မတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၁)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သန်းထိုက် ရေးသည်။
အဖြေရပြီ
ပညာရှင်များ ထောက်ပြသည်က အထက်ပါအချက်တို့ ကြောင့် ပုဂံသည် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာ ရင်းထဲတွင် မဝင်ရခြင်းဖြစ်သည်ဟုဆိုသည်။
သို့သော်ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးနှင့် တွေ့ဆုံမေးမြန်း ခွင့်ရသည့်အခါမှာ ”ယူနက်စကိုက ကန့်ကွက်တာတို့၊ ပယ်ချတာ တို့ အဲဒီလိုမဟုတ်ပါဘူး။ မပယ်ချဘူး”ဟု ဆိုသည်။
”ပုဂံဆိုတာအရေးကြီးတဲ့ဒေသ၊ ကမ္ဘာ့အမွေအနှစ်စာရင်း မှာ ပါသင့်တဲ့ဒေသဆိုတာကို ယူနက်စကိုက တစ်ချိန်လုံး သတိရှိ နေပါတယ်၊ အသိအမှတ်ပြုနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
၁၉၉၅ ခုနှစ်တွင် ပုဂံကို ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းသို့ မြန်မာအစိုးရက တင်ခဲ့ဖူးသည်။
ရှေးဟောင်းအမွေအနှစ်တစ်ခုအနေဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းသို့ တင်သွင်းလိုပါက ကနဦးစာရင်း(Tentative List) အဖြစ်ဦးစွာ တင်သွင်းရမည်ဖြစ်သည်။ တင်သွင်းပြီးပါက အဆိုပါ ဒေသအတွက် လိုအပ်သည့် စီမံခန့်ခွဲမှုအစီအစဉ် (Management Plan) နှင့် အခြားလိုအပ်သည့် ဇုန်ခွဲခြင်းနှင့် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်းစသည့် လိုအပ်ချက်များကို ယူနက်စကိုမှ တောင်းခံလေ့ရှိသည်။
”ပုဂံကို ကနဦးစာရင်းတင်ပြီးတဲ့နောက်မှာ ယူနက်စကိုက ဒီအချက်တွေကို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံဘက်က ဖြေကြား မယ့်သူ မရှိဘူး”ဟု ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။
ရှေးဟောင်း ပုဂံဒေသ ယူနက်စကို စာရင်းမဝင်ခဲ့သည့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးသည်။ ယင်း မှာ ယခုအခါအငြိမ်းစားယူသွားသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြောင့်ဟု ဦးအောင်ကြိုင်က ဆိုသည်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ်တွင် ဗိုလ်ချုပ်မှူးကြီးကို ”မဝင်ချင်နဲ့လုပ်ထုံးလုပ် နည်းတွေများတယ်”ဟု ပြောခဲ့သည်ကို နားစွဲသွားပြီး မဝင်ရန် ပြောသောကြောင့် ဗိုလ်ချုပ်မှူးကြီးက ဆက်လက်မလုပ်ဆောင် ရန် òန်ကြားခဲ့ကြောင်း ဦးအောင်ကြိုင်က ပြန်ပြောပြသည်။
၂ဝဝ၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီမြို့တွင် ပြုလုပ်ခဲ့သည့် ယူနက်စကိုအစည်းအဝေးကို ဦးအောင်ကြိုင် ကိုယ်တိုင် သွားရောက်ခဲ့သော်လည်း ထိုအချိန်တွင် ယဉ်ကျေးမှု ဝန်ကြီးဖြစ်သည့် ဗိုလ်ချုပ်ကြည်အောင်က ”ရောက်ဖူးအောင် တော့သွား။ ဒါပေမဲ့ လက်မခံခဲ့နဲ့”ဟု ပြောလွှတ်ခဲ့သဖြင့် လက်မခံ ခဲ့ကြောင်း ဦးအောင်ကြိုင်က ပြန်ပြောပြသည်။
ယခုအချိန်တွင်တော့ ပုဂံရှေးဟောင်းအမွေအနှစ်များကို ယူနက်စကိုက ပယ်ချခြင်းမဟုတ်ဘဲ လူတစ်ဦး၏ဆုံးဖြတ်ချက် ကြောင့်ဖြစ်ကြောင်း ကျွန်တော်သိလိုက်ရပြီ။ ထိုအဖြေကိုရပြီး သော်လည်း ကျွန်တော်သည် နောက်ဆက်တွဲမေးခွန်းများကို ဆက်ထုတ်နေမိသည်။
ယူနက်စကိုဝင်လျှင် မည်ကဲ့သို့ အကျိုးကျေးဇူးများရရှိနိုင် သနည်း။ မဝင်ပါက မည်သည့်အရာများဖြစ်လာနိုင်သနည်း။
ဝင်တော့ဘာရမလဲ
ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်ရောက်ပါက ယူနက်စကို ထံမှ ငွေအလုံး အရင်း ရရှိလာမည်မဟုတ်သော်လည်း ယင်းဒေသ သည် လူသိများလာမည်ဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ အလှူငွေများ ဝင်ရောက်လာမည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ ပို၍ ဝင် ရောက်လာမည်ဖြစ်သည်။
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းသို့ ဝင်ခဲ့သည့် ပျူသုံး မြို့ဆိုလျှင် နိုင်ငံခြားသား ဝင်ရောက်မှုများပြားလာပြီဖြစ်ပြီး ထိန်းသိမ်းရေးအတွက် အလှူငွေများလည်း ရရှိလာပြီဟု ပြည်သူ့ လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ ဖြိုးတိုးတက်မှုကော်မတီ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးအောင်ကြိုင်ကပြောသည်။
ကမ္ဘာလှည့်ခရီးသည်တွေတင်မကဘဲ ”ှခ့သူမေ တွေ ပါ လာမယ်၊ ပညာရှင်တွေ၊ သုတေသီတွေလာမယ်၊ ဒီဒေသရဲ့ အကြောင်းကို ပိုပြီးတော့ ဖော်ထုတ်နိုင်မယ်”ဟု ဒေါ်ဥမ္မာမျိုးက မှတ်ချက်ပြုသည်။
ထို့ပြင် ထုံးသုတ်ထားသော နံရံဆေးပန်းချီများကို ပြန် လည်ဖော်ထုတ်ပေးခြင်း၊ ကွာတော့မည့် နံရံဆေးပန်းချီများကို မကွာအောင် ဆေးများဖြင့်အုပ်၍ ထိန်းသိမ်းပေးခြင်း၊ ပြုတ် တော့မည့် အင်္ဂတေပန်းများကို ဝက်အူအကြည်ဖြင့် စုပ်ပေးခြင်း နှင့် ရွဲ့စောင်းနေသည့် ရှေးဟောင်းအမွေအနှစ်များကို ပြန်လည် တည့်မတ်ပေးခြင်း စသည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင် မည်ဖြစ်ကြောင်း ဦးအောင်ကြိုင်က ပြောပြသည်။
ဓမ္မရံကြီးကဲ့သို့ ကြီးကြီးမားမားယိုယွင်းမှုမရှိသေးသည့် ဘုရားပုထိုးများတွင်လည်း လုပ်ဆောင်စရာများရှိနေသည်။ (ဓမ္မရံကြီးဘုရားကို ဖခင်ဖြစ်သော အလောင်းစည်သူမင်းကို သတ်ခဲ့သည့် နရသူမင်းတည်ခဲ့ခြင်းဖြစ်သည်။)
‘ထုမှာဓမ္မရံ’ဟုပင် သမုတ်ခြင်းခံရသည့် ယင်းဘုရား၏ထုထည်သည် ကြီးမားခန့်ထည်လှသည်။ သဲကျောက်များဖြင့် ထောင့်ချုပ်ကာ တည်ဆောက်ထားသော ယင်းစေတီကြီးသည်ကြေး နီရောင် ပုဂံမြေပေါ်တွင် ငွားငွားစွင့်စွင့်ကြီး ပေါ်ထွက်နေသည်။
နှစ်ထပ်လိုဏ်ဖြင့် တည်ဆောက်ထားသော စေတီအတွင်း သို့ဝင်ရောက်ချိန်တွင်တော့ ညှီစို့စို့ အောက်သိုးသိုး လင်းနို့ချေးနံ့ များဖြင့်လှောင်ပိတ်နေသည်။ လျှောက်လမ်းတစ်လျှောက် အချို့ နေရာများက မှောင်နှင့် မည်းမည်း။ အချို့နေရာများတွင်တော့ ပြတင်းပေါက်များမှ ခုန်ဝင်လာသော အလင်းတန်းတို့ကြောင့် လင်းတစ်ဝက် မှောင်တစ်ဝက်ဖြစ်နေသည်။
တောက်ခေါက်သံလိုလို၊ စုပ်သပ်သံလိုလို လင်းနို့အော်သံ များက လိုဏ်များအတွင်း ဟိုမှသည်မှထွက်ပေါ်နေသည်။ ဤ ဘုရားကြီးတည်ဆောက်ခဲ့စဉ်က နရသူသည် အုတ်ကြားအပ်ဝင် ပါက ပန်းရံဆရာများ သတ်ဖြတ်ခဲ့သည်ဟုဆိုကြသည်။ ယခု အော်ဟစ်နေသော လင်းနို့များသည် အသတ်ခံခဲ့ရသော ပန်းရံ ဆရာများ ဝင်စားသလား ထင်မှတ်မှားစရာပင်။
လင်းနို့ချေးများဖြင့် ညစ်ပေနေသော ဘူမိဖဿရုပ်ပွား တော်ကြီးကတော့ အားလုံးကိုခွင့်လွှတ်ထားသည့်ဟန်ရှိသည်။
ယူနက်စကိုသို့ဝင်ခွင့်ရပါက ယင်းဓမ္မရံကြီးအတွင်းမှ လင်း နို့ချေးများကိုလည်း နိုင်ငံတကာအတတ်ပညာရှင်များနှင့် မည်သို့ လုပ်ဆောင်ရမည်ကို တိုင်ပင်နိုင်မည်ဖြစ်ကြောင်း ဦးအောင်ကြိုင် ကပြောသည်။ ထို့ပြင် အပင်သတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ စေတီပုထိုးများသို့ အလွယ်တကူတက်ရောက်နိုင်သည့် ငြမ်းများ၊ ဘုရားစေတီများနှင့် စဉ့်ကွင်းများရှိ ထုံးများကိုခွာရန်အတွက် အပြင်တွင် ဝယ်ယူရန်မလွယ်ကူသည့် ဓာတုဆေးဝါးများ ရရှိလာ လိမ့်မည် ဖြစ်ကြောင်းလည်း ဦးအောင်ကြိုင်ကဆိုသည်။
ယခုအချိန်တွင် ယူနက်စကိုအနေဖြင့် ရှေးဟောင်းအမွေအ နှစ် ထိန်းသိမ်းရေးလုပ်ငန်းအချို့ကို ပုဂံဒေသတွင် လုပ်ဆောင်နေ သော်လည်း ကမ္ဘာအမွေအနှစ်စာရင်းဝင်မှသာ ယင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ပုဂံတွင် ဖတ်၍မရသေးသည့်ကျောက်စာများနှင့် မတူး ဖော်ရသေးသည့် ကုန်းပေါင်း ၈ဝဝ ကျော်ကျန်ရှိနေသေးသဖြင့် ယူနက်စကိုသို့ ဝင်ရောက်ပါက ယင်းတို့ကို ရှာဖွေဖော်ထုတ်ရာ တွင်လည်း အထောက်အကူ များ စွာပြုမည် ဖြစ်သည်။
ရုပ်ဝတ္ထုများ စောင့်ရှောက်မှုရှိသလို ယူနက်စကိုက ဒြပ်မဲ့ယဉ်ကျေးမူစောင့်ရှောက်မှုများလည်းရှိသေးသည်။ ဒြပ်မဲ့ယဉ် ကျေးမှုစောင့်ရှောက်မှု ဆိုသည်မှာ ဘုရားပွဲများ၊ အတီးအမှုတ် များ၊ ဆွမ်းတော်တင်ပွဲများ၊ ဆွမ်းကြီးလောင်းပွဲများ၊ ရှင်ပြုနားသ ရဟန်းခံ၊ နတ်ပွဲ၊ ခြင်းလုံးခတ်ခြင်း၊ ရိုးရာမုန့်ပဲသရေစာများ၊ သနပ်ခါးလိမ်းခြင်းနှင့် လျှာပွတ်ဆေး(လျှာပေါ်တွင် ပွတ်ပေးရ သည့် အဆိပ်ဖြေဆေးတစ်မျိုး) သုံးစွဲခြင်း စသည်တို့ဖြစ်သည်။ ယင်းတို့ကို စောင့်ရှောက်ခြင်းမျိုးများပြုလုပ်ရန် ယူနက်စကို အနေဖြင့် သုတေသနလုပ်နေပြီဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။
စိုးရိမ်မှုများ
ယူနက်စကိုသို့ဝင်ရောက်ပါက ဖြစ်ပေါ်လာမည့် အကျိုး ဆက်များနှင့် ပတ်သက်ပြီးတော့လည်း ဒေသခံအချို့ စိုးရိမ်ပူပန် နေကြသည်။ ယင်းသို့စိုးရိမ်နေကြသည်မှာလည်း အကြောင်းမဲ့ တော့ မဟုတ်။
၁၉၉ဝ၊ ဇွန်၄ ရက်ကို ဦးခင်မောင်အေးတစ်ယောက် သေသည့်တိုင်အောင် မှတ်မိနေဦးမည်ဟုဆိုသည်။
ထိုနေ့က ပုဂံမြို့ဟောင်းအတွင်းရှိ မဟာဗောဓိဘုရားအနီး တွင် နေထိုင်သောသူတို့ကို သဲနှင့် ကျောက်များ တင်းကြမ်းပြည့် နေ၍ ရေမရှိ၊ လျှပ်စစ်မီးလည်းမရှိသည့် ချုံနွယ်ပိတ်ပေါင်းပြည့် နှက်နေသော လက်ရှိပုဂံမြို့သစ်သို့ စစ်တပ်အမိန့်ဖြင့် အတင်း အကြပ်ပြောင်းရွှေ့စေခဲ့သည်ဟု ဦးခင်မောင်အေးက ပြောသည်။
”ကျွန်တော်တို့က သေနတ်ကြောက်တော့ပြေးရတယ်”ဟု နာဇီဇာတ်ကားများတွင်သာ တွေ့ခဲ့ဖူးသော မြင်ကွင်းကို အပြင်လောကတွင် လက်တွေ့ကြုံလိုက်ရသည်ဟု ပြောပြသည်။
”ကျွန်တော်တို့ဆိုတာ လူရုပ်မပေါ်တော့ဘူး။ ကမူတွေနဲ့၊ ရေတွေနဲ့၊ အဲဒီကြားထဲမှာ နေရတာ”
မြို့သစ်သို့ပြောင်းရွှေ့သည့်နှစ်တွင် မိုးများသဖြင့် လူအသေ အပျောက်များပင် ရှိခဲ့ကြောင်း ဦးအောင်ကြိုင်ကလည်း ပြောပြ သည်။ ယူနက်စကိုသို့ ဝင်ခွင့်ရခဲ့ပါက ယင်းသို့ သမိုင်းဘီးတစ် ကျော့ ပြန်လည်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
”ကမ္ဘာ့အမွေအနှစ် မရရင်နေပါစေ။ အိမ်တွေတော့ မရွှေ့ ပါရစေနဲ့လို့ အစည်းအဝေးမှာ ထထပြောကြတယ်”ဟု ဦးအောင် ကြိုင်က ပြောပြသည်။
ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးကတော့ ”အဲဒါလည်း နားလည် မှုလွဲနေတာပါ။ လုံးဝမဟုတ်ပါဘူး။ ယူနက်စကိုဆိုတာလည်း ကုလသမဂ္ဂ အေဂျင်စီဖြစ်တဲ့အတွက် လူသားချင်းစာနာတဲ့ အထောက်အထားနဲ့ အမြဲတမ်းကြည့်ပါတယ်”ဟု ရှင်းပြသည်။
ထို့ပြင် မည်သည့်ကိစ္စမဆို ယူနက်စကိုအနေနှင့် အမိန့်ပေး ခိုင်းပိုင်ခွင့်မရှိဟု ဒေါ်ဥမ္မာမျိုးကဆိုသည်။
”ယူနက်စကိုကလည်း အဲဒီလိုမျိုး Authority (လုပ်ပိုင် ခွင့်အာဏာ) မရှိပါဘူး။ သက်ဆိုင်ရာအစိုးရကို အကြံပေးတာပဲ ရှိပါတယ်”ဟု သူက ဆက်၍ပြောသည်။
စင်စစ်တွင် ယင်းကဲ့သို့ စိုးရိမ်ပူပန်စရာအကြောင်းမရှိဟုလည်း ဦးအောင်ကြိုင်ကဆိုသည်။ သို့သော် ယဉ်ကျေးမှုအမွေ အနှစ်ဒေသကာကွယ်ထိန်းသိမ်းရေးဥပဒေအရမူ ဘုရားအနီး တွင် ကပ်နေသည့်အိမ်များ၊ ဟိုတယ်များနှင့် ကျူးကျော်ထား သည့် အဆောက်အအုံများကိုတော့ ဖျက်ပေးရမည်ဟုဆိုသည်။ ဖျက်ပေးရမည့် လူနေအိမ်များကိုလည်း နေရာပြန်လည်ချထား ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်ကြိုင်က ဆက်လက်ရှင်းပြ သည်။
ဘုရားပေါ်တွင် ဈေးရောင်းချခြင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုသော ကိုတင်လင်းအောင်က ယူနက်စကို စာရင်း ဝင်ပါက ဘုရားပေါ်တွင် ဈေးရောင်းချခြင်း မပြုတော့မည်ကို စိုး ရိမ်နေသည်။
ယူနက်စကိုမှ ဒေါ်ဥမ္မာမျိုးကတော့ ၎င်းတို့သည် ဈေးသည် များကို ဆိုင်ခန်းများနှင့် စနစ်တကျ လုပ်ကိုင်ကြရန် အစိုးရကို အကြံပေးခြင်းသာ ပြုလုပ်သွားမည်ဖြစ်ကြောင်းဆိုသည်။
သို့သော်လည်း ယင်းသို့ဆိုင်ခန်းနှင့် ရောင်းချရန်အတွက် ကိုတင်လင်းအောင်တို့လို ဈေးသည်များအတွက် အခက်အခဲက ရှိနေပြန်သည်။
လက်ရှိအချိန်တွင် ဆိုင်ခန်းများချထားပေးသော်လည်း ဘုရားပေါ်တွင် လိုက်၍ ဈေးရောင်းချသကဲ့သို့ အရောင်းအဝယ် မကောင်းသည့်အပြင် ဆိုင်ခန်းဖွင့်နိုင်လောက်အောင်လည်း ဈေး သည်များတွင် အရင်းအနှီးမရှိကြပေ။
ဓမ္မရံကြီးရင်ပြင်တော်ပေါ်တွင် ဘေးလွယ်အိတ်တစ်လုံးဖြင့် ရှေးဟောင်းပစ္စည်းပုံစံပြုလုပ်ထားသော ကြေးရုပ်တုလေးများ ရောင်းချသော ဦးသန်းဆွေဆိုလျှင်လည်း သူ့အတွက်တော့ ယူ နက်စကိုဝင်ခြင်း၊ မဝင်ခြင်းထက် လွတ်လပ်စွာ ဈေးရောင်းခွင့်ရရှိ ရန်သာ စိတ်ဝင်စားသည်ဟုဆိုသည်။ အကြောင်းမှာ ထိုသို့ ဝင် ရန်၊ မဝင်ရန်ကို ပြည်သူများက ဆုံးဖြတ်ခွင့်မရဘဲ အစိုးရသည်သာ ဆုံးဖြတ်နိုင်ခွင့်ရှိသောကြောင့်ဟုဆိုသည်။
”ရှေးမင်းတွေလည်း ဒီလိုပဲ လုပ်လာတယ်။ သူက မင်းကိုး။ သူလုပ်ချင်ရာလုပ်မှာပေါ့”ဟု သူက ဆိုသည်။
ရွှေဂူကြီးဘုရားတစ်ဆူတည်းတွင်ပင် ဤသို့ဈေးရောင်းချ သည့်သူ ၄၂ ဦးရှိနေပြီး အခြားဘုရားများတွင်လည်း အများ အပြားရှိနေကြသည်။ ဦးခင်မောင်အေးကတော့ ဘုရားဈေးဆို သည်မှာ မြန်မာ့ရိုးရာဖြစ်ပြီး ဘုရားရှိလျှင် ဘုရားစောင်းတန်းနှင့် အတူ ဘုရားဈေးလည်း ရှိရမည်ဖြစ်ကြောင်း ပြောပြသည်။
ဒေသခံများ၏ အကျိုးပြုမှု
ဘုရားပုထိုးများအနီးတွင် ဒေသခံများနှင့် ဈေးရောင်းချသူ များရှိနေခြင်းသည် ပုဂံဒေသကို တစ်နည်းတစ်ဖုံ အကျိုးပြုမှု များလည်း ရှိသည်။
ပုဂံရှိ စေတီပုထိုးများသည် ယာခင်းများနှင့် ရွာများအနီး အကြားတွင်ရှိနေကြသည်။ ယင်းဘုရားအတွင်းသို့ မသမာသူများ ဝင်ရောက်ပါကလည်း ဒေသခံများက တားဆီးနိုင်သကဲ့သို့ ဘုရားရှိ အင်္ဂတေကွာကျမှုများ၊ ပျက်စီးမှုများကိုလည်း ရှေးဟောင်းသု တေသနရုံးသို့ သွားရောက် အကြောင်းကြားပေးနိုင်သေးသည်။
အင်္ဂလိပ်အစိုးရခေတ်တွင်လည်း နံရံဆေးပန်းချီများ ခိုးယူ မှုကို နွားကျောင်းနေသည့် ဒေသခံတစ်ဦးကြောင့် တချို့တစ်ဝက် ကို ကာကွယ်နိုင်ခဲ့သည်။ ဂူပြောက်ကြီး(ဝက်ကြီးအင်း)အတွင်း ဒေါက်တာထိုမန် ဦးဆောင်၍ နံရံဆေးပန်းချီများကို လွှနှင့် တိုက် ၍ ခိုးယူမှုကို နွားကျောင်းနေသော ဒေသခံတစ်ဦးက အင်္ဂလိပ် အစိုးရကို သတင်းပေးရာမှ ၎င်းတို့အား အရေးယူသည့် ဖြစ်ရပ် မျိုး ရှိခဲ့ဖူးသည်။
နောက်တစ်ချက်ကတော့ ဒေသခံများသည်လည်း ဗုဒ္ဓဘာ သာများ ဖြစ်ကြသည့်အတွက် ”ဘုရားပစ္စည်းကိုတော့ မခိုးဘူး။ မဖွယ်မရာမလုပ်ဘူး”ဆိုသည့်အသိကြောင့် ယင်းစေတီပုထိုးများ ကို ထိန်းသိမ်းရာရောက်နေသည်ဟု ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။
ဓမ္မရံကြီးမှ ဦးသန်းဆွေသာမက ရွှေဂူကြီးမှ ကိုတင်လင်း အောင်တို့ကလည်း သူတို့သည် ဘုရားပတ်လည်တွင် သန့်ရှင်ရေး များ အမြဲပြုလုပ်နေကြပြီး ရံဖန်ရံခါတွင်တော့ သူတို့ဈေးသည် များပင် ပိုက်ဆံစုပြီး ပေါင်းပင်များသန့်ရှင်းခြင်းနှင့် ဘုရားတွင် ပေါက်နေသော ညောင်ပင်များ နုတ်ခြင်းတို့ကိုပြုလုပ်ကြသည်ဟု ဆိုသည်။
နံရံများပေါ်တွင်ရေးခြစ်ခြင်း၊ ရှေးဟောင်းအမွေအနှစ်များ ကို ဖျက်ဆီးခြင်း၊ ဘုရားသို့ ဖိနပ်စီး၍တက်ခြင်း စသည်တို့ကို လည်း သူတို့က တားမြစ်ကြသည်။
ရှေးဟောင်းသုတေသနမှ ခန့်အပ်တာဝန်ပေးထားသော ဝန်ထမ်းများနည်းသောကြောင့် ၎င်းတို့သည် ဘုရားသန့်ရှင်းရေး သာမက ဘုရားအဖွင့် အပိတ်လည်း တစ်ယောက်တစ်လှည့်စီ တာဝန်ယူကြရသေးသည်။
ပုဂံဒေသတွင် (ယဉ်ကျေးမှုဝန်ကြီးဌာနက ခန့်အပ်ထား သည့်)အစောင့် ၂ဝ ဦးခန့်သာရှိပြီး ယင်းတို့သည်တစ်ဦးလျှင် ဘုရားငါးဆူ၊ ခြောက်ဆူမျှ ပူးတွဲတာဝန်ယူထားရသည်ဟု ဦးအောင်ကြိုင်ကဆိုသည်။ ပုဂံဒေသတွင်ရှိသည့် ရှေးဟောင်း အမွေအနှစ် သုံးထောင်ကျော်နှင့်စာလျှင် ထိုအစောင့်(ဝန်ထမ်း)အရေအတွက်သည် ဆင့်ပါးစပ်နှမ်းပက်သလို မလောက်မင ဖြစ်နေတော့သည်။
ယင်းသို့ပုဂံဒေသမှလူများသည် ရှေးဟောင်းအမွေအနှစ် များကို ထိန်းသိမ်းနေကြသည့်အပြင် ယာစိုက်ခင်းများနှင့် မြင်း လှည်းများ၊ နွားလှည်းများ ရှိနေခြင်းသည်လည်း ပုဂံဒေသတွင် အညာကျေးလက်ရနံ့တို့ဖြင့် သင်းထုံနေစေသည်။
”ပုဂံကိုသွားကြည့်လိုက်လို့ အပေါ်ကနေကြည့်ရင် စူဠာ မဏိတို့၊ ဘာတို့ကနေကြည့်ရင် ယာခင်းတွေလည်း တွေ့မယ်။ ဘုရားတွေလည်းတွေ့မယ်။ ဒါသည် တကယ့် Cultural Land (ယဉ်ကျေးမှုရှုခင်း)ပဲ”ဟု ဒေါ်ဥမ္မာမျိုးက ပြောပြသည်။
အညာကျေးလက်နောက်ခံတွင် ရှုမြင်ရသော အထက်ပါ မြင်ကွင်းများ မကြာမီပျောက်ကွယ်သွားနိုင်သည့် အန္တရာယ် လည်း ရှိနေသေးသည်။ ပုဂံတွင် ယခုနှစ်ပိုင်းအတွင်း မိုးခေါင်နေ သည်။ မိုးခေါင်နေသဖြင့် လယ်ယာကိုင်းကျွန်းများမကောင်းလျှင် ပုဂံဘုရားပုထိုးများကြားတွင်ရှိသော ယင်းနေရာများသည် စီး ပွားရေးလုပ်ငန်းရှင်များ သည်းခြေကြိုက်နေရာများဖြစ်လာပြီး ဟိုတယ်များ ဆောက်လာနိုင်သည်။
အကယ်၍ ဟိုတယ်များတည်ဆောက်လာပါက ကျေး လက်မြင်ကွင်းများ ပျောက်ကွယ်လာမည်ဖြစ်သလို စေတီပုထိုး များအတွက်လည်း အန္တရာယ်အမျိုးမျိုး ရှိလာနိုင်မည်ဖြစ်သည်။ ဟိုတယ်များမှထွက်ရှိသော မိလ္လာနှင့် ရေဆိုးတို့ကြောင့်လည်း ရှေးဟောင်းအမွေအနှစ်များ၏ ကြံ့ခိုင်မှုကို ထိခိုက်နိုင်ကြောင်း လည်း သူက ဆက်ပြောသည်။
၎င်းတို့အနေနှင့်ကတော့ ယင်းဟိုတယ်များ ဖျက်သိမ်းရန် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ယဉ်ကျေးမူအမွေအနှစ်ကို ထိခိုက်သက် ရောက်နိုင်မှု (Heritage Impact Assessment) သာ တွက်ချက် ၍ အစိုးရကိုအကြံပေးခြင်းပြုလုပ်သွားမည်ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
”ဥပဒေကိုလိုက်နာဖို့ထက် ကိုယ့်အမျိုးသား အမွေအနှစ် ကို ထိန်းသိမ်းဖို့လူတိုင်းမှာ အသိစိတ်ဓာတ်ရှိသင့်တာပေါ့”ဟု သူက ပြောသည်။
ဘယ်လို တင်သွင်းမလဲ
ယခုအခါ ယူနက်စကိုသို့ ရှေးဟောင်းအမွေအနှစ်စာရင်း အဖြစ် တင်ပါက နာမည်ကြီးဘုရားတစ်ဆူချင်းစီအနေဖြင့် တင် မည်မဟုတ်ဘဲ ပုဂံဒေသကြီးတစ်ခုလုံးကို ယဉ်ကျေးမှုနယ်မြေ အဖြစ် တင်ရန်ကြိုးစားနေကြောင်း ဒေါ်ဥမ္မာမျိုးက ဆိုသည်။
ဦးအောင်ကြိုင်ကလည်း ဘုရားများ လက်ညှိုးထိုးမလွဲ သည့် ပုဂံဒေသသည် အမြင့်တစ်နေရာက ကြည့်လိုက်လျှင် အံ့ အားသင့်သွားစေသည့် အတွက် ဧရိယာတစ်ခုလုံးကိုသာ ယူနက် စကိုစာရင်းဝင်ရန် တင်ပြသွားမည်ဟုပြောသည်။
ယူနက်စကိုအနေဖြင့် ယခုအချိန်တွင် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ စီမံခန့်ခွဲမှုအစီအစဉ် ဆွဲရန်ကြိုးစားနေပြီ ဖြစ် သည်။ ယင်းသို့ဆွဲရန် ပထမဆုံးအဆင့်အနေဖြင့် ဝန်ကြီးဌာန အသီးသီးက သုံးစွဲလျက်ရှိသည့် မတူကွဲပြားနေသည့် မြေပုံများ ကို တစ်ခုတည်းဖြစ်ရန်အတွက် ကောင်းကင်ဓာတ်ပုံများနှင့် မြေပြင်ဓာတ်ပုံများ ညှိနှိုင်းတိုင်းထွာမှုများ ပြုလုပ်နေပြီဖြစ်ပြီး ယခုအချိန်တွင်တော့ ၈ဝ ရာခိုင်နှုန်းခန့် ပြီး ဆုံးနေပြီဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။
ယင်းမြေပုံဆွဲခြင်းသည် ရှေးဟောင်းဇုန်များသတ်မှတ်ရန် အရေးကြီးပြီး ယင်းသို့သတ်မှတ်နိုင်မှသာလျှင် မည်သည့် အဆောက်အအုံများသည် ရှေးဟောင်းဇုန်မှကင်းလွတ်သည်ကို သိနိုင်မည်ဖြစ်သည်ဟုဆိုသည်။
ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ဝင်ခွင့်ရလျှင် တောင် ယင်းတို့၏စံနှုန်းများနှင့် မကိုက်ညီပါက ပြန်လည်ဖျက် သိမ်းခံရမည့် အခြေအနေများလည်း ရှိနေသေးသည်။ ”ယဉ် ကျေးမှုအမွေအနှစ်ရဲ့ သရုပ်သကန်အနှစ်သာရပျက်သွားပြီဆိုရင် ပျက်ပြယ်တယ်”ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
ဂျာမနီနိုင်ငံဆိုလျှင် ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့် သွင်းထားသောဒေသ၌ ခေတ်မီတံတားကြီး ထိုးလိုက်သည့် အတွက် ယင်းဒေသကို အမွေအနှစ်စာရင်းမှ ပြန်လည်ထုတ်ပယ် ခဲ့ခြင်းမျိုး ရှိခဲ့ဖူးသည်။
ပယ်ဖျက်ခြင်းဆိုသည်မှာလည်း ချက်ချင်းပယ်ဖျက်ခြင်း မျိုးမဟုတ်ဘဲ အကြိမ်ကြိမ်ညှိနှိုင်း၍ အဆင်မပြေသည့်အခါတွင်မှ ဖျက်သိမ်းခြင်းဖြစ်ကြောင်း ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။ ညှိနှိုင်း သည်ဆိုရာ၌ ဆောက်ပြီးသားကို ပြန်လည်ဖျက်ခိုင်းခြင်းမျိုးရှိ သကဲ့သို့ ယင်းအဆောက်အအုံကို ရှေးဟောင်းအမွေအနှစ်ဒေသ နှင့် လိုက်လျောညီထွေဖြစ်စေသည့်ပုံစံမျိုးအဖြစ် ပြန်လည်ပြင် ဆင်စေခြင်းမျိုးတို့ဖြစ်သည်။
Photo: Than Htike ပုဂံ၏ တစ်ပေါက်တည်းကျန်တော့ သည့် သရပါတံခါး
လှပမြဲ လှပဆဲ
ပုဂံသို့ လာရောက်ဘုရားဖူးကြသူများနှင့် အံ့သြဖွယ်ရှုခင်း များကို ဇိမ်ခံကြည့်ကြသူအများစုကတော့ က္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းထဲတွင် ပုဂံဒေသကို ထည့်သွင်းရေး၊ မသွင်း ရေးကို ဂရုစိုက်ပုံမရ။ ရောက်တုန်းရောက်ခိုက် ပုဂံရှုခင်းကို တဝ ကြီးရှုစားကြသည်။
နံနက်အရုဏ်ဦးကို ကြိုဆိုကြသူများရှိကြသလို ညနေ ဆည်းဆာကို အလွတ်မခံသည့်သူများကလည်း တက်ခွင့်ရသည့် ဘုရားပုထိုးများပေါ်တွင် အပြည့်အနှက်နေရာယူကြသည်။
တစ်နေကုန်ထွန်းလင်းခဲ့ရသဖြင့် အားကုန်လုနီးပါးဖြစ်နေ သော နေဝန်းနီနီသည် မှိန်ဖျော့သော အလင်းလက်တံတို့ကို ဖြန့် ထုတ်ကာ ဘုရားပုထိုးများ၏ အနောက်ဘက်မုခ်ဦးများကို ဦး ခိုက်လေပြီ။ ရွှေဝါရောင်နေခြည်အောက်တွင် လူးလွန့်နေသည့် မုခ်ဝမှ အပြောက်အမွှန်းတို့ကို ကြည့်ရသည်မှာ ရှေးခေတ်ပုဂံသား တို့ လုပ်အားစိုက်ထုတ်ခဲ့သည့် ခေတ်ကိုပင် ပြန်လည်မြင်ယောင် စေသည်။
ရှေးခေတ်ပုဂံပြည်တွင်လည်း ယခုလို နေရောင်ခြည် အောက်တွင် ကလန်၁၊ သံပျင်များ၂၊ ပန်းချီပန်းပုပညာရှင်များ၊ မင်းမှူးမတ်များနှင့် ကျိုင်းကိုင်များ၃၊ ကျွန်များနှင့် အရပ်လေး မျက်နှာမှ လာရောက်ကြသည့် ခရီးသွားများ၊ ရဟန်းသံဃာများ ဖြင့် စည်ကားနေခဲ့ပေလိမ့်မည်ဟု ကျွန်တော် မှန်းဆကြည့်မိသည်။
ထိုမြင်ကွင်းများအစား ယခုအချိန်တွင်တော့ ကမ္ဘာအရပ် ရပ်မှ ခရီးသွားများ၊ အလှဆင်ထားသည့်မြင်းလှည်း၊ နွားလှည်း များ၊ အနယ်နယ်အရပ်ရပ်မှ ဥဒဟို ဝင်ထွက်သွားလာနေသော ကားကြီး၊ ကားငယ်များဖြင့်သာ ပြည့်နှက်နေတော့သည်။
ဆောင်ရန်၊ ရှောင်ရန ်များလွန်းသောကြောင့် ယူနက်စကို စာရင်းမဝင်ချင်ပါနှင့်ဟု တိုက်တွန်းခဲ့သော ဟွန်ဆန်၏ ကမ္ဘော ဒီးယားနိုင်ငံမှ အန်ကောဝပ်ကတော့ ၂ဝ၁၄ တွင် ကမ္ဘာလှည့် ခရီးသည် ၂ ဒသမ ၃၅ သန်း ဝင်ရောက်ခဲ့သည်။
ယခင်ကထက်စာလျှင် ပုဂံဒေသသို့ နိုင်ငံခြားသားခရီး သည် ဝင်ရောက်မှု များပြားလာသည်ဆိုသော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးက ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂ဝ၁၄ ခုနှစ်အတွင်း ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု နှစ်သိန်းသုံးသောင်းကျော် (၂၃ဝ,၁၂၉) သာ ဝင်ရောက်မှု ရှိ သေးသဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သော ခရီးသွား အရေအတွက်၏ အစွန်းတွက်ပင် မပြည့်သေးပေ။
ယခုအချိန်တွင်တော့ ယူနက်စကိုကသာမက မြန်မာနိုင်ငံ ဘက်မှ တာဝန်ရှိသူများပါ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာ ရင်းသို့ ဝင်ခွင့်ရရန် ကြိုးပမ်းနေပြီဖြစ်သောကြောင့် မကြာမီနှစ် များအတွင်း ယင်းကိစ္စအကောင်အထည်ပေါ်လာဖွယ်ရှိနေသည်။
ထိုသို့ဖြစ်လာပါက ပုဂံဒေသသည် မြန်မာတစ်မျိုးသားလုံး နှင့်ဆိုင်သော မြန်မာ့အမွေအနှစ်သာမက ကမ္ဘာသူကမ္ဘာသားတို့ နှင့် ဆိုင်သော ကမ္ဘာ့အမွေအနှစ်လည်း ဖြစ်လာတော့မည်ဖြစ် သည်။ ။
(ကလန် = ရှေးခေတ်က ရွာကို အုပ်ချုပ်ရသော အကြီးအကဲ။
သံပျင် = ရွာအများကို အုပ်ချုပ်ရသူ။
ကျိုင်း = မင်း၊ မှူးမတ်တို့၏ အဆောင်အယောင်တစ်မျိုး။) အပိုင်း( ၁ )သို့

