(၂၀၁၅၊နိုဝင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၉) တွင် ထွက်ရှိမည့် အယ်ဒီတာ့အာဘော်ဖြစ်ပါသည်။)
လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် တပ်မတော်က စစ်တန်းလျားသိ့ုမပြန်လိုဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင် ကန့်လန့်လိုက်ပါနေသောကြောင့် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာ၌ အခက်အခဲ အတားအဆီးများနှင့် ကြုံနေရချိန်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ အငြင်းပွားဖွယ်လှုပ်ရှားမှု များကြောင့်လည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည် ရှုပ်ထွေးလျက်ရှိနေပါသည်။
အတိတ်သမိုင်းကိုပြန်ကြည့်လျှင် ရဟန်းသံဃာများ၏အခန်းကဏ္ဍသည် အရေးပါခဲ့သည်မှာ မည်သို့မျှ ငြင်း၍မရ သော်လည်း ထိုစဉ်တုန်းကအခြေအနေနှင့် ယနေ့အခြေအနေတို့သည် အကွဲပြားကြီး ကွဲပြားလျက်ရှိရာ မဘသအဖွဲ့ဝင် သံဃာတော်များ နိုင်ငံရေးတွင်ပါဝင်လာမှုကို ဝေဖန်မှုများစွာရှိလာသကဲ့သို့ ယင်းအဖွဲ့၏ ရပ်တည်ချက်များနှင့်ပတ် သက်၍လည်း မေးခွန်းထုတ်စရာများဖြစ် လာရပါသည်။
ရွေးကောက်ပွဲအတွက် မဲဆွယ်နေကြသည့် ယခုလိုအချိန်မျိုးတွင်၊ တစ်နည်းအားဖြင့် စနစ်ဆိုးကိုမြေမြှုပ်ကာ စနစ်သစ် ကို မွေးဖွားပေးရန် အရေးတကြီးလိုအပ်နေသည့် ယနေ့လိုအချိန်မျိုးတွင် မဘသအဖွဲ့ဝင်ဆရာတော်အချို့သည် မည်ကဲ့သို့ သောပါတီမျိုးကို မဲမပေးသင့်၊ မည်ကဲ့သို့သောပါတီမျိုးကိုသာ မဲပေးသင့်သည်ဟု စည်းရုံးလှုံ့ဆော်နေကြခြင်းသည် ၎င်းတို့ စိတ်ကြိုက်ပါတီကို ဝင်ရောက်မဲဆွယ်ပေးနေရုံမက ပြည်သူများ၏ မိမိတို့စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ကိုပါ ဝင်ရောက်စွက်ဖက် သလိုလည်း ဖြစ်နေပါသည်။
တိုက်ဆိုင်စွာပင် မဘသအဖွဲ့၏ အမျိုးစောင့်ဥပဒေအောင်ပွဲခံသည့် အချိန်အခါနှင့် ရွေးကောက်ပွဲမဲဆွယ်သည့်အချိန် အခါတို့ တစ်ပြိုင်နက်တည်းဖြစ်နေချိန်တွင် အချို့သော မဘသဆရာတော်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို နည်းပေါင်းစုံဖြင့် ထိုးနှက်တိုက်ခိုက်နေသလောက် တပ်မတော်အရာရှိဟောင်းများ ဦးဆောင်ဖွဲ့စည်းထားသည့် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဝေဖန်ပြောဆိုမှုမပြုဘဲ နှုတ်ဆိတ်နေကြခြင်းမှာ အကြီးအကျယ်သံသယဖြစ်စရာအဖြစ် ထောက်ပြပြောဆိုမှုများ ရှိနေပါသည်။ တစ်နည်းအားဖြင့် ဤအချက်က မဘသနှင့် အစိုးရကြားတွင် အချိတ်အဆက်များရှိနေသည်ဟူသော သံသယကို ပိုမိုခိုင်မာစေပါသည်။
ဤနေရာတွင် အမျိုးသားရေးကို ရှေးရှုကာ ဘာသာသာသနာကို အကာအကွယ်ပေးမည့်၊ စောင့်ရှောက်ပေးမည့် ပါတီကိုသာ မဲပေးရန် မဘသဦးဆောင်ဆရာတော်များ၏ ဟောပြောမှုနှင့် တပ်မတော်၏ သဘောထား၊ ပါတီအချို့၏ သဘောထားများ ထပ်မံတိုက် ဆိုင်လျက်ရှိကြပြန်သည်။ အောက်တိုဘာ ၂ဝ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် လူရွေးမမှားရန်အတွက် ရွေးချယ်ရမည့် အချက်များကို ပြောဆိုရာ၌ ‘အမျိုးဘာသာသာသနာကို မှန်မှန်ကန်ကန်နှင့် ထိန်းသိမ်းနိုင်သူ’ဖြစ်ရမည်ဟူသည့်အချက်အား ထည့်သွင်းပြောဆိုခဲ့သည်ကို အစိုးရသတင်းစာ၏ ဖော်ပြချက်အရ သိရှိရသည်။
မည်သည့်ကဏ္ဍပဲကြည့်ကြည့် အစစအရာရာချွတ်ခြုံကျနေသော မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေးများ လုပ် ဆောင်ရန် အရေးတကြီးလိုအပ်နေသည့် ယနေ့လိုအချိန်မျိုးတွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်နေ သော ကျွန်ုပ်တို့နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသည်မှာ အမျိုးသားရေးဝါဒီများမဟုတ်သလို ဘာသာရေးအရေခြုံ များလည်း မဟုတ်ပါ။ နိုင်ငံတွင်းရှိ လူမျိုးဘာသာမရွေး နိုင်ငံသားအားလုံးအတွက် အကျိုးရှိနိုင်မည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် ကဏ္ဍများကို တိုးတက်ကောင်းမွန်ခိုင်မာအောင် ဆောင်ရွက်နိုင်သူများကိုသာ ဦးစားပေးရွေးချယ်ကြရန် အရေးတကြီးလိုအပ်ပါကြောင်း မော်ကွန်းမှ တိုက်တွန်းအပ်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့
(editors@mawkun.com)

