အောက်တိုဘာလထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၈)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။
ရွေးကောက်ပွဲနီးလာချိန်မှာ မောင်ဥယျာဉ်တစ်ယောက် နိုင်ငံရေးဆောင်းပါးတွေ ရေးနေပြီလို့ ထင်နေရင် မိတ်ဆွေရဲ့ အထင် တက်တက်စင်အောင် လွဲသွားပါပြီ။
နိုင်ငံရေးဆိုရင် ဝေရာမဏိလုပ်ခဲ့ပြီး ဝေးဝေးက ရှောင်ခဲ့တာ ကြာလေလှပေါ့။ နိုင်ငံရေးကင်းရှင်းတာကလည်း မပြောနဲ့လေ။ ဘာလုပ်ငန်း ဝင်လုပ်လုပ် နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံချက်က မပါမဖြစ် တောင်းခံတဲ့
ခေတ်က ဆယ်စုနှစ်နဲ့ ချီပြီး ရှိခဲ့တာကိုး။
တာဝန်ရှိသူတွေကို ကိုယ်တိုင်က ပါတီနိုင်ငံရေးဆိုတာ အာဏာ နိုင်ငံရေးဖြစ်ပြီး မကောင်းကြောင်း၊ အများအတွက်လုပ်တဲ့ အမျိုး သား နိုင်ငံရေးကပဲ ကောင်းကြောင်း အာပေါင်အာရင်းသန်သန် ပြောခဲ့ကြတာပေါ့။ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်ကတော့ နိုင်ငံရေးကို ဘယ်လောက်အထိ ကင်းသလဲဆိုရင် မြန်မာဗီဒီယို ကားတွေ ကြည့်ဖြစ်တဲ့အခါ နိုင်ငံရေးဦးတည်ချက်ဆိုတာ တီဗီမှာ ပေါ်လာရင် ကျော်ပစ်လိုက်တာပဲဆိုပြီး စာပေဟောပြောပွဲတွေမှာ ထည့်ပြောတယ်။ အဲဒီဆရာ ပြောသလိုပါပဲ။ ကျွန်တော်တို့လည်း နိုင်ငံရေးနဲ့ ဆယ်စုနှစ်နဲ့ ချီပြီး ကင်းကင်းရှင်းရှင်း နေခဲ့ကြရတယ်။ မကင်းရှင်းလို့လည်း မဖြစ်ဘူး။ နိုင်ငံတော်စရိတ်နဲ့ အင်းစိန်တော ရမှာ ကာလရှည်ကြာ ဧကစာကျင့်ရနိုင်တယ်လေ။ ဒါပေမဲ့ အများ အတွက် နိုင်ငံရေးကို ယုံကြည်ချက်နဲ့ စိုက်လိုက်မတ်တတ် လုပ် သွားသူတွေလည်း အသေအချာ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေ တရစပ်ဖိနှိပ်နေတဲ့ကြားက ထောင်မကြောက် တန်းမကြောက် လုပ်သွားကြသူတွေလည်း တကယ်ရှိခဲ့ပါတယ်။
ကျွန်တော် အခုရေးမှာက စုဆောင်းတတ်တဲ့ အလေ့ အကျင့်ဟာ ကောင်းမွန်မှန်ကန်တယ်ဆိုတဲ့အကြောင်း ရေးမှာပါ။ ကျွန်တော်တို့လူမျိုးမှာ စုဆောင်းတာနဲ့ ပတ်သက်ပြီး စကားကိုး စကားကားတွေက ကြွယ်ပိုးကြွယ်ဝရှိလှတယ်။ ချွေတာစုဆောင်း သူဌေးလောင်း၊ စုနိုင်မှ ချမ်းသာမည်၊ တစ်ပဲစုရင် တစ်ပဲတိုးတယ် ဆိုတဲ့ စကားလုံးတွေက စုဆောင်းတဲ့ ဓလေ့နဲ့ ရင်းနှီးကျွမ်းဝင်ပြီး သားဆိုတာ ဖော်ပြနေတယ်။
ကျွန်တော်တို့ရဲ့ စုဆောင်းတဲ့ အလေ့အကျင့်ကောင်းကို စုဘူးတွေနဲ့ စတင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ကျွန်တော်ကိုယ်တိုင် လည်း စုဘူးတွေနဲ့ စုခဲ့တာပါပဲ။ မြေအိုးနဲ့ လုပ်ထားတဲ့ စုဘူးနဲ့ စုခဲ့ ဖူးတယ်။ နို့မှုန့်ဘူးခွံတို့၊ ဘီစကစ်ဘူးခွံတို့ကို ခဲဂဟေဆော်ပြီး လုပ်ထားတဲ့ စုဘူးတွေနဲ့လည်း စုခဲ့ဖူးတာပေါ့။ ဝါးကျည်တောက် စုဘူးတွေနဲ့တောင် စုခဲ့ရသေးတာကလား။
မြေအိုးနဲ့ လုပ်ထားတဲ့ စုဘူးတွေက ပစ်တိုင်းထောင်ရုပ် ကလေးတွေကို အောက်ခြေညီအောင် လုပ်ထားပြီး ရောင်စုံဆေး တွေ ခြယ်သထားကြတယ်။ စုဘူးထိပ်မှာတော့ ငွေစက္ကူတွေကို လိပ်ပြီး ထည့်နိုင်ဖို့ ခဲတံတစ်ချောင်းစာလောက် ဝင်နိုင်ရုံ အပေါက်ဖောက်ထားတယ်။ ကျွန်တော်တို့ခေတ်က ငွေအကြွေ တွေလည်း သုံးခဲ့ရတော့ ငွေအကြွေစေ့ ထည့်နိုင်ရုံ ကျယ်တဲ့ အပေါက်လည်း စုဘူးမှာ ပါတာပေါ့။
မြေအိုးစုဘူးတွေက မြန်မာ့ရိုးရာ လက်မှုအနုပညာတွေ ဖြစ်တယ်။ အခုခေတ်က ပိုက်ဆံကို စုဘူးထဲ ထည့်ပြီး စုတဲ့ ခေတ် ပျောက်သလောက်နီးပါး ဖြစ်နေပေမယ့် မြေအိုးစုဘူးရောင်းတဲ့ ဆိုင်လေးတွေကို ဘုရားပွဲကျောင်း ပွဲရာသီတွေ ရောက်ရင် ပွဲဈေး တန်းမှာ တွေ့နေရသေးတယ်။ ဒီလုပ်ငန်းဟာ နောက်ထပ်ဆယ် စုနှစ် ဘယ်လောက်အထိ ကြာအောင် ရှိနေဦးမှာပါလိမ့်လို့ ပူပင် မိတယ်။
မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတွေ၊ မြန်မာ့ရိုးရာ မုန့်ပဲသရေ စာတွေ၊ မြန်မာ့ရိုးရာကစားနည်းတွေ တဖြည်းဖြည်းနဲ့ တိမ်မြုပ် ပျောက်ကွယ်လာတာ မနည်းတော့ဘူး။ စဉ့်ထည်နဲ့ လုပ်ထားတဲ့ ကဒေါင်းရုပ်နောက်ခံနဲ့ ဆေးလိပ်ပြာခွက်တွေ၊ ရေနွေးကရားအိုး တွေ၊ ညောင်ရေအိုးတွေဆိုရင် သိပ်မသုံးကြတော့ဘူး။ ရိုရိုသေ သေသုံးရင် ဆယ်စုနှစ်နဲ့ ချီကြာအောင် ကာလအတန်ကြာ သုံးနိုင်တဲ့ ရိုးရာလက်မှုအနုပညာပစ္စည်းဖြစ်တယ်။
ဈေးနှုန်းလည်း (ကာလပေါက်ဈေးနဲ့ ဆိုရင်) သင့်တော် တယ်၊ တာရှည်လည်း ခံတယ်၊ သုံးစွဲရလည်း လွယ်ကူတယ်၊ ဒါပေ မဲ့ ဝယ်ယူအသုံးပြုမယ့် ကပ်စတန်မာ နည်းလွန်းတာကြောင့် ဈေး ကွက်မှာ မတွေ့ရသလောက် နည်းနေပြီ။ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းက ကိုယ့်အနုပညာကို တန်ဖိုးထားရကောင်းမှန်း မသိ ဘူး။ တာဝန်ရှိသူတွေကိုယ်တိုင်ကလည်း ရိုးရာလုပ်ငန်းတွေကို မြေတောင်မြှောက်ပေးပြီး ပြည်ပပို့ကုန်အမယ်သစ်အဖြစ် ဈေး ကွက်တိုးချဲ့ပေးရကောင်းမှန်း မသိဘူး။ ကိုယ်တိုင်ထုတ်လုပ် ရောင်းချသူတွေကိုယ်တိုင်က မိဘဘိုးဘွား အမွေအနှစ်လုပ်ငန်း ကို ရှင်သန်ဖွံ့ဖြိုးအောင် လုပ်ရကောင်းမှန်း မသိဘူး။ ကျွန်တော် တို့ လူ့အဖွဲ့အစည်းက မသိခြင်းတွေနဲ့ ပြည့်စုံနေတဲ့ ခပ်ချာချာ လူ့ အဖွဲ့အစည်းဖြစ်မှန်းမသိ ဖြစ်နေပြီ။
အခုခေတ်မှာ စဉ့်ထည်ဆေးလိပ်ပြာခွက်နေရာမှာ ဗီယက် နမ်က လာတဲ့ မယ်လမင်းနဲ့ လုပ်ထားတဲ့ ဆေးလိပ်ခွက်က နေရာ ယူလာတယ်။ စဉ့်ရေနွေးကရားအိုးနေရာမှာ ဂန္ဓလရာဇ်ဓာတ်ဘူး အစားထိုးလာတယ်။ ဘုရားစင်မှာ စဉ့်ညောင်ရေအိုး မသုံးတော့ ဘဲ မဇ္ဈိမဒေသထုတ် စတီးညောင်ရေအိုးတွေ ဖြစ်လာတယ်။ ရေ ထည့်တဲ့ စဉ့်အိုးတို့၊ စဉ့်အင်တုံတို့လည်း လူကြိုက်နည်း ပစ္စည်းစာ ရင်းဝင်သွားပြီ။ ယိုးဒယားက လာတဲ့ ပလတ်စတစ်ကန်တွေကို အိမ်ရှင်မတွေ သဘောကျကြတယ်။ ကျွန်တော်တို့ အိမ်သည်ပင် ကမ္ဘာ့ရွာ ဖြစ်နေပါပကော။
စုဘူးစုတဲ့ ဓလေ့ပျောက်တာနဲ့ စုဘူးတွေ ကွယ်ပျောက်သွား ရတဲ့ ဖြစ်ရပ်တွေက အလွန်မကွာဟလောက်ဘူး။ စုဘူးအစား ခရက်ဒစ်ကတ်တွေ၊ ဒတ်ဗစ်ကတ်တွေနဲ့သာ သုံးစွဲကြတော့တယ်။ ကတ်ယဉ်ကျေးမှုကြီး ရွှေပြည်ကြီးမှာ ထွန်းကားလာနေပါပကော။
ကျွန်တော်တို့ငယ်ငယ်ကတော့ စုဘူးမျိုးစုံနဲ့ စုခဲ့ရတယ်။ ဘာကြောင့် စုခဲ့ကြတာလဲ။ ဘယ်လိုစုခဲ့ကြတာလဲ၊ ဘယ်အချိန် မှာ စုခဲ့၊ ဆောင်းခဲ့ကြသလဲဆိုပြီး စေ့ငုကြည့်တော့ အဖြေရေးရေး ပေါ်လာတယ်။
စုတယ်ဆိုတာ တကယ်တော့ ခြိုးခြံချွေတာရေး ပေါ်လစီပဲ။ ရတဲ့ မုန့်ဖိုးထဲကနေ ခြိုးခြံချွေတာတာလေ။ မုန့်ဖိုးတစ်ကျပ် ရတဲ့အခါ သုံးမတ်သုံးခွင့်ရှိပြီး ပိုတဲ့ တစ်မတ်ကို စုခဲ့ကြရတယ်။ တစ်ခါ တလေကျတော့လည်း ပေးတဲ့ မုန့်ဖိုးကုန်သွားလို့ စုဘူးထဲ မရောက်တဲ့အခါတွေလည်း ရှိတာပဲ။
နို့မှုန့်ဘူးခွံတွေ၊ မိသားစု မုန့်ပုံးခွံတွေနဲ့ စုခဲ့တဲ့ ကာလလည်း မနည်းလှဘူး။ မိသားစုပုံးခွံနဲ့ စုတဲ့အခါ စုဘူးအရွယ်အစားက ကြီးနေလို့ တော်တော်နဲ့ မပြည့်တာလည်း အမှတ်ရမိတယ်။ စုဘူး ရဲ့ သဘောသဘာဝကိုက စုကြေးလို မဟုတ်ဘူး။ နေ့တိုင်း စုချင်မှ လည်း စုဖြစ်မယ်။ အဆင်ပြေတဲ့အခါ စုမယ်၊ ပိုလျှံလောက်တဲ့အခါ စုမယ်၊ စုဘူးပြည့်လောက်ပြီဆိုမှ ဖောက်ကြရတာကလား။ တစ် ခါတလေတော့လည်း ကိုယ်လိုချင်တဲ့ ပစ္စည်းတန်ဖိုး ပြည့်မီ လောက်ပြီ ထင်တဲ့အခါ စုဘူးမပြည့်ပေမယ့် ဖောက်လိုက်ရတာ လည်း ရှိတယ်။ စုဘူးထဲ ပိုက်ဆံတွေ ပြည့်နေပေမယ့် ငွေမလိုလို့ စုဘူးမဖောက်ခဲ့ရတာတွေလည်း ရှိတာပေါ့။
ဝါးကျည်တောက်နဲ့ လုပ်တဲ့ စုဘူးတွေကတော့ ဝယ်စရာ မလိုဘူး။ အဝကျယ်တဲ့ ဝါးလုံးတစ်လုံးရှာပြီး လွှတစ်ချောင်းနဲ့ ကိုယ့်ဘာသာ လုပ်ခဲ့ကြတာပါပဲ။ ဝါးကျည်တောက်ထဲကိုတော့ ငွေစက္ကူတွေ လိပ်ပြီး ထည့်ဖို့ အဝိုင်းပေါက် မဖောက်တော့ဘဲ အကြွေစေ့ ထည့်ဖို့ ဖောက်ထားတဲ့ လွှတစ်ပြားစာအပေါက်ထဲကို အကြွေရော ငွေစက္ကူပါ ထည့်ကြရတယ်။
တချို့ကတော့ ပလတ်စတစ်ကော်ကြွပ်ဘူးတွေနဲ့ လုပ်ထား တဲ့ အရုပ်တွေနဲ့ စုခဲ့ကြတယ်။ ပလတ်စတစ်ကော်ရုပ်တွေက အများအားဖြင့် ဘိုမရုပ်လေးတွေ ရှိတယ်၊ ဇီးကွက်ရုပ်လေးတွေနဲ့ လုပ်ထားတဲ့ စုဘူးတွေလည်း ရှိတာပဲ။ ဝက်ဝံရုပ်စုဘူးတွေလည်း ရှိတာပေါ့။
စုဘူးထဲမှာ ပိုက်ဆံတွေ ပြည့်ခါနီးရင် သိပ်ပျော်ဖို့ ကောင်း တာပဲ။ ကိုယ်လိုချင်တဲ့ ပစ္စည်းရတော့မယ်ဆိုတဲ့ ခံစားချက်နဲ့ အနာဂတ်ကို မျှော်တွေးရတာ ဘယ်လောက်ရင်ခုန်ဖို့ ကောင်း သလဲ၊ စုဘူးစုခဲ့တဲ့ သူတစ်ယောက်ဟာ လှပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ခဲ့သူချည်းပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စုဘူးစုခဲ့ဖူးတော့ လှပတဲ့ အနာဂတ်တွေ ကျွန်တော့်မှာလည်း အသေအချာ ရှိခဲ့ဖူး တာပေါ့။ စုဘူးတွေက ကျွန်တော်တို့ ပုံဖော်မယ့် အနာဂတ်အတွက် ကိုယ်တိုင်ထုဆစ်ရမယ်ဆိုတဲ့ အလေ့အကျင့်ကောင်းကို မျိုးစေ့ ချထားပေးခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ကလေးငယ်တွေမှာ အဲဒီ အလေ့အကျင့်ကောင်းမရတော့ဘူး။ တတ်နိုင်တဲ့ မိဘရဲ့ သား သမီးတွေကလည်း စုဘူးစုတဲ့ အလေ့အကျင့် မရှိတော့ဘူး။ စုစရာ လည်း မလိုတော့ဘူးလေ။ ကလေးလိုချင်သမျှ မိဘတွေက အကုန်ဖြည့်ဆည်းပေးနေတာကိုး။ မတတ်နိုင်တဲ့ ကလေးက လည်း စုဆောင်းတဲ့ အလေ့အကျင့်ကို မိဘက လုပ်မပေးဘူး။ ငါ တို့မှ မတတ်နိုင်တာဆိုတဲ့ အငုံ့စိတ်နဲ့ မစုဆောင်းခိုင်းတော့ဘူး။ ကျွန်တော့်ရဲ့ ငယ်ဘဝတွေကို ပြန်စဉ်းစားကြည့်တော့ ကျွန်တော် တို့ကိုယ်တိုင်လည်း တတ်နိုင်လို့၊ ပိုလျှံလို့ ဆိုတာထက် မိဘတွေက စုဘူးဝယ်ပေးထားပြီး စုဘူးပြည့်ရင် ကိုယ်လိုချင်တာရမယ်ဆိုတဲ့ အသိလေးကြောင့် စုဖြစ်ခဲ့ကြတာ များတယ်။
တစ်ခါတလေ ပေးလိုက်တဲ့ မုန့်ဖိုးကုန်အောင် စားချင်တဲ့ စိတ်တွေ ပေါ်လာတဲ့အခါတွေ ရှိတာပေါ့။ စုဘူးမပြည့်ရင် ငါလိုချင် တဲ့ ပစ္စည်းမရဘူးဆိုတာ သိထားတော့ စားချင်တဲ့ စိတ်တွေ မျို သိပ်ခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။ စုဘူးစုတဲ့အတွက် တပ်မက် စိတ်တွေ အထိုက်အလျောက် လျှော့ချနိုင်ခဲ့တယ်။ တရားသဖြင့် လိုချင်တာကို စနစ်တကျ ပုံဖော်တည်ဆောက်နိုင်ခဲ့တာတွေလည်း ရှိတာပေါ့။
ကျွန်တော်တို့နဲ့ ခေတ်ပြိုင်တော်တော်များများ စုဘူးတွေနဲ့ လက်ပွန်းတတီး ရှိခဲ့ကြတယ်။ ငွေကြေးချောင်လည်တဲ့ မိဘ ဖြစ် စေဦးတော့ သူတို့သားသမီးတွေကို စုဆောင်းတဲ့ အလေ့အကျင့် ကောင်းကို စုဘူးတွေနဲ့ မျိုးစေ့ချပေးနိုင်ခဲ့တယ်။
နွမ်းပါးတဲ့ မိသားစုတွေလည်း နွမ်းပါးတဲ့အလျောက် စုဘူး တွေနဲ့ စုကြဆောင်းကြတာပါပဲ။ နွမ်းပါးလွန်းလို့ မစုဘူးဆိုတဲ့ မိသားစု ကျွန်တော့်ငယ်ဘဝတွေမှာ မတွေ့ ဖူးဘူး။ ဝန်ထမ်းတွေ ရဲ့ သားသမီး (ကျွန်တော့်သူငယ်ချင်း)တွေလည်း စုဘူးကိုယ်စီနဲ့ စုကြဆောင်းကြရတယ်။
အခုတော့ ကျွန်တော့် တူ၊ တူမတွေလည်း စုဘူး မစုကြ တော့ဘူး။ ကျွန်တော့်ပတ်ဝန်းကျင်က ကလေးတွေလည်း စုဘူး မစုကြတော့ဘူး။ စုဘူးဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို သိမှ သိပါ လေစရယ်လို့ သံသယဖြစ်မိတယ်။ တကယ်တော့ စုဘူးစုတယ်ဆို တာ လိုချင်တာကို အချိန်ကာလတစ်ခုအတွင်း ရအောင် ယူတယ် ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိန်းချုပ်နိုင်သလဲ ဆိုတဲ့ စွမ်းရည်ကို စစ်ဆေးတာ ဖြစ်တယ်။ နေ့စဉ် ရနေတဲ့ မုန့်ဖိုး ထဲက စားချင်စိတ်ကို မျိုသိပ်ရတယ်၊ လက်ထဲမှာ သုံးစရာရှိနေ သည့်တိုင် မသုံးဘူးဆိုပြီး ထိန်းချုပ်ရတယ်။
ကျွန်တော်ကိုယ်တိုင်လည်း စုဘူးတွေ လေး၊ ငါး၊ ခြောက် ဘူးထက် မနည်းစုခဲ့ဖူးတာပါပဲ။ စုဘူးပြည့်လို့ ဖောက်တဲ့အခါ ကိုယ်လိုချင်တဲ့ ရက်ကက်တို့၊ ဘောလုံးတို့ ဝယ်ခဲ့သလို ကိုယ်စား ချင်တဲ့ မုန့်တွေလည်း ဝယ်စားခဲ့တာပဲ။ စုဘူးဖောက်တဲ့ နေ့ဆို ဆိတ်သားကင်နဲ့ စမူဆာသုပ်တို့၊ ကြက်ဥခေါက်မုန့်တို့၊ ကြက်ဥ ရယ်၊ ခရမ်းချဉ်သီးရယ်၊ ငရုတ်သီးနှစ်တောင့်၊ သုံးတောင့်ရယ် ရောမွှေပြီး မုန့်ပျားသလက်ကို ရှယ်လုပ်ပြီး စားခဲ့ရတာ အမှတ်ရမိ သေးတယ်။
ကျွန်တော်တို့ စုခဲ့တဲ့ စုဘူးတိုင်းဟာ ရည်ရွယ်ချက်ပြည့်မီ ချိန် ရောက်မှ ဖောက်ကြတာတော့ မဟုတ်ဘူး။ စုဘူးထဲ စုနေရင်း နဲ့ ပိုက်ဆံနည်းနည်းပါးပါး သုံးချင်စွဲချင်တဲ့အခါတွေလည်း ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ဘာလုပ်မယ်ထင်သလဲ။ စုဘူးဖောက် မှာပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ စုတဲ့ စုဘူးလေး မပြည့်ခင်မှာ ပဲ စုဘူးဖောက်ကြပါတယ်။ စုဘူးခွဲတာတော့ မဟုတ်ဘူး၊ စုဘူး ဖောက်ရုံ ဖောက်ကြတာပါ။ နားရှုပ်သွားသလား မိတ်ဆွေ။ စုဘူး ဖောက်တာနဲ့ စုဘူးခွဲတာ မတူပါဘူး။
စုဘူးဖောက်တယ်ဆိုတာ စုဘူးမပြည့်ခင် အရေးပေါ် ငွေ နည်းနည်းလိုတဲ့အခါ စုဘူးထဲက ပိုက်ဆံအနည်းငယ်ကို ထုတ်ပြီး သုံးစွဲတာကို ခေါ်ပြီး စုဘူးခွဲတာကတော့ စုဘူးပြည့်လို့ လိုချင်တာ ဝယ်ဖို့အတွက် စုဘူးကို ခွဲချလိုက်တာပါ။
တစ်ခါတလေတော့ စုငွေ နည်းနည်းလိုပြီဆိုရင် အမေ့မှန် တင်ခုံက ကလစ်တစ်ချောင်းယူပြီး စုဘူးအပေါက်ထဲကနေ အထဲ က ပိုက်ဆံကို ညှပ်ယူကြရတယ်။ ဇာဂနာအရှည်လေးနဲ့ စုဘူးထဲ က ပိုက်ဆံတွေ နှိုက်ယူကြရတာလည်း ရှိတာပေါ့။ မြေစုဘူးတို့၊ ပလတ်စတစ်စုဘူးတို့ဆိုရင် လွှလေးနဲ့ အပေါက်လေး ချဲ့ရသေး တာကလား။ ပင်အပ်လေးနဲ့ စုဘူးထဲက ငွေစက္ကူတွေကို လှမ်းထိုး ပြီး ယူခဲ့ကြရတာလည်း မနည်းဘူး။ အခန့်မသင့်ရင် ပိုက်ဆံတစ် ဝက်ပြဲပြီး စုဘူးထဲ ကျန်ခဲ့ပါရောလား။ အဲဒီလိုအခါမျိုးဆိုရင် ဖွတ် မရ ဓားဆုံးရုံတင်မကဘူး၊ ပုဆိုးပြဲ၊ ဒူးကွဲအဖြစ်မျိုးလို့တောင် ပြောနိုင်တယ်။
ရည်မှန်းချက်မပြည့်ခင် စုဘူးကြီး ခွဲလိုက်လို့ကလည်း မဖြစ်ဘူးလေ။ မိဘတွေ သိသွားရင် အရိုက်ခံရနိုင်တယ်လေ။ အဲဒီ တော့ အရာတည်မပျက်ရအောင် စုဘူးထဲက ပိုက်ဆံကို အသာ လေး နှိုက်ထုတ်ကြရတာကလား။ ကော်ဘူးနဲ့ စုတဲ့ စုဘူးတွေဆို ရင် နှိုက်ရတာ သိပ်ခက်တာပေါ့။ ဘရိတ်ဓားလေးနဲ့ ကော်ရုပ်ရဲ့ အောက်ခြေကို အသာလေး ခွဲလိုက်ရတယ်။ ပြီးမှ လက်ညှိုးဖြစ် ဖြစ်၊ လက်သန်းဖြစ်ဖြစ် ခွဲထားတဲ့ အပေါက်ထဲကို ထိုးထည့်လိုက် ကြရတယ်။ တစ်ခါတလေ စုဘူးထဲက ပိုက်ဆံက လက်ခံထား တော့ ထွက်မလာဘူး။ ထည့်ထားတဲ့ လက်က ကော်ဘူးညပ်လို့ သွေးခြည်တောင် ဥတယ်။ အဲဒါမျိုးတွေလည်း ကြုံရတာပါပဲ။
မုန့်ပုံးခွံနဲ့ စုတဲ့သူတွေကတော့ ထုတ်ရတာ ခက်တယ်။ ထည့်ပြီးရင် ပြန်ထုတ်ဖို့ မလွယ်ဘူး။ ငွေစက္ကူ လိပ်ထည့်ရတဲ့ အပေါက်ကလည်း လိပ်ထည့်လိုက်လို့ စုဘူးထဲရောက်ရင် ငွေ စက္ကူတွေက ကျစ်ကျစ်လေး မရှိတော့ဘူး။ ပွယောင်းယောင်း ဖြစ်သွားပြီလေ။ ငွေအကြွေစေ့ထည့်တဲ့ အပေါက်ကတော့ ဘူး အတွင်းထဲမှာ လျှာခင်လေး ထည့်ထားတော့ ဘယ်လိုမှ ပြန်ထုတ် လို့ မရဘူး။ သူငယ်ချင်းတစ်ယောက်ကတော့ မုန့်ပုံးခွံနဲ့ တစ်ခါစု ရင် ခဲဂဟေဖိုး သုံးခါလောက် ကုန်တယ်တဲ့။ သူက စုဘူးမပြည့်ခင် သုံးခါလောက် ဖောက်လိုက်တာကိုး။
ကျွန်တော့်ဦးလေးတစ်ယောက်က အစိုးရဝန်ထမ်းဆိုတော့ လခထုတ်တိုင်း ပိုက်ဆံအသစ်လေးတွေ လဲပြီး စုဘူးထဲ ထည့်နေ ကျ။ လခထုတ်ရက်တိုင်းဟာ သူ့အတွက် ပျော်စရာနေ့တွေ ဖြစ်ခဲ့ သလို သူ့တူ ကျွန်တော်တို့အတွက်လည်း ပျော်ရွှင်ဖွယ်အချိန်တွေ ဖြစ်ခဲ့ရတာပါပဲ။ လခထုတ်ရက်တိုင်း ကျွန်တော်တို့ ကလေးတွေ အတွက် ခေါင်းအုံးချိုချဉ်တို့၊ ရှားမီးချိုချဉ်တို့ မမေ့မလျော့ ဝယ် ကျွေးလေ့ရှိတယ်။ သူကလည်း သူ့ရည်မှန်းချက်နဲ့ သူ လဆန်းရက် တိုင်း မုန့်ပုံးစုဘူးထဲ ငွေစက္ကူအသစ်လေးတွေ ထည့်ပြီး သူ့အနာ ဂတ်ကို အမြဲပုံဖော်နေလေ့ရှိတဲ့သူ။ သူ ရည်ငံနေတဲ့ အစ်မကြီးနဲ့ လက်ထပ်ဖို့အတွက် ရက်တွေဘာတွေတောင် ရွေးပြီးနေပြီ။ ဖြစ် ချင်တော့ စက်တင်ဘာလဆန်းပိုင်းတစ်ရက်မှာ ၂၅၊ ၃၅၊ ၇၅ ကျပ် တန် ငွေစက္ကူတွေကို အစိုးရက တရားမဝင်ငွေစက္ကူများအဖြစ် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးလက်မှတ်ထိုးနဲ့ ထုတ်ပြန် လိုက်ပါရောလား။ အနှစ်နှစ်အလလက မစားရက်၊ မသောက်ရက် စုဆောင်းထားတဲ့ ငွေစက္ကူတွေမှာ တရားသဖြင့် ရှာထားတာ ဖြစ် ပေမယ့် တရားမဝင်ငွေစက္ကူ ဖြစ်သွားရရှာတယ်။ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေဟာ ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေ တာ မကြာလှသေးတာမို့ ပြည်သူလူထုလက်ထဲမှာ ပူအောင် တောင် မကိုင်လိုက်ကြရဘူး။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် ဆိုတာကြီးကို ပြည်သူတွေ ကျောကော့အောင် ခံခဲ့ကြရတဲ့ နှစ် ကာလတွေ ဖြစ်တယ်။ ချွေတာစုဆောင်းသော်ငြား သူဌေး လောင်း မဖြစ်လိုက်ရဘဲ တရားမဝင်ငွေစက္ကူအဖြစ် မတရားသိမ်း ပိုက်ခံလိုက်ကြရတဲ့ အဖြစ်တွေပေါ့။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ဘုရားပွဲတော်ရောက်ရင် ရောင်စုံ ခြယ်ထားတဲ့ မြေအိုးစုဘူးရောင်းတဲ့သူတွေ ရှိစေချင်ပါတယ်။ မြန်မာ့ရိုးရာလက်မှုအနုပညာတွေ ဖြစ်လို့ ရေရှည်တည်တံ့ခိုင်မြဲ စေချင်တာလည်း ပါတယ်။ ကလေးငယ်တွေရဲ့ စုတဲ့ ဆောင်းတဲ့ အလေ့အကျင့်ကောင်းလေးတွေ ပြန်ရစေချင်တာလည်း ပါတယ်။
ကျွန်တော့် တူ၊ တူမတွေကို စုဘူးတစ်ဘူးစီ လက်ဆောင် ပေးမယ်။ ကျွန်တော်ကိုယ်တိုင်လည်း စုဘူးတစ်ဘူး ဝယ်မယ်။ စု ဖြစ်တာ မစုဖြစ်တာ အပထားလို့ သက်ကယ်ချောင်းနဲ့ ခေါင်း လောင်းထိုးတာပဲ ဆိုဆို မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းတစ် ခုအဖြစ် ဧည့်ခန်းထဲမှာ ထည်ထည်ဝါဝါ နေရာပေးမယ်။ ။

