သြဂုတ်လထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၆)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။
မွေးမြူသူများနှင့် လိုင်စင်သမားတို့ကြားက ပဋိပက္ခ
ကျွဲ၊ နွားဈေးကွက်ကို ထိန်းချုပ်ထားသော လေလံစနစ်ဖြင့် ချပေးထားသည့်အတွက် ကျွဲ၊ နွားများကို စီးပွားဖြစ် မွေးမြူသူ များနှင့် တစ်ပိုင်တစ်နိုင်မွေးမြူသည့်တောင်သူများမှာ သူတို့၏ကျွဲ၊ နွားများကို လွတ်လပ်စွာရောင်းချခွင့်မရှိဘဲ လိုင်စင်စီသမားများနှင့်နွားမှောင်ခိုကူးသူများထံ ဈေးနှိမ်ခံကာ ရောင်းချနေကြ ရသည်ဟု နွားမွေးမြူသူများနှင့် ပညာရှင်များက ဆိုပါသည်။
”အဲဒီစနစ်ကတော့ တစ်ဦးတည်းကပဲ ထိန်းချုပ်ထားသလို မျိုးဖြစ်နေတာပေါ့။ သူတို့ (လိုင်စင်စီသမား)က ဝယ်ယူတဲ့ နေရာ မှာ အသာစီးရတယ်။ တောင်သူကတော့ ဝယ်လက်တစ်လက်ပဲ ရှိနေတဲ့သဘောပေါ့”ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနတွင် ဌာနခွဲ မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာအိသန္တာကျော် က ဆိုသည်။
ဒေါက်တာအိသန္တာကျော်သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာ ဝန်ထမ်းဆောင်နေသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှလွဲ၍ အခြားဒေသ များတွင် တစ်နှစ်တစ်ကြိမ်လေလံတင်ကာ တစ်ဦးတစ်ယောက် တည်းကို ပေးသည့် လိုင်စင်စီစနစ်ဖြစ်ပြီး စည်ပင်မှ သတ်မှတ် ထားသည့် မြို့နယ်အတွင်းလုပ်ပိုင်ခွင့်ပြုထားသည့်အရွယ်အစားပေါ်တွင်မူတည်ကာ လေလံပေါက်ဈေးသိန်း ခုနစ်ဆယ်၊ ရှစ်ဆယ် မှ ထောင်ဂဏန်းထိရှိသည်ဟု သူက ဆက်ပြောပြသည်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင်တော့ လိုင်စင်စီရရှိ သူ တစ်ဦးတည်းကိုသာ ပေးခြင်းမျိုးမဟုတ်ဘဲ သားသတ်ခွင့်လိုင် စင်အား လူအများကို ချထားပေးပြီး မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတ်မှတ်ထားသည့် သားသတ်ရုံများတွင်သာ အသားထုတ်လုပ်ခွင့်ရှိသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ် သည့် အသားထုတ်လုပ်နိုင်သည်ဟု ဒေါက်တာအိသန္တာကျော်က ဆိုသည်။
ထို့ပြင် လိုင်စင်စီလေလံပစ်သည့်အခါတွင်လည်း ထိုဒေသ သုံးခုတွင် တစ်ဦးတစ်ယောက်တည်းကို မပေးဘဲ အများကိုဖြန့် ကာ ပေးထားသည့် စနစ်ဖြစ်သည့်အတွက် ဈေးကွက်ကို တစ်ဦး တစ်ယောက်တည်းမှ လက်ဝါးကြီးအုပ်ထားသည့် စနစ်မဟုတ် သဖြင့် ဈေးကွက်ကို ထိန်းညှိနိုင်သည်ဟု ဒေါက်တာအိသန္တာကျော် က ဆိုသည်။
အထက်ပါဒေသသုံးခုမှလွဲပြီး အခြားဒေသများတွင် ငွေပိုပေးနိုင်သူတစ်ဦးတစ်ယောက်တည်းကိုသာ ပြည်နယ်နှင့် တိုင်း စည်ပင်သာယာရေးဝန်ကြီးဌာနလက်အောက်ရှိ သက်ဆိုင်ရာ မြို့ နယ်စည်ပင်သာယာရေးကော်မတီများမှ လိုင်စင်စီချပေးလေ့ရှိ သည်ဟု သူက ဆိုသည်။
”(အဲဒီနေရာတွေမှာ) တစ်နေ့ (အကောင်ရေ) ဘယ် လောက်ပေါ်လဲ ဆိုတာကိုလည်း အတိအကျ မရဘူး။ စည်ပင်က သတ်မှတ်ထားတဲ့ သားသတ်ရုံတွေ မရှိတော့ ကျန်းမာရေးနဲ့ ညီ ညွတ်တဲ့အသားကိုလည်း မရဘူး။ ဈေးကွက်ကျတော့လည်း သူ တို့လိုအပ်သလို လုပ်လို့ရတယ်”ဟု ဒေါက်တာအိသန္တာကျော်က ဆက်ပြောသည်။
”ကျွန်မတို့ နိုင်ငံအနေအထားနဲ့ ဒီလိုမျိုး တစ်ယောက် တည်းကိုပေးတဲ့ လိုင်စင်စီ စနစ်မျိုးကို ပြောင်းလဲ့သင့်နေပါပြီ”ဟု လည်း သူက ဆိုသည်။
အသားစားနွားမွေးမြူသူတို့ ဈေးကွက်မရှိဖြစ်ရသည့် အကြောင်းပြောကြရာတွင် သားသတ်လိုင်စင်ရရှိသူများက ဈေး ကောင်းမပေးသည့်အချက်သည်လည်း ပါဝင်သည်။
အသားစားနွားမွေးမြူသူ ဦးမင်းစိုးသည် လွန်ခဲ့သည့်တစ် ပတ်က နွားငယ်တစ်ကောင်ကို ကျပ်သုံးသိန်းပေးကာ ဝယ်လာခဲ့ သည်။
နွားငယ်လေးတစ်ကောင်မှာ သူ့ကိုသယ်လာသည့်ကား ပေါ်မှအဆင်းတွင် ခြေထောက်၌ ထိခိုက်ဒဏ်ရာရသွားသည့် အတွက် လိုင်စင်သမားများထံ ရောင်းကြည့်ရာ ကျပ် ၄ဝ,ဝဝဝ သာ ဈေးပေးသဖြင့် မရောင်းတော့ဘဲ ဆက်လက်မွေးထားလိုက် သည်ဟု ဆိုသည်။
”ကျွန်တော်တို့မှာ Open Market ဆိုတာ မရှိဘူး။ သား သတ်ရုံကလည်း လိုင်စင်စီသမားတွေ လက်ဝါးကြီးအုပ်ထား တယ်။ ကျွန်တော်တို့မွေးတာ လိုင်စင်စီသမားကို လုပ်ကျွေးသလို ဖြစ်နေတယ်”ဟု သူက ဆိုသည်။
လက်ရှိမြန်မာနိုင်ငံ ကျွဲ၊ နွားမွေးမြူသည့် တောင်သူများ အနေဖြင့် သူတု့ိပိုင်ဆိုင်သည့် ကျွဲ၊ နွားများနှင့် အမဲသားကို သယ်ယူ၊ ရောင်းချသည့်အခါ ဖမ်းဆီးခံရခြင်း၊ အမဲသားများကို သိမ်းဆည်းခံရခြင်းများ မကြာခဏဖြစ်ပေါ်နေသည့်ကိစ္စနှင့် ပတ် သက်၍ ဦးမြင့်သူက ယခုလို သုံးသပ်သည်။
”ဒီအမဲသားက အဏုမြူလက်နက်လောက် အန္တရာယ်ကြီး လား၊ လက်နက်ခဲယမ်းတွေလောက် အ္တနရာယ်ကြီးလား၊ မူးယစ် ဆေးဝါးတွေလောက် အ္တနရာယ်ကြီးလားဆိုတာကို ကိုယ်တို့မေးသင့်နေပြီလို့ထင်တယ်”
နေပြည်တော်မှ ဆိတ်၊ နွားမွေးမြူသူ ဦးသိန်းဝင်းကလည်း ကျွဲ၊ နွား သယ်ယူခွင့်၊ ရောင်းချခွင့်များကို ချုပ်ကိုင်ထားသည့် စနစ်အပေါ် ယခုလိုသုံးသပ်သည်။
”ကျေးလက်ဒေသက လူတွေဟာ ဒီလိုင်စင်စီသမားကိုပဲ ခယပြီးတော့ ရောင်းနေရတယ်။ ဒေသဖွံ့ဖြိုးရေးပဲပြောပြော၊ ဆင်းရဲမှုလျှော့ချရေးပဲပြောပြော အလှမ်းဝေးနေဆဲပဲ”
ကျွဲ၊ နွားမွေးမြူရေးသမားများကတော့ ကျွဲ၊ နွားဈေးကွက် ကို တစ်ဦးတစ်ယောက်တည်းမှ ချုပ်ကိုင်ထားသည့် နယ်စပ်စည် ပင်မှချပေးသည့် လိုင်စင်စီစနစ်နှင့် လုပ်နေမည့်အစား မြို့တော် စည်ပင်က သတ်မှတ်ထားသော နေရာများတွင် မည်သူမဆို လာ ရောက်အသားထုတ်လုပ်နိုင်သည့် စနစ်မျိုးဖြစ်သင့်ပြီး ယင်း အသားထုတ်လုပ်သည့်အပေါ် မူတည်၍ အခွန်ကောက်ခံသင့် သည်ဟု ဆိုကြသည်။
”နွားတစ်ကောင်ကိုအသားထုတ်ရင် ဘယ်လောက်ဆိုတာ လိုင်စင်စီသမားကို သတ်မှတ်နှုန်းထားအတိုင်း(အခွန်) ကောက် လိုက်။ နှစ်ကုန်ရင် လိုင်စင်စီ(လေလံ)ကရတဲ့ အခွန်နှုန်းထား လောက်တော့ရမှာပဲ” ဦးမြင့်သူက ဆိုပါသည်။
ယင်းကဲ့သို့ လွတ်လပ်သည့်ဈေးကွက်ကို ဖော်ဆောင်ခြင်း အားဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုများရှိလာကာ ဝယ်ယူစားသုံးသည့် ပြည်သူများအနေဖြင့်လည်း ဈေးပေါပေါနှင့် စားရနိုင်မည်ဟု အသားစားနွားမွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။
လိုင်စင်စီသမားအနေဖြင့်လည်း မြို့တော်စည်ပင်မှ လိုင် စင်စီရဖို့ ငွေကြေးများရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ရာ အသားစား နွားမွေးမြူသူများက အသားထုတ်လုပ်ပြီး ဈေးကွက်တွင် ရောင်း ချခွင့်ပြုလိုက်မည်ဆိုပါက လိုင်စင်စီသမားများနှင့် အသားစား မွေးမြူသူများကြား ပဋိပက္ခများဖြစ်လာနိုင်သည်ဟု ရွာသာကြီးရှိ အမဲသားသတ်ရုံမှ အတွင်းရေးမှူး ဦးဂျင်းနားက ပြောသည်။
”မွေး/သတ်သမား(မွေးမြူပြီး ကိုယ်တိုင်အသားထုတ် လုပ်သူ)တွေကို ပြည်ပကိုပဲ တင်ပို့ခွင့်ပြုမယ်၊ ပြည်တွင်းမှာ ခွင့် မပြုဘူးဆိုရင် သူတို့လည်း သူ့အလုပ် သူလုပ်။ ကိုယ်လည်း ကိုယ့် အလုပ် ကိုယ်လုပ်။ (ဒီလိုဆို)အဆင်ပြေနိုင်မယ်လို့တော့ ထင် တယ်”ဟု ဦးဂျင်းနားက အကြံပြုသည်။
”သူတို့နဲ့ ကျွန်တော်တို့ကြားမှာ ပြဿနာတွေမဖြစ်အောင် အဖြေရှာရမှာကတော့ အစိုးရမှာ တာဝန်ရှိပါတယ်”ဟု သူက ဆိုသည်။
ဈေးကွက်သစ် ပေါ်ထွန်းရေး
မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ပွင့်လင်းလာပြီးနောက်ပိုင်း ပြည်တွင်းသို့ နိုင်ငံခြားသားခရီးသွားများ ပိုမိုလာရောက် လည် ပတ်ကြသည်။ ထိုကဲ့သို့ ဝင်ရောက်လာသည့်အတွက် ဟိုတယ် များနှင့် စားသောက်ဆိုင်ကြီးများတွင် အရည်အသွေး ပြည့်မီ သည့် အမဲသားများ လိုအပ်လာသည်။ ထိုအခါ ပြည်ပမှ အမဲသား များကိုသာ ဈေးကြီးကြီးနှင့် တင်သွင်းနေကြရသည်ဟု ဦးမြင့်သူ က ဆိုသည်။
မြန်မာနိုင်ငံမှ အမဲသားများသည် သားသတ်ခွင့် အသက် အရွယ် ကန့်သတ်ခြင်း၊ သားသတ်ရုံများမှာ ရိုးရာအတိုင်း သတ် ဖြတ်ကာ ထုတ်လုပ်နေခြင်း၊ အအေးခန်းများနှင့် အချိန်မီ မပို့နိုင် ခြင်း စသည့်အချက်များကြောင့် အရည်အသွေးမပြည့်သည့် အသားများဖြစ်နေသည်ဟု အသားစားနွားမွေးမြူကြသူများက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွားများကို အသက်အရွယ်အားဖြင့် ခြောက်နှစ်မှသာ ထုတ်လုပ်ခွင့်ရှိသည့်အတွက် အသားများမှာ နူးညံ့မှုမရှိဘဲ မာကျောနေတတ်သည်ဟုဆိုသည်။ နိုင်ငံခြားတွင် အသားစားနွားကို တစ်နှစ်ကျော်၊ နှစ်နှစ်အတွင်း အသား ထုတ် လုပ်ကြသလို ခုနစ်လ၊ ရှစ်လခန့်သာ မွေးမြူပြီး အသားထုတ်နေ ကြသည်များလည်းရှိသည်ဟု ဦးမြင့်သူက ဆိုသည်။
မွေးမြူရေးပညာရှင် ဒေါက်တာသန်းလှကတော့ နိုင်ငံ ခြားမှတင်းသွင်းမည့်အစား ပြည်တွင်းတွင် အရည်အသွေးပြည့်မီ သည့် အမဲသားများ ထုတ်လုပ်နိုင်သင့်သည်ဟု ဆိုသည်။
”ပြည်ပကနေ တင်သွင်းလာတဲ့ ဒီအမဲအသားဈေးတွေက မပေါဘူး။ တစ်ကီလို၊ ၆ဝ ကျပ်သားကိုပဲ သောင်းချီပေးရတယ်။ အဲဒီလို Quality (အရည်အသွေး)မျိုးရအောင်မွေးရင် ဖြစ်နိုင် ခြေရှိတယ်။ ပြည်တွင်းမှာသာ ဒီလိုအသားမျိုးထုတ်နိုင်ရင် ထုတ် လုပ်တဲ့သူလည်း ဈေးကောင်းရမယ်။ မွေးမြူတဲ့သူလည်း များလာ မယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် အသားစားနွားဈေးကွက်ကို ဟိုတယ်များ နှင့်စားသောက်ဆိုင်များအတွက် အဓိက အားထားကာ ဆောင် ရွက်ခြင်းဖြင့် နိုင်ငံအတွင်း အသားစားနွားဈေးကွက်ကို ဖော် ဆောင်နိုင်မည်ဟု ဦးမြင့်သူကလည်း ဆိုသည်။
ကမ္ဘာ့ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံများထဲက တစ်နိုင်ငံဖြစ် သည့် ထိုင်းနိုင်ငံတွင် ကျွဲ၊ နွားများပြုန်းတီးမသွားအောင် ထိန်း ချုပ်ထားသည့် ဥပဒေ မရှိပေ။ ကျွဲ၊ နွားများ ကျန်းမာရေးကောင်း မွန်ကြောင်း ထောက်ခံချက်ပါလျှင် နိုင်ငံအနှံ့ မည်သည့် နေရာ မဆို သွားရောက်ရောင်းချနိုင်သည်ဟု ပညာရှင်များက ထောက် ပြကြသည်။
ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် ကျွဲကိုအဓိက အသုံး ပြုကြသည်။ စက်မှုထွန်းကားသည့်အခါ လယ်ယာကဏ္ဍမှ ပိုလျှံ လာသည့် ကျွဲ၊ နွားများသည် အသားစားနွားလိုင်းဘက်သို့ ပြောင်းသွားကြသည်။ ထိုင်းနိုင်ငံမှ တောင်သူများအနေဖြင့် လည်း သူတို့လယ်ယာလုပ်ငန်းများအတွက် အသုံးပြုသည့် ကျွဲ၊ နွားများကို သီးသန့်မွေးမြူထားပြီး တခြားတစ်ဖက်တွင်လည်း အသားစားနွားများကို ပိုမိုမွေးမြူလာကြသည်ဟုဆိုသည်။
”ထိုင်းနိုင်ငံကို ကြည့်လိုက်ရင် ခိုင်းနွားပြုန်းတီးမှုကို တား ဆီးတဲ့ဥပဒေမရှိဘူး။ သူတို့မှာလည်း ခိုင်းစရာရှိနေတာပဲ။ အသား စား နွားတွေ၊ နို့စားနွားတွေ တိုးလာတယ်။ နွားတွေ ပိုမွေးလာကြ တယ်”ဟု မွေးမြူရေးပညာရှင် ဒေါက်တာသန်းလှက ဆိုသည်။
Photo: Khin Maung Myint အသားစားနွားမွေးမြူ ရေးခြံ တွင် တွေ့ရသည့် မြန်မာနွားနှင့် နိုင်ငံခြား အသားစားနွား မျိုးစပ်ထားသည့်အသားစားနွားမျိုးစိတ်
ဥပဒေတွေ ပြင်ဖို့လို
မြန်မာနိုင်ငံအနေနှင့် ဥပဒေဖြင့် ကျွဲ၊ နွားပြုန်းတီးမှုကို မကာကွယ်နိုင်သည့်အတွက် ခိုင်းနွားများနှင့် အသားစားနွားများ ကို သီးသန့်ခွဲခြား မွေးမြူပြီး အသားစားနွားများကို လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုသင့်သည်ဟု အသားစားနွားမွေးမြူသူ များနှင့် မွေးမြူရေးပညာရှင်များကဆိုသည်။ ထို့ပြင် ခေတ်နှင့် မညီတော့သည့် ဥပဒေများကို ပြင်ဆင်ပေးရမည်ဟု မွေးမြူရေး ပညာရှင် ဒေါက်တာသန်းလှက ဆိုသည်။
နည်းပညာထွန်းကားနေသည့်ခေတ်တွင် ခိုင်းနွားများကို အသားစားနွားများနှင့် မရောစေရန် အတုပြုလုပ်၍ မရသည့် ဒစ်ဂျစ်တယ်အမှတ်အသားပြုလုပ်ခြင်းဖြင့် နိုင်ငံအနှံ့ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုသင့်သည်ဟု ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်သူက ”ဒီနိုင်ငံမှာ ဒီလုပ်ငန်းဖွံ့ဖြိုးချင်တယ်ဆိုရင် သူများနိုင်ငံက နည်းဥပဒေတွေ၊ ဥပဒေတွေ လေ့လာရမယ်။ အဲဒါ တွေ အသုံးချမှ တိုးတက်မယ်။ ဒါမှမဟုတ်ရင်တော့ အရာရာကို ထိန်းချုပ်တယ်ဆိုတာနဲ့ပဲ ပြီးသွားမှာပဲ။ ဒီလုပ်ငန်းနဲ့ တိုးတက်ချင် ရင် ခေတ်မမီတာတွေကို ပြင်ရမှာပဲ”ဟု ဆိုသည်။
အသားစားနွားများကို စမ်းသပ်မွေးမြူလာသည်မှာ ခုနစ် နှစ်ရှိပြီးဖြစ်သော ဦးမြင့်သူသည် သူ၏ နွားများအား ဈေးကွက်ကို အဓိကထိန်းချုပ်ထားသည့် လိုင်စင်စီသမားများနှင့် ကျွဲ၊ နွား မှောင်ခိုသမားများလက်ထဲသို့ မရောင်းဘဲ မြန်မာနိုင်ငံ၏ ရာသီ ဥတုနှင့်ကိုက်ညီပြီး ကြီးထွားနှုန်းမြန်သော နွားမျိုးစိတ်တစ်ခုကို ထုပ်လုပ်ကာ သူ၏ ခြံထဲတွင်သာ ကောင်ရေများလာအောင် ထိန်းသိမ်းထားသည်ဟု သူက ဆိုသည်။
သို့သော် ယင်းကဲ့သို့ အသားစားနွားမွေးမြူရေးကို ဖွံ့ဖြိုး အောင်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများ၏ ကူညီပံ့ပိုးဆောင်ရွက်မှုအပိုင်းမှာ အားနည်းနေသေးသည့်အတွက် မြန်မာနိုင်ငံတွင် အသားစားနွားမွေးမြူရေးလုပ်ငန်းကို စီးပွား ရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ရန်မှာ အလွန်စွန့်စားရသည့် လုပ် ငန်းတစ်ခုသာ ဖြစ်နေသည်ဟု ကျွဲ၊ နွား မွေးမြူသူများနှင့် မွေးမြူ ရေးပညာရှင်များက ဆိုသည်။
အသားစားနွားမွေးမြူရေးလုပ်ငန်းကို မှတ်ပုံတင်ခွင့် မပြု သေးသော်လည်း မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အသားစားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ ဖြိုးလာစေရန် ထိုင်းနိုင်ငံမှ အသားစားနွားမျိုးဖြစ်သည့် Brah-man နွားထီးလေးကောင် ဝယ်ယူထားသည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနခွဲမှ ဒေါက် တာခင်မြတ်နွယ်က ဆိုသည်။
ယင်းနွားများကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တွင် ထားရှိပြီး ထိုမှတစ်ဆင့် အခြားတိုင်းဒေသကြီးများနှင့် ပြည် နယ်များရှိ အသားစားနွားမွေးမြူချင်သူများအား မျိုးချောင်း(မေ ထုန်မဲ့သားစပ်နိုင်ရန် နွားသုက်ရည်များထည့်ထားသည့် ပလတ် စတစ်ပြွန်ချောင်း)များကို ပို့ဆောင်ထားပြီးပြီဖြစ်သည်ဟု ဒေါက် တာခင်မြတ်နွယ်က ပြောသည်။
ထို့အပြင် Indo Brazil ဟုခေါ်သည့် အသားစားနွားမျိုးရိုး ၄၅ ကောင်ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ ဆောင်ထားပြီးဖြစ်သလို နယူးဇီလန်၊ သြစတြေးလျ၊ နယ်သာ လန်၊ ဆွစ်ဇာလန် စသည့်နိုင်ငံများမှ အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးဆောင်ရွက်နေမှုများရှိသည်ဟု သူက ဆိုသည်။
အသားစားနွားမျိုးများကို အကောင်လိုက်သီးသန့်မဝယ် နိုင်သူများအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများတွင် နွားထီးများမှ ရရှိသည့် သုက်ရည်များကို ပြည်တွင်းရှိ နွားမများ နှင့် သားစပ်နိုင်ရန်လည်း အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်ဟု ဒေါက်တာခင်မြတ်နွယ်က ဆိုသည်။
”စီးပွားရေးသမားရော တစ်ပိုင်တစ်နိုင်သမားရော လိုချင် တဲ့သူရမယ်။ ကျွန်မတို့ကတော့ ကျေးလက်နေ ပြည်သူတစ်ပိုင် တစ်နိုင်ကို ဦးစားပေးတယ်” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင်ရှိသော ကျွဲ၊ နွားများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မှတ်ပုံတင်များ ဆောင်ရွက်ပေးလျက်ရှိသော် လည်း အသားစား နွားမွေးမြူသူနည်းနေသည့်အတွက် သီးသန့် အနေဖြင့် မှတ်ပုံတင် လုပ်မပေးနိုင်သေးသလို ကျွဲ၊ နွားများ အတွက် အဟန့်အတားဖြစ်နေသော ခေတ်မညီညွတ်တော့သည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲနေကြသည်ဟု သူက ပြောသည်။
အသားစားနွားမွေးမြူရေးဆိုသည်မှာ စမ်းသပ်လုပ်ကိုင် လာသော လုပ်ငန်းဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရန် ဖြည်း ဖြည်းချင်းသာ ဆောင်ရွက်သွားရမည်ဟု ဒေါက်တာခင်မြတ်နွယ် က ဆိုသည်။
”ကျွန်မတို့ မွေးကု(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန) က အဓိကလက်ကိုင်ထားတာက တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုး ရေးဥပဒေပေါ့နော်။ တိရစ္ဆာန်တွေ ပြောင်းတာ၊ ရွှေ့တာ၊ တိရစ္ဆာန် တွေ မှတ်ပုံတင်တာတွေ၊ ကျန်းမာရေးစစ်ဆေးတာကအစ အဲဒီ ဥပဒေနဲ့လုပ်နေရတာပေ့ါ။ ကျွန်မတို့ အခုရှိနေတဲ့ ဥပဒေတွေကို ပြင်နေတယ်။ ဥပဒေအသစ်ထွက်လာတဲ့အခါ ဒီဟာတွေ အဆင်ပြေသွားနိုင်မယ်လို့ထင်တယ်ရှင့်။ ဒီလုပ်ငန်းကိုလည်း ပစ်ထား တာတော့ မဟုတ်ပါဘူး”ဟု သူက ဆိုသည်။
မွေးမြူရန် အသင့်
အသားစားမွေးမြူရေးတွင် အဟန့်အတားများဖြစ်နေ သည့် ဥပဒေများကို အစိုးရတာဝန်ရှိသူများအနေနှင့် ပြင်ဆင်ပေး နိုင်လျှင် မွေးမြူသူများဘက်မှ အဆင်သင့်ဖြစ်နေသည်ဟု မွေးမြူ သူများက ဆိုပါသည်။
”နိုင်ငံတော်ကနေပြီး မားမားမတ်မတ်ရပ်ပြီးတော့ အား ပေးတယ်၊ ကျွန်တော်တို့ပြောနေတဲ့ ဈေးကွက်တို့၊ နည်းပညာတို့၊ လွတ်လပ်စွာသယ်ယူရောင်းချခွင့်တို့ လုပ်ပေးမယ်ဆိုရင် ဒီနေ့ ခွင့်ပြုရင် မနက်ဖြန် ကျွန်တော်တို့မွေးမယ်။ ကျွန်တော်တို့ဘက် မှာReady(အဆင်သင့်) ပဲ”ဟု နေပြည်တော်မှ နွား၊ ဆိတ် မွေး မြူနေသူ ဦးသိန်းဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူရေးအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်သူက ”ဈေးကွက်တွေ ရှိလာမယ်ဆိုရင် တောင်သူ တွေ အသားစားနွား၊ ခိုင်းနွား၊ နို့စားတွေ ဈေးကောင်းရတာကို သူတို့မွေးမှာပဲ။ မမွေးပါနဲ့ဆိုရင်တောင် သူတို့ အကျိုးအမြတ်ရှိနေ တဲ့အတွက် မွေးကြမှာပဲ”ဟု ဆိုသည်။
အစိုးရမှ ခေတ်နှင့်မညီတော့သည့် ဥပဒေအဟန့်အတား များကို ဖြေလျော့ပေးလိုက်သည်နှင့် သူစမ်းသပ်ထုတ်လုပ်ထား သည့် အသားစားနွားမျိုးစိတ်များကို နိုင်ငံအနှံ့ အသားစားနွား မွေးမြူ ချင်သူများထံသို့ ဖြန့်ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။
သို့သော်လည်း အစိုးရမှ အသားစားနွားမွေးမြူရေးတွင် ပြင်ဆင်သင့်သည့် အတားအဆီးအဟန့်အတားများကို မပြင်ပေး လျှင် ”အသားစားနွားမွေးမြူရေးဆိုတာ အပြောပဲရှိမယ်။ ခိုင်း နွားတွေကိုပဲ ခိုးသတ်၊ ခိုးထုတ်ပြီး နောက်ဆုံးကျတော့ ပြည်တွင်း က ကျွဲ၊ နွားကောင်ရေ ကျဆင်းသွားတာပဲ အဖတ်တင်မယ်”ဟု သူက ဆိုသည်။ ။ အပိုင်း(၁)သို့

