတယ်။ အခမ်းအနားမှူး ဆရာကျော်ရင်မြင့်ရဲ့ အစီအစဉ်ကြေညာသံကို အားလုံးက အာရုံစိုက်နေကြတယ်။ အမေမာရဲ့ မွေးနေ့ပွဲတွေမှာ ချစ်ခင်လေးစားစိတ်နဲ့ လာတဲ့သူတွေရှိသလို တာဝန်အရ လာ ရောက်သတင်းယူကြတဲ့ အဖွဲ့အစည်းပေါင်းစုံလည်း ရှိတယ်။ သူ တို့က ဓာတ်ပုံနဲ့ မှတ်တမ်းတင်ရုံတင်မကဘူး၊ ဗီဒီယိုနဲ့ပါ အမိအရ ရိုက်ယူကြတယ်။ တယ်လီဖုန်းတွေ ဖောဖောသီသီမရှိစဉ်ကတည်း က တယ်လီဖုန်းတွေ၊ စကားပြောစက်တွေအမျိုးမျိုးနဲ့ အခမ်း အနားအစီအစဉ် အသေးစိတ်ကို အချိန်နဲ့တစ်ပြေးညီ သတင်း ပေးပို့နေကြတယ်။
အာဏာပိုင်တွေရဲ့ ဖိအားပေးမှုအမျိုးမျိုးအောက်မှာ မွေး နေ့ပွဲတွေ ကျင်းပခဲ့ရတာပါ။ တချို့နှစ်တွေမှာ အကျပ်ကိုင်မှုတွေ ကြောင့် တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ မကျင်းပဖြစ်ဘဲ မဟာဂန္ဓာရုံမှာ ကျင်းပရတဲ့နှစ်တွေ ရှိခဲ့ဖူးတယ်။ စစ်ကိုင်းဘက်က မြစြင်္ကာကျောင်းတိုက်မှာ သိုသိုသိပ်သိပ် အကျဉ်းရုံးပြီး ကျင်းပခဲ့ ရတဲ့ မွေးနေ့ပွဲတွေလည်း ရှိခဲ့ဖူးတာပေါ့။ အဲဒီလိုနှစ်တွေမှာ သူဌေးဘုရားရင်ပြင်မှာ ချစ်ခင်လေးစားလို့ လာတဲ့ ဧည့်သည်တွေ အစား သတင်းယူတဲ့ ဧည့်သည်တွေသာ ရောက်လာကြတယ်။
ကျွန်တော်ကတော့ သူဌေးဘုရားရင်ပြင်မှာလုပ်တဲ့ အခမ်း အနားတွေကိုသာ အမှတ်ရနေမိတော့တယ်။ အမေမာရဲ့ တူသား တွေကလည်း (တောင်လေးလုံးက သူဌေးဘုရားရင်ပြင်မှာ)ပွဲ တွေ ဘယ်လောက်အထိ ခုံမင်သလဲဆိုရင် ရုပ်ရှင်မင်းသား လေး လေးဦးထွန်းဝေ အကယ်ဒမီမရတဲ့ အထိမ်းအမှတ်ပွဲ လုပ်ကြသတဲ့ လေ။ အခုလည်း အင်းဝသားလက်ကျန်ကဗျာတပ်မှူးကြီး (ဦး)ကိုလေး(အင်းဝဂုဏ်ရည်)က အမျိုးသားစာပေတစ်သက်တာဆု ရပြီဆိုတော့ သူဌေးဘုရားရင်ပြင်မှာ ဂုဏ်ပြုပွဲများ ကျင်းပကြဦး မလား မသိဘူး။ ကျင်းပဖြစ်ခဲ့တယ်ဆိုရင် တောင်လေးလုံး ကျောင်းတိုက်အတွင်းက သူဌေးဘုရားရင်ပြင်မှာ မင်းပေါင်းစုံတဲ့ ပွဲဖြစ်မှာ မြင်ယောင်မိပါသေးတယ်။ ။

