အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၈)မှ သရော်စာ ဆောင်းပါးဖြစ် ပါသည်။
ဗြိတိသျှ ကိုကိုမောင် ရေးသည်။
မောင်ဗြိတို့လို ရန်ကုန်ရွှေမြို့တော်ကြီးနေ မြေသနင်းသား လူ့ဖွတ် ကြားတို့၏ နိစ္စဓူဝ မြို့ပြလူနေမှုဘဝတွင် မကင်းနိုင်သည်က ဘတ်စ်ကားများပင်။ မနက်လင်းပြီဆိုသည်နှင့် မှတ်တိုင်တွင် ရပ် ပြီး အနှီဘတ်စ်ကားကြီးလာရာ အရပ်ဆီ အမျှော်ဆိုက်ကြရ တော့သည်။
ဟော…ဘတ်စ်ကားကြီး လာပြန်တော့လည်း ကိုရွှေစပါယ် ယာ၏ ချွေးတပ်ဆွဲသည့်အလား အကိုင်အတွယ်ကြမ်းကြမ်းကို ခံကာ ကားပေါ် ထိုးတက်ရပြန်သည်။ ကားပေါ် ရောက်ပြန်သည့် အခါ ထိုင်ခုံနေရာရဖို့အရေး မျက်စိကို လျင်လျင်ထားရသည်။ ခြေထောက်ကို လျင်လျင်သွားရသည်။
ထိုင်ခုံမရသူတို့အဖို့ ဟိုဘက်ခုံတန်း ပြေးကပ်ရမလို၊ ဒီ ဘက်ခုံတန်း ပြေးကပ်ရမလို ဖြစ်နေချိန်မှာ ကားက ဝူးခနဲ ဆောင့် ထွက်ပြန်သည်။ ဒီတော့ ကိုင်လို့ရသည့် နေရာကို မလွတ်တမ်း ဆုပ်ကိုင်ကာ လူကျပ်ကျပ်ကြား လိုရာခရီး ဆက်ကြရပြန်သည်။
ဒရိုင်ဘာက မောင်းချင်သလို မောင်းသည်။ အရှိန်တင်ချင် လျှင်လည်း ဝေါခနဲ။ ဘရိတ်အုပ်ချင်လျှင်လည်း ကျွီခနဲ။ King of The Bus ကြီး၏ လက်ထဲ ကားစီးသူတို့ အသက် ဖက်နဲ့ ထုပ်အပ် ထားရသလိုပင်။ လမ်းတစ်လျှောက် ငေါက်လိုက်ပါသည့် မောင် စပါယ်ယာ၏ နေရာချပေးမှုများကိုလည်း ကြိုက်ကြိုက်၊ မကြိုက် ကြိုက် လက်ခံလိုက်လျော ရွေ့လျားပေးရပြန်သည်။
တကယ်တော့ မြန်မာ့နိုင်ငံရေးသည်လည်း ရန်ကုန် ဘတ်စ် ကားကြီးတစ်စီးနှင့် တူသည်ဟု ပညာရှိမောင်ဗြိက ဆိုပေမည်။ ဟယ်…မောင်ဗြိ၊ မောင်ရင်ပြောသလိုဆို ငါတို့နိုင်ငံကြီးက ရန်ကုန်ဘတ်စ်ကားတွေလို ရှေ့ရောက်ဖို့အရေး တရွေ့ရွေ့ သွားနေ တယ်လို့ နင်ဆိုလိုတာလားဟု အဘတို့က မေးလာလတ္တံ့။
ဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ မဟုတ်ဘူးဟု ဝန်ကြီး များ၏ သတင်းစာရှင်းလင်းပွဲ ဖြေရှင်းနည်းနှင့်ပင် ဖြေရပေလိမ့် မည်။ မြန်မာ့နိုင်ငံရေးကား တကယ်ပင် ဘတ်စ်ကားကြီးနှင့် တူ ပေသည်။
ဘတ်စ်ကားကြီးကို ဦးဆောင်မောင်းနှင်သူ ဒရိုင်ဘာကြီး သည် ရှေ့ကို တည့်တည့်သာ မောင်းနေသည်ဟု ထင်ရသော်လည်း ဘေးနှစ်ဖက်ရှိ ဘက်မှန်မှနေ၍ နောက်သို့ မကြာခဏ ပြန်ကြည့် တတ်သည်။ အရှေ့ကို အာရုံစိုက်နေချိန် နောက်က ကားတွေများ ကျော်တက်လေမလား။ ဒရိုင်ဘာလောင်းဖြစ်သည့် အစိတ်သား စပါယ်ယာများက ငွေတွေများ ဘုံးလေမလား။ ခမျာလည်း စိုးရိမ် စိတ်ကြီးတော့ ရှေ့သို့သွားမည့် လမ်းကို ရဲရဲ အာရုံမစိုက်ရဲသလို နောက်ကိုလည်း ရဲရဲ ပြန်မလှည့်ကြည့်ရဲရှာ။ ဒီတော့ ဘတ်စ်ကား ကြီးမှာ အင်ဂျင်ကောင်းပါလျက် ကြက်ဆူဆီ ထည့်မောင်းမိသဖြင့် ဖွတ်ချက် ဖွတ်ချက်ဖြင့် ရှေ့မတက်။ ဘတ်စ်ကားကြီး၏ ဘေးတန်း နှစ်ဖက်တွင်ကား ဒေါင်းခုံနှင့် ခြင်္သေ့ခုံတန်းများက ယှဉ်လျက် မျက်စောင်းတခဲခဲ။
ပြည်သူလူထုတည်းဟူသော မတ်တတ်စီး ဘတ်စ်ခရီးသည် များကတော့ ဟိုဘက်တန်း ပြေးကိုင်ရနိုး၊ ဒီဘက်တန်း ပြေးကိုင် ရနိုးဖြင့် အူလည်ပူလည်။ ဒေါင်းဘက်တန်း ပြေးကပ်မယ်ဆိုပြန် တော့ ဒေါင်းတွေက ရှေ့နဲ့ နောက် ရန်ပွဲလေးတွေ ရှိနေပြန်သည်။
ရှေ့ဆုံးခုံက လူကြီးများက ကွမ်းတံတွေး ထွေးသဖြင့် နောက်ဆုံးခုံက လူငယ်များကို သွားစဉ်တယ်ဟုဆိုကာ နောက် တန်းမှ လူငယ်တွေက ပူညံပူညံလုပ်ကာ ကားပေါ်မှ ဆင်းမည် တကဲကဲ လုပ်နေကြ၏။ ဒီတော့ တန်းကိုင်ရပ်လျက် မတ်တတ် ပြည်သူတို့ခမျာ တစ်ဖက်က ခြင်္သေ့ရှိရာ စောင်းငဲ့ကြည့်ရပြန်သည်။
ခြင်္သေ့ကတော့ အရှေ့နဲ့ အနောက် ရန်မဖြစ်။ ဘေးချင်းကပ် ထိပ်ပိုင်းချင်းကို ထိုင်ခုံလုနေကြပြန်သည်။ ခြင်္သေ့ထိပ်ဆုံးတန်းက အဘကြီးက ဒေါင်းထိပ်ဆုံးတန်းက အစ်မကြီးနှင့် ဆက်ဆံရေး ပြေလည်နေသည်။ ဒါကို ကျန်သည့် ခြင်္သေ့တွေက သဘောမတွေ့။ ကားတစ်စီးလုံး ဒေါင်းတွေ လွှမ်းသွားမှာ စိုးသည်။
ဒါကို ကြည့်မရသည်ထင့်၊ ကားမောင်းသူ ဒရိုင်ဘာကြီးက ခြင်္သေ့ဘက်ခြမ်းကို ကွေ့ကာ ဘရိတ်ခပ်ကြမ်းကြမ်းအုပ်လိုက် သည်။ အစ်မကြီးနှင့် အဆင်ပြေသော ခြင်္သေ့ထိပ်စီးကြီး ဟန်ချက် အပျက်တွင် ကျန်ခြင်္သေ့အကြီးများက အသာလေး တံတောင်နှင့် တွတ်ကာ ခုံပေါ်မှ တွန်းချကြ၏။
ဒီတစ်ခါ အစိတ်သား စပါယ်ယာများက ‘လိုအပ်ရင်ဘရိတ် သုံးမယ်၊ တန်းလေးတွေ ကိုင်ထားကြ’ဆိုသည့် သတိပေးသံကို ကြောက်ကြသည့် ခရီးသည်များခမျာ ရင်ဖိုရပြန်သည်။ ပြောမယ့် သာ ပြော၊ အနှီ အစိတ်သားစပါယ်ယာများက ဘတ်စ်ကားတစ်စီး လုံးတွင် ပါဝါအရှိဆုံး။
စပါယ်ယာဆိုသည့်အတွက် သူတို့က ဝင်ပေါက်ထွက်ပေါက် တွင် တစ်ယောက်နေရာယူပြီး လူတောထဲတိုးကာ ငွေကောက်ရာ တွင် တစ်ယောက်က အသင့်နေရာယူထားသည်။ သူတို့မောင်းဆို ဒရိုင်ဘာကြီးက မောင်းရပြီး သူတို့ ဟိုး…ဆို ဒရိုင်ဘာကြီးက ရပ် ပေးရ၏။
သူတို့အမိန့်ပေးသမျှ လုပ်ရသည်မှာ ဒရိုင်ဘာကြီးတင် မဟုတ်။ ခရီးသွားပြည်သူတွေလည်း ထိုနည်းလည်းကောင်း။
”အင်္ကျီအဖြူနဲ့ ဟိုကျောင်းသားလေးတွေ အပေါက်ဝက လာပိတ်ရပ်မနေနဲ့၊ အထဲကို ဝင်”
”ဟိုးက ခမောက်ဆောင်းထားတဲ့ လယ်သမားကြီးတွေ ဒီ ဘက်ကို ရွှေ့ဗျ”
”မျက်မှန်နဲ့ သတင်းထောက် အလယ်ကောင်မှာ ပိတ်ရပ် မနေနဲ့။ မစီးချင် နောက်ကားပြောင်းစီး”
စသဖြင့် စသဖြင့် ပါးစပ်က ဟောက်သလို လက်ကလည်း တွန်းတတ်၊ ထိုးတတ်သေးပြန်သည်။
ခေတ်မီသော နိုင်ငံကြီးများရှိ ဘတ်စ်ကားများတွင်တော့ စပါယ်ယာဟုခေါ်သော ယာဉ်အကူ မရှိ။ သို့သော် မောင်ဗြိတို့ မြန်မာ့ဘတ်စ်ကားများတွင်တော့ စပါယ်ယာများကား မရှိမဖြစ် ဖြစ်နေတုန်းပင်။
ဘတ်စ်ကားလမ်းကြောင်းပေါ်တွင် အန္တရာယ်ရှိနေနိုင် သည့် တိုင်းရင်းသားလက်နက်ကိုင်တည်းဟူသော တက္ကစီများကို ကိုင်တွယ်ရာတွင်တော့ စပါယ်ယာတွေက ကျွမ်းသည်။ တက္ကစီ များကလည်း ငါတို့က အကောင်သေးသေးနဲ့ အင်ဂျင်အားကောင်း သည်ဟု ဆိုကာ ဘတ်စ်ကားကြီးကို သက်တမ်းတစ်လျှောက်လုံး ယှဉ်ဖိုက်လာကြသူများ ဖြစ်သည်။
ဒီနေရာတွင်တော့ စပါယ်ယာတွေက ကားလမ်းကြော ကျပ်လျှင် အချိုသပ်ကလေးဖြင့် ‘ဆရာကြီးရေ…တစ်စီးလောက်’ ဟုဆိုကာ လက်ကလေးတစ်ချောင်းပြ ချော့မြှူသည်။ ပြောမရ ဆိုမရ ပေကပ်ကပ် တက္ကစီတွေကျ ‘ခွေးမသားဆိုင်းဘုတ်’ဟု အော်ဆဲကာ တစ်ခါတစ်ခါ မှတ်သားလောက်အောင် သံတုတ်နှင့် ဆင်းပြီး ဆွမ်းကြီးလောင်းလိုက်ကြတော့သည်။ ချော့တစ်ချီ ခြောက်တစ်လှည့် တက္ကစီငြိမ်းချမ်းရေးနည်းကို သုံးကာ လမ်းမ ပေါ် ဘတ်စ်ကားကြီးကို ထိန်းကျောင်းနေရသည့်အတွက် အစိတ် သားစပါယ်ယာများကား အစိုးရဟူသော ဒရိုင်ဘာတို့ထက်ပင် ပါဝါပိုကြီးနေသည်။
ထို့ပြင် နိုင်ငံတကာတည်းဟူသော ယာဉ်ထိန်းရဲများ၊ မထသ ယာဉ်စစ်များနှင့် တွေ့လျှင်လည်း ဒရိုင်ဘာကြီးက မျက်စိ လျင်လျင်ထားနေရသည်။ ယင်းတို့အား ရှေ့မှန်မှ မြင်နေရလျှင် ဒရိုင်ဘာကြီးက စပါယ်ယာများကို ”ဟေ့…တံခါးပိတ် တံခါး ပိတ်”ဆိုကာ သတိပေးရသည့်အခါများ ရှိသည်။
တစ်ခါတစ်ရံ မိသည့်အခါကျတော့လည်း မျက်နှာချိုလေး သွေးကာ ”ဆရာရယ်၊ ကြည့်လုပ်လိုက်ပေါ့”ဆိုသည့် မြန်မာပြည် သုံး ငြိမ်းချမ်းရေးစကားဖြင့် ဖြေရှင်းပေးရသည်။ သဘောထား တင်းမာပြီး မှန်ကန်သည့် စည်းကမ်းထိန်း ဝန်ထမ်းနှင့် တွေ့လျှင် တော့ လောလောဆယ် လိုင်စင်ပေးလိုက်ပြီး ကားထွက်ခါမှ ဒရိုင် ဘာရော စပါယ်ယာပါ ဆဲနည်းမျိုးစုံဖြင့် ကော်ဆဲကြတော့၏။
မြန်မာ့နိုင်ငံရေး ဘတ်စ်ကားကြီးပေါ်တွင် မတ်တတ်ရပ် ဘတ်စ်ကားစီး ပြည်သူများကလည်း ဒေါင်းဘက်တန်းကို ကိုင် ထားသူနှင့် ခြင်္သေ့ဘက်တန်း ကိုင်ထားသူတို့ အချင်းချင်း တိုးဝှေ့ စောင်းမြောင်းကြသည်။
ဘတ်စ်ကားကြီး၏ စက်သံကို ညံစေသည့် အောက်ဆွဲ အိပ် ဇောပိုက်များကလည်း ဘတ်စ်ကားကြီး၏ ရှေ့မတက်သည့် အရှိန် ကို ရှေ့တက်သယောင် ဖြီးလုံးများဖြင့် တဖုံးဖုံး အသံကျယ်ကျယ် ထွက်ပေးကြသည်။
အသံတဖုံးဖုံးနှင့် အသံသာကျယ်ပြီး ရှေ့မရောက်သည့် အနှီဘတ်စကားကြီးကား ရုတ်တရက် ရန်ကုန်၏ မြို့လယ်ကောင် သို့ ရောက်သောအခါ မိုးသည်းထန်စွာ ရွာလာလေ၏။
ထိုအခါ မဟာရန်ကုန်၏ ထုံးစံအတိုင်း မိုးငါးမိနစ် ရွာသည် နှင့် ဒူးခေါင်းဝက်ခန့် ရေတက်လာကာ ဘတ်စ်ကားကြီးကား ရေပေါ်ဘတ်စ်ကားအဖြစ် အသွင်ပြောင်းသွားတော့သည်။
ရေနစ်သဖြင့် ဘတ်စ်ကားကြီးကား ဖုတ်လိုက်ဖုတ်လိုက် ဖြင့် ရှေ့မတိုး နောက်မဆုတ်ဖြစ်နေကြစဉ် ဒရိုင်ဘာကြီးက ဘာ လုပ်ရမှန်း မသိ။ စပါယ်ယာအစိတ်သားအင်အားနှင့် ဆင်းတွန်း လို့ကလည်း မရွေ့။ ဟိုဘက်ခုံ၊ ဒီဘက်ခုံ ထိုင်နေကြသည့် လူကြီး မင်းများကလည်း ထိုင်ခုံနေရာကို သူများဦးသွားမည်စိုးသဖြင့် ထိုင်ခုံက မထကြ။ တချို့ကလည်း နေရာပျောက်မည်စိုးသဖြင့် လက်တစ်ဖက်က ထိုင်ခုံကို ကိုင်ထားကာ မင်းတို့ ဆင်းပါလား၊ ငါ တို့ဆင်းပါလားဟု တစ်ဖက်နှင့် တစ်ဖက် စောင်းမြောင်း ရန်စောင် ကြကုန်၏။
ထိုအခါ…
ရေနစ်နေသော ဘတ်စ်ကားကြီး ရွေ့စေရန်အလိုငှာ တကယ်တမ်း အောက်ဆင်းတွန်းကြသူများကား တစ်ချိန်လုံး ထိုင်ခုံမရဘဲ မတ်တတ်လိုက်လာသည့် ခရီးသည် ပြည်သူများပင်။ ရေပြင်ကျယ်ထဲ မကြောက်မရွံ့ဆင်းကာ သူတို့စီးလာသော ဘတ်စ်ကားကြီးအား အားတက်သရော ဝိုင်းကူတွန်းကြလေ သည်။ တစ်ချိန်က ဟိုဘက်ဒီဘက် ကားပေါ်တွင် ခတ်ခဲ့ကြသော လူထုမှာ စည်းစည်းလုံးလုံးဖြင့် ရေအားကို ဆန်သည့်အခါ ဘတ်စ် ကားကြီးကား ရေလွတ်ရာသို့ တဖြည်းဖြည်း ရွေ့ချေပြီ။
ထိုအခါ ဘတ်စ်ကားပေါ်မှ ဒရိုင်ဘာကြီးနှင့်တကွ ဘေးခုံ နှစ်တန်းမှ လူကြီးမင်းအပေါင်းတို့ကလည်း ရေစိုလာသည့် သူရဲ ကောင်း အာဂပြည်သူအချို့အား သူတို့ထိုင်ခုံများဘေးတွင် စေတနာကြီးစွာ မတ်တတ်ရပ်စေလျက် ဓာတ်ပုံတွဲရိုက်ရင်း မဲ ဆွယ်ကြလေတော့လေသည်တကား။
ထိုသို့ ထိုသို့ဖြင့်…
မောင်ဗြိတို့၏ ဘတ်စ်ကားနိုင်ငံတော်ကြီးမှာ ရေဘေးမှ လွတ်သော်လည်း မီးပွိုင့်ပျက်နေသော အကွဲသံသရာအဝိုင်းထဲ တွင် ထိုင်ခုံများ လုကြရင်း တဝဲလည်လည်ဖြင့် ဝဲလည်လျက်.. ။ ။

