ဓာတ်ပုံ- ကကပြည်
ရန်ကုန် – ဇန်နဝါရီ ၂၅၊ ၂၀၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ယနေ့မွန်းလွဲပိုင်းက နှစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်သည်။
မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေး၊ လွှတ်တော်ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးကိစ္စများနှင့် နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်းရေးဆိုင်ရာများဆွေးနွေးခဲ့သည်ဖော်ပြထားသော်လည်း ဆွေးနွေးမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိပါ။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဦးဇော်မြင့်မောင်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ကြသည်ဟု ဖော်ပြသည်။
ယမန်နေ့က ၎င်းဘုရင့်နောင်ရိပ်သာတွင်ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၏နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် သုံးနာရီကြာတွေ့ဆုံခဲ့သည်။ ။

