ကြိုးလေးချောင်းတပ် ဂစ်ယို(ကယားဂစ်တာ)ကိုတီးခတ် ပြီး ရိုးရာတေးသီချင်းတစ်ပုဒ်ကို ဆွဲဆွဲငင်ငင် သီဆိုနေသော ကယန်းကခေါင်းတိုင်းရင်းသူကြီး၏အသံက ငြိမ့်ငြိမ့်ညောင်း ညောင်း ရှိလှသည်။
လည်ပင်းတွင် ကြေးကွင်း ၂၂ ကွင်း စွပ်ထားသည့် အသက် ၅ဝ ကျော်အရွယ် ထိုကယန်းကခေါင်း တိုင်းရင်းသူကြီးအတွက် တော့ ယခုလို ဂစ်ယိုတီးပြီး သူ့ဆိုင်ကို လာရောက်ကြသူတွေကို ကြိုဆိုရသည်မှာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေသည်။
တောင်ငူမှ ကယားပြည်နယ်၊ ဒီမောဆိုး (ဒီးမော့ဆို)သို့ သွားရာ ကားလမ်းဘေးတွင် အိမ်နှင့် တွဲဖွင့်ထားသည့် သူ၏ဈေး ဆိုင်လေး၌ ရိုးရာခေါင်ရည် ပူပူချိုချိုများရနိုင်သလို မက်ခါသီး၊ ချင်း၊ ငရုတ်သီး၊ ဆန်မှုန့်၊ ကြက်သားတို့နှင့် ပေါင်းစပ်ပြုလုပ်ထား သော ဟင်းထုပ်ဟုခေါ်သည့် ရိုးရာအစားအစာကိုလည်း ရနိုင်ပါ သည်။
ရိုးရာဟင်းထုပ်မှာ ချဉ်ငန်စပ်အရသာရှိပြီး ထမင်းနှင့် တွဲ ဖက်စားသောက်နိုင်သလို ချက်လုပ်ပြီးခါစ ခေါင်ရည်ပူချိုမြမြနှင့် တွဲဖက်ကာ အမြည်းလုပ်စားမည်ဆိုလျှင်လည်း လွန်စွာမှ လိုက် ဖက်လှသည်။ နိုင်ငံခြားတံဆိပ်၊ ပြည်တွင်းတံဆိပ်များ ပါသော အရက်၊ ဘီယာ၊ ယမကာများနှင့် မုန့်မျိုးစုံကိုလည်း သူ့ဆိုင်တွင် ရနိုင်သည်။
သူ့ဆိုင်၏ ရှေ့အဖီလေးအောက်တွင်တော့ ဂျက်ခုပ်ရက် သော ကွပ်ပျစ်လေးတစ်ခုရှိသည်။ ရက်လုပ်ပြီးသား ဂျက်ခုပ်ပဝါ များကို ကွပ်ပျစ်အထက်နားတွင် တွဲလောင်းချိတ်ဆွဲပြသထား သည်။ ဖလားတစ်လုံးထဲတွင်တော့ ကြေးလက်ကောက်၊ ကြေး လက်စွပ်များကို ထည့်ထားသည်။ အချို့ခရီးသည်များက သဘော ကျပြီး ဝယ်သွားကြသည်။
”ဒီမှာက ပုံမှန်ဝင်ငွေတော့မရှိဘူး” ဟု ထိုအမျိုးသမီးကြီး က ဆိုသည်။ ”ခရီးသွားတွေ လာတဲ့အခါမှ ပိုက်ဆံရတာ”။
သူ့အိမ်နှင့်အတူ အခြားအိမ်ငါးအိမ်ခန့်လည်း ထိုနေရာ တွင် ရှိနေကြပြီး ထိုအထဲမှ သုံးအိမ်လောက်က ဈေးဆိုင်လေးတွေ ဖွင့်ထားကြသည်။
ကယန်းကခေါင်းလူမျိုးများကို လူအများသိကြသည်က ပဒေါင်လူမျိုးဟူ၍ဖြစ်သည်။ တကယ်တမ်းတော့ ကယန်း ကခေါင်းလူမျိုးများက သူတို့ကို ပဒေါင်ဟုခေါ်သည်ကို ကြိုက်ကြ သည်မဟုတ်။ အကြောင်းမှာ ကြေးကွင်းအထပ်ထပ်စွပ်သဖြင့် ရှည်လျားလှသော ကယန်းကခေါင်းအမျိုးသမီးများ၏ လည်ပင်း ကိုကြည့်ပြီး လည်ပင်းတစ်တောင်(ဒေါင်)ရှိသောလူမျိုးဟု ဟိုးအရင်တုန်းကနောက်ပြောင်ခေါ်ကြရာမှ နောင်တွင် ပဒေါင်ဟူသော အသုံးအနှုန်းဖြစ်လာသောကြောင့်ဟု ကယန်းစာပေနှင့် ယဉ် ကျေးမှု ကော်မတီမှ ဥက္ကဋ္ဌ ဦးပေါလုချမ်းက ရှင်းပြသည်။
ထို့ကြောင့်လည်း ကယန်းကခေါင်းများက သူတို့ကိုခေါ် လျှင် ကယန်းလူမျိုးဟုသာ ခေါ်စေချင်ကြသည်ဟု ဆိုပါသည်။
ယနေ့အခါမှာ လည်ပင်းကြေးကွင်းဝတ်သည့် ကယန်း ကခေါင်းအရေအတွက်မှာ လျော့နည်းလာပြီး ထိန်းသိမ်းမှုများ မပြုလုပ်နိုင်ပါက ပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင် နေရသည်ဟု ကယန်းလူမျိုးခေါင်းဆောင်များက ပြောပြပါသည်။
စပါးကိုရိုးရာဆုံထဲသို့ ထည့်ထောင်းနေသည့် ကယန်းကခေါင်း အမျိုးသမီးများ။ သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
မှေးမှိန်စပြုလာသည့် ကြေးကွင်းဝတ်ယဉ်ကျေးမှု
ယခုအခါ လည်ပင်းကြေးကွင်းပတ်သူများကို ကယားပြည် နယ်တစ်ဝန်း ခပ်ကျဲကျဲသာတွေ့ရပြီး များများစားစားဆိုလို့ ဒီ မောဆိုးမြို့နယ်အတွင်းရှိ ပန်ပက်ရွာတစ်ရွာတည်းမှာပဲ တွေ့ရ တော့သည်ဟု ဦးပေါလုချမ်းက ဆိုပါသည်။
”ဒါပေမဲ့ တစ်ရွာလုံးပတ်တာမဟုတ်ဘူး။ သုံးချိုးတစ်ချိုး လောက်ပဲ ပတ်ကြတာ”ဟု သူက ဆိုသည်။
”နောက်ပိုင်း မထိန်းသိမ်းနိုင်တော့ဘူး”
မှေးမှိန်ပျောက်ကွယ်စေမည့် အဓိကအချက်ကြီးများထဲ တွင် ပထမအချက်တစ်ချက်မှာ ယနေ့ခေတ်တွင် ကယန်းကခေါင်း မျိုးဆက်သစ်လူငယ်များသည် လည်တိုင်တွင် ကြေးကွင်းများ ပတ်ခြင်း၊ ခြေ၊ လက်များတွင်လည်း ကြေးလက်ကောက်၊ ကြေး ခြေကျင်းများ ဝတ်ဆင်ရခြင်းတို့ကို ခေတ်မမီဟု မြင်လာကြသော ကြောင့်ဖြစ်သည်ဟု ကယန်းအမျိုးသမီးအဖွဲ့မှ အတွင်းရေးမှူး ဒေါ်မူအန်းဂျေလာက ဆိုပါသည်။
နောက်တစ်ချက်မှာ ထိုသို့ကြေးကွင်းများ ဝတ်ဆင်လိုက် ခြင်းဖြင့် လည်တိုင်ကို သာမန်ထက်ရှည်လျားစေသဖြင့် အလှ ပျက်သည်ဟု ခံယူကြသဖြင့် မဝတ်ဆင်ကြတော့ကြောင်း ဒေါ်မူ အန်းဂျေလာက ထပ်မံရှင်းပြပါသည်။
ဒေါ်မူအန်းဂျေလာကိုယ်တိုင်လည်း ကယန်းကခေါင်း အနွယ်ဖြစ်သည့်တိုင် ကြေးကွင်းပတ်မထားပါ။ သူ့အဘွားက တော့ ယခုတိုင်ကြေးကွင်းများကို ပတ်ထားသည်ဟု ဆိုသည်။
”ဝတ်ဆင်ထားတဲ့လူတွေ့ရင် အရမ်းသဘောကျတယ်။ ဒါပေမဲ့ ကိုယ်တော့ မဝတ်နိုင်ဘူး”ဟု ဒေါ်မူအန်းဂျေလာက ပွင့် ပွင့်လင်းလင်းနှင့် ရယ်မောကာ ပြောပြသည်။
ဦးပေါလုချမ်းကလည်း ယခုကဲ့သို့ နောက်ပိုင်းလူငယ်များ ဝတ်ဆင်မှုနည်းလာခြင်းကြောင့် ရိုးရာဓလေ့တစ်ခု ပျောက်ကွယ် မသွားအောင် နည်းလမ်းတစ်ခု စဉ်းစားထားသည်ဟု ယခုလို ဆို သည်။
”ဒီကြေးကွင်းပတ်တာက ရှည်လေလေ၊ သူတို့က ဂုဏ်ယူ လေလေ ဖြစ်နေတာ။ နောက် ရှည်တော့ လူရဲ့ ပုံပန်းသဏ္ဌာန် ပျက်သွားတယ်။ အဲဒီတော့ တအားအရှည်ကြီး ပတ်စရာမလိုဘဲ ပုံမှန်လောက်ပဲပတ်ရင်၊ နောက် ကျွန်တော်တို့ ယဉ်ကျေးမှုတစ်ခု လည်း ဖြစ်တော့ လှအောင်လုပ်ရင် အန်မတန်လည်း ဂုဏ်ယူစရာ ကောင်းတယ်”
ဤနည်းဖြင့် လူငယ်အများ လက်ဆင့်ကမ်းမသယ်ယူချင် သော ယဉ်ကျေးမှုတစ်ခုကို ဆက်လက်ထိန်းသိမ်းသွားလိုစိတ်ရှိ အောင် လုပ်ဆောင်မည်ဟု ဦးပေါလုချမ်းက ဆိုသည်။
တောင်ငူ ဒီမော့ဆိုး ကားလမ်းဘေးမှ ကယန်းအမျိုးသမီးကြီး ရိုးရာ ဂျက်ခုပ်ရက်ပြနေစဉ်။ ဓာတ်ပုံ- သက်ဦးမွန်/မော်ကွန်းမဂ္ဂဇင်း
ကြေးကွင်းစွပ်ဓလေ့
ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအဆိုအရ ကယား ပြည်နယ်အတွင်းနှင့် အပြင်၌ လူဦးရေ သုံးသိန်းဝန်းကျင်ရှိသော ကယန်းအနွယ်လေးမျိုးအနက် ယင်း၏ လေးပုံတစ်ပုံခန့်ရှိသော ကယန်းကခေါင်းအမျိုးအနွယ်များသာ ကြေးကွင်း ဝတ်ကြခြင်း ဖြစ်သည်။ ကျန်မျိုးနွယ်စုသုံးစုကတော့ ကြေးကွင်းများကို မဝတ် ဆင်ကြပါ။
ကြေးကွင်းဝတ်ခြင်းနှင့်ပတ်သက်၍ ဒဏ္ဍာရီလာပုံပြင် အမျိုးမျိုးရှိသည်။ သက်ကြီးစကား သက်ငယ်ကြား၊ တစ်ဆင့် စကား တစ်ဆင့်နားဖြင့် လက်ဆင့်ကမ်း သယ်ဆောင်လာသော ပုံပြင်တွေထဲမှ တစ်ခုက ကယန်းကခေါင်းတို့သည် သူတို့ကိုယ်သူ တို့ တရုတ်နွယ်ဖွားများဟု မြင်ကြသည့်အတွက် နဂါးကို ယုံကြည် သည့်အလျောက် ကြေးကွင်းများ စွပ်ကြသည်ဟုလည်း ဆိုသည်။
ရှေးအခါက ဘုရင်များ တော်ကောက်မည်ကိုစိုးသဖြင့် ထိုသို့ ကြေးကွင်းစွပ်ရခြင်းဖြစ်သည်ဟုလည်း ဆိုသူတို့က ဆိုသည်။ နောက်ပုံပြင်တစ်ခုမှာ ရှေးသရောအခါက ရွှေစေတီတစ်ဆူကို ကယန်း၊ ရှမ်းနှင့် မြန်မာတို့က သူပိုင်သည်၊ ငါပိုင်သည်ဟု အငြင်း ပွားရာမှ ကြေးကွင်းစွပ်ဓလေ့ဖြစ်လာသည်ဟုလည်း ဆိုကြသည်။ ပုံပြင်က ယခုလိုဖြစ်သည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် သူပိုင်၊ ငါပိုင်အငြင်းပွားနေ သော ရွှေစေတီသည် ပထမဦးဆုံးတွေ့သည့်သူများဘက်သို့ ညွှတ်ပါစေသားဟု လူမျိုးသုံးစုက အဓိဋ္ဌာန်ကြရာ ရွှေစေတီသည် ကယန်းတို့ဘက်သို့ ညွှတ်လေသည်။ ကယန်းတို့လည်း စေတီမှ ရွှေများကို ခွာယူပြီး တောင်ထူထပ်သော နောင်တွင် ကယားပြည် နယ်ဖြစ်လာမည့် ဒေသဘက်သို့ ဦးတည်သွားကြသည်ဟုဆိုသည်။
ထိုရွှေများပျောက်ပျက်မည်စိုးသဖြင့် အမဲလိုက်သည့်အခါ ပဲဖြစ်ဖြစ်၊ သစ်ခုတ်၊ ဝါးခုတ်၊ တောင်ယာသွားလုပ် သည့်အခါပဲ ဖြစ်ဖြစ်၊ ရေခပ်ဆင်းသည့်အခါပဲဖြစ်ဖြစ် ကယန်းတို့သည် ရွှေများ ကို အခွေလုပ်ပြီး လည်ပင်းနှင့် ခြေထောက်တို့တွင် စွပ်သွားကြ သည်ဟုဆိုသည်။ နောင်တွင် ရွှေအစား ကြေးကို အကွင်းလုပ်ပြီး ဝတ်ရာမှ ဓလေ့ထုံးစံတစ်ခုလို ဖြစ်လာခဲ့သည်ဟုဆိုသည်။
ကယန်းကခေါင်းတို့အနေဖြင့် အရင်တုန်းက လက်နှင့် ခြေ ထောက်များတွင် ငွေအစစ်ဝတ်ဆင်ကြသော်လည်း နောက်ပိုင်း တွင် ငွေမတတ်နိုင်ကြသောကြောင့် ငွေအစား ဒန်ကို ဝတ်ဆင်ကြ သည်ဟု ရွမ်ကူးရွာမှ ကယန်းအမျိုးသမီးကြီးက ရှင်းပြသည်။
ကယန်းကခေါင်းလူမျိုးများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာကိုးကွယ်သူ တစ်ဝက်စီရှိကြပြီး နတ်ကိုးကွယ်သူအချို့ လည်းရှိသည်ဟု ဦးပေါလုချမ်းက ခန့်မှန်းသည်။
ကယန်းကခေါင်းအမျိုးသမီးများသည် ကြေးကွင်းကို အသက် ၁ဝ နှစ်ခန့်မှ စ၍ ဝတ်ကြသည်။ စတင်ဝတ်ဆင်စဉ်က ကြေးကွင်းနှစ်ကွင်း၊ သုံးကွင်းလောက်ဝတ်ကြရင်း နောက်ပိုင်း ရှည်ထွက်လာသော လည်ပင်းပေါ် မူတည်ပြီး တစ်ကွင်းပေါ် တစ် ကွင်းထပ်ရင်းဖြင့် ၂၃ ကွင်း၊၂၄ ကွင်းအထိ ပတ်ကြသည်များ လည်း ရှိပါသည်။
ကယန်းကခေါင်းလူမျိုးများ၏ ကြေးကွင်းဝတ်ဆင်ခြင်း ဓလေ့၊ ရိုးရာအလှအပများ၊ လူကုန်ကူးခံရမှုနှင့် ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များအတွက် အလှပြအလုပ်လုပ်ကိုင်ရပုံကို ဒါရိုက်တာအောင်ကိုလတ်က ကယန်းအလှ (Kayan Beauties) ဟူသည့် ဇာတ်လမ်းတိုရုပ်ရှင်ရိုက်ကူးခဲ့ပါသည်။ ထိုရုပ်ရှင်သည် ‘အာဆီယံအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် ၂ဝ၁၃’တွင် Best of July Award ဆုရရှိခဲ့သည်။
မကြာသေးခင်က ကျင်းပခဲ့သည့် ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ် ရှင် ထူးချွန်ဆုချီးမြှင့်ပွဲတွင်လည်း ရှုခင်း၊ ရှုကွက် လှပကောင်း မွန်မှု၊ ဓာတ်ပုံအတတ်ပညာကောင်းမွန်မှုတို့ကြောင့် အကောင်း ဆုံးဓာတ်ပုံဆုကို ဒါရိုက်တာအောင်ကိုလတ် ရခဲ့ပြန်သည်။ အကောင်းဆုံးရုပ်ရှင်အသံဆုကိုလည်း ဦးတိုနီလင်းက ယင်းကား ဖြင့်ပင် ရရှိခဲ့သည်။
ကယန်းကခေါင်းအမျိုးသမီးများကား ကြေးကွင်းများကိုအချိန်ပြည့်ပတ်ထားကြသည်တော့ မဟုတ်ပါ။ ဒီမောဆိုးမြို့နယ်၊ ရွမ်ကူးကျေးရွာမှ ကြေးကွင်း ၂၂ ကွင်းအထိ ဝတ်ဆင်ထားသူ အသက် ၇ဝ အရွယ် ဒေါ်မူဘုန်းဆိုလျှင် အလုပ်နားချိန်ကျမှသာကြေးကွင်းများကို ဝတ်ဆင်သည်ဟုဆိုသည်။
အလုပ်လုပ်နေချိန် ကြေးကွင်းများ ဝတ်ဆင်ထားပါက အလုပ်မတွင်ကျယ်ဘဲ ဝတ်ဆင်ရသည်မှာလည်း ပင်ပန်းသော ကြောင့် ဖြစ်သည်ဟုဆိုသည်။ ကြေးကွင်းများဝတ်ဆင်ရန်နှင့် ပြန်လည်ဖြုတ်ရန် အခြားလူတစ်ဦးက ကူညီပေးရပြီး ကြေး ချောင်းအရှည်ကို လည်ပင်းနှင့် တိုင်းထွာကာ တစ်ပတ်ချင်း လည်ပင်းတွင် ရစ်ခွေကာ တပ်ဆင်ရခြင်း ဖြစ်သည်။
ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။

